အခုနှစ်အတွင်း စစ်အစိုးရက ကျင်းပပေးဖို့ စီစဉ်နေတဲ့ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရေးအတွက် စစ်အစိုးရကို နေဒါနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေကိုယ်တိုင် နေပြည်တော်မှာ သွားတွေ့ပြီး အခုလို ပြောခဲ့တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက အဲဒီ အရာရှိတွေနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ကနေဒါနိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိနဲ့ သံရုံးအရာရှိတွေ ဒီကနေ့ မနက်ပိုင်းက NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ သွားရောက် တွေ့ဆုံခဲ့ကြတာပါ။ စစ်အစိုးရက အခုနှစ်အတွင်းကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် နေပြည်တော်မှာ စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံစဉ် သူတို့ဖက်က တိုက်တွန်း ပြောကြားခဲ့တဲ့အကြောင်း ကနေဒါအရာရှိတွေ ပြောတယ်လို့ ဒီကနေ့ ကနေဒါကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ကနေဒါ သံအမတ် ၂ ယောက်နဲ့ ကျနော်ရယ်၊ ဦးတင်ဦးရယ်၊ ဦးဝင်းတင်ရယ် တွေ့ပါတယ်။ ဘန်ကောက်အခြေစိုက် သံရုံးက first secretary ပါတယ်။ နောက် ကနေဒါ အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမျိုးသမီးတယောက်ပါတယ်။ သူတို့က အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲဖြစ်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ ဒီလိုကိစ္စတွေ အားလုံးအတွက်က အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ဆောင်ရွက်ဖို့ သူတို့ အကြံပြုပြောကြားခဲ့တယ်။”
ဒါ့အပြင် လက်ရှိ NLD က လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုလည်း ပြောဆို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ NLD ရဲ့ အခြေအနေတွေ၊ NLD လှုပ်ရှားမှုအခြေအနေတွေ ဒါတွေကို ဆွေးနွေးပြောကြတာပဲ။ ပြောတာတော့ အများကြီးပဲ။ အဓိကကတော့ ခုနက အချက်တွေပါ။”
စစ်အစိုးရဘက်က ဘယ်လောက် အဆင့်ရှိတဲ့အရာရှိတွေနဲ့တွေ့ခဲ့တယ်၊ ဘယ်သူနဲ့ တွေ့ခဲ့တယ်ဆိုတာကိုတော့ သူတို့ဖက်က အသိမပေးခဲ့ဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ NLD ပါတီက ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း နိုင်ငံတကာက သံတမန်တွေ မြန်မာနိုင်ငံကို အ၀င်အထွက်လုပ်တာ အတော်လေး စိပ်လာနေပါတယ်။ မနေ့ကပဲ အီးယူနိုင်ငံတွေက သံတမန်တွေ NLD ခေါင်းဆောင်တချို့ကို ဂျာမနီသံရုံးမှာ တွေ့ဆုံခဲ့ပါသေးတယ်။
ဒီကနေ့လဲ ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနဲ့ သံရုံးအရာရှိတွေ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ လာရောက်တွေ့ဆုံတာမို့ ဒါဟာ ဘယ်လို ထူးခြားချက်များ ဖြစ်နိုင်မလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တဲ့အခါမှာတော့ -
“ကျနော်တို့ မြင်တာကတော့ဗျာ၊ မြန်မာ့နိုင်ငံရေး အခြေအနေက သာမန်မဟုတ်ဘူး။ ထဲထဲဝင်ဝင် ဆောင်ရွက်ဖို့လိုတယ်လို့ ဒီလက္ခဏာတွေ ပေါ်နေတယ်လို့ထင်ပါတယ်။ အဲဒီသဘောလို့ ထင်ပါတယ်။”
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ။
ကနေဒါနိုင်ငံက လောလောဆယ် မြန်မာနိုင်ငံမှာ သံရုံးဖွင့်ထားတာ မရှိတဲ့အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ ကနေဒါသံရုံးကပဲ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ပူးတွဲ လုပ်ဆောင်နေတာပါ။ ဒါကြောင့် ဒီကနေ့ NLD ကို လာတွေ့ကြတဲ့ သံရုံး အရာရှိတွေဆိုတာကဲ ဘန်ကောက်မှာရှိတဲ့ ကနေဒါသံရုံးက အရာရှိတွေဖြစ်ပါတယ်။