မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲတွေမှာ ထုတ်ပြန်ထားတဲ့ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းထဲမှာ နာမည် မပါဝင်သူတွေ အနေနဲ့ ဒီကနေ့ စက်တင်ဘာလ ၂၆ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကော်မရှင်ရုံးတွေကို အသိပေးရမှာ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့် ရှိလျက်နဲ့ နာမည်စာရင်း မပါသူတွေအနေနဲ့ ကိုယ့်ရဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု သန်းခေါင်စာရင်းတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေကို ယူသွားပြီး မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ထည့်သွင်းပေးဖို့ လျှောက်ထားလို့ရတယ်လို့ သက်ဆိုင်ရာက ပြောတဲ့အကြောင်း ပြည်တွင်းကလာတဲ့ သတင်းတွေအကြောင်း သိရပါတယ်။
နိုဝင်ဘာ ၇ ရက်နေ့ လုပ်မယ့် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့ စက်တင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန် အသိပေးခဲ့တာဖြစ်ပါတယ်။ ပထမထုတ်ပြန်တဲ့ စာရင်းထဲမှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရော၊ အဖော်အဖြစ် ခြံဝန်းထဲမှာ နေထိုင်ကြသူ ဒေါ်ခင်ခင်ဝင်းနဲ့ မဝင်းမမတို့ပါ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါခဲ့ပါဘူး။ ဒါပေမဲ့ ထပ်တိုး ထုတ်ပြန်တဲ့ မဲပေးခွင့်ရှိသူများ စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ယောက်လုံးရဲ့ နာမည်တွေကို ထည့်သွင်းထားပါတယ်။
ထုတ်ပြန်ထားတဲ့ ဥပဒေအရ အကျဉ်းကျနေသူတွေ မဲပေးပိုင်ခွင့် မရှိတဲ့အတွက် ခုလို နာမည်စာရင်းထဲမှာ ထည့်ထားတာဟာ သက်ဆိုင်သူတွေဖက်က ဘယ်လို ရည်ရွယ်ချက်ကြောင့်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အကျိုးဆောင် ရှေ့ နေ ဦးဉာဏ်ဝင်းက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။