မြန်မာစစ်အစိုးရက နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာက လက်ခံနိုင်မယ့် ပွင့်လင်း မြင်သာမှုတွေနဲ့ အားလုံးပါဝင်ပြီး လွတ်လပ်၊ တရားမျှတမှု ရှိဖို့လိုတဲ့အကြောင်း အမေရိကန်နဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) တို့က တောင်းဆိုလိုက်ကြပါတယ်။ သောကြာနေ့နှောင်းပိုင်း နယူးယောက်မြို့က အာဆီယံနဲ့ အမေရိကန် ဒုတိယအကြိမ် ထိပ်သီး အစည်းအဝေးပွဲအပြီး ထုတ်ပြန်လိုက်တဲ့ ပူးတွဲကြေညာချက်မှာ အခုလို ပြောဆိုလိုက်တာပါ။
စစ်အစိုးရနဲ့ အမေရိကန်က ထိတွေ့ဆက်ဆံမှုတွေအပေါ် အာဆီယံက ကြိုဆိုကြောင်းနဲ့ ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ထိပ်သီး အစည်းအဝေးပွဲတွေအတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။
အစောပိုင်းမှာတော့ မြန်မာနိုင်ငံက ဖိနှိပ်တဲ့ နိုင်ငံရေး အခြေအနေတွေအပေါ် အမေရိကန် အစိုးရက စိုးရိမ်မကင်း ဖြစ်နေရဆဲဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Mark Toner က ပြောဆိုခဲ့ပါသေးတယ်။ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန် အနေနဲ့ အာရှတိုက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ခိုင်ခိုင်မာမာ ပါဝင်ဆောင်ရွက်သွားမယ့် အကြောင်းလည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့တာပါ။
သမ္မတ တာဝန် ထမ်းဆောင်စဉ် ကာလတလျှောက် အမေရိကန် အနေနဲ့ အာရှမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်သွားမယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုထားတယ်လို့လည်း သမ္မတက အမေရိကန်-အာဆီယံ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးပွဲအတွင်း ပြောဆိုခဲ့တာပါ။