သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ လက်မခံ


မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ လက်မခံ
မြန်မာ့ရွေးကောက်ပွဲ နိုင်ငံတကာ လက်မခံ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဖိနှိပ်အုပ်ချုပ်ခံထားရတဲ့ အခြေအနေအောက်မှာ ကျင်းပ မှာဖြစ်တဲ့အတွက် ကနေဒါနိုင်ငံအနေနဲ့ အထူးစိုးရိမ်မိတဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်န် (Lawrence Cannon) က ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲတွေကျင်းပဖို့ နှစ်ရက်အလို နိုဝင်ဘာလ ၅ ရက်နေ့မှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေမှာ ခုချိန်ထိဆိုရင် အားလုံးပါဝင်ခွင့်မရှိတာ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေအပေါ် မိမိတို့ရဲ့စိုးရိမ်ချက်ကို ကနေဒါ နိုင်ငံက အစဉ်တစိုက် ပြောဆိုလာခဲ့ကြောင်း၊ ဥပမာတွေထဲမှာဆိုရင် ဒီမိုကရေစီခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ခွင့်မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို ပြဌာန်းခဲ့တာ၊ နိုင်ငံရေးအကျဉ်းသား ၂,၁၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာသူတွေနဲ့ ပြည်ပသတင်းထောက်တွေကို ခွင့်မပြုတာတွေပါဝင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် လူမျိုးစုတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ဒေသအများအပြားမှာ မဲပေးခွင့်မရတာအတွက်လည်း မိမိတို့ စိတ်ပျက်ရတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ခြင်းနဲ့ ချွင်းချက်မရှိ ပြန်လွှတ်ပေးပြီး ဒီမိုကရေစီရေး အင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရွေးကောက်ပွဲတွေမကျင်းပခင်မှာ မြန်မာစစ်အစိုးရကို မိမိတို့ ထပ်ပြီး တောင်းဆိုပါတယ်လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်န်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တခါ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကျင်းပနေတာတွေကို လိုက်ပြီးကြည့်ဖို့ ရန်ကုန်မြို့အခြေစိုက် သံတမန်တွေကို ဖိတ်ခေါ် တာမှာ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ရွေးကောက်ပွဲကို စစ်စစ်မှန်မှန် စောင့်ကြည့် အကဲဖြတ်ခွင့်ရတာ မဟုတ်တဲ့အတွက် လက်မခံတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

သြစတြေးလျအခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေကလည်း ရွေးကောက်ပွဲတွေဟာ ယုံကြည်နိုင်လောက်စရာ မရှိသလို တရားဝင်မှုလည်းမရှိဘူးလို့ပြောပြီး ကန်ဘာရာမြို့က မြန်မာသံရုံးရှေ့မှာ သောကြာနေ့က ဆန္ဒပြကန့်ကွက်ပွဲတခု လုပ်ခဲ့ကြပါတယ်။

XS
SM
MD
LG