သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်စုတိုက်တွန်း


ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်စုတိုက်တွန်း
ရွေးကောက်ပွဲ မသမာမှုတွေရှိရင် ကန့်ကွက်ဖို့ ဒေါ်စုတိုက်တွန်း

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲသမာမှုတွေနဲ့ ဥပဒေနဲ့အညီ မဟုတ်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို တွေ့ရင် ရဲရဲတင်းတင်း ကန့်ကွက် တိုင်ကြားဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ ဗဟန်းက NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကော့မှူးမြို့နယ် အောင်နိုင်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံစဉ်အတွင်း အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်က NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ ဇန်နဝါရီလ ၂၀၊ သောကြာနေ့ မနက်က ဗဟန်း ရွှေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲတွင်း မဲ မသမာမှုတွေကို တွေ့ရှိရင် ရဲရဲတင်းတင်း တိုင်ကြား ကန့်ကွက်ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကာက်ပွဲဆိုင်ရာ နည်းဥပဒေတွေကို ကျနော်တို့ သင်တန်းသဘောမျိုး ဆွေးနွေးပွဲသဘောမျိုးလည်း လုပ်ပေးမယ်။ တွေ့ရှိတဲ့ဟာကိုလည်း ရဲရဲတင်းတင်း ကန့်ကွက်သင့်တာကို ကန့်ကွက်ရမယ်။ ဆောင်ရွက်သင့်တာတွေကို ရဲရဲတင်းတင်း ဆောင်ရွက်ဖို့ ကန့်ကွက်သင့်တာတွေကို ကန့်ကွက်ပါ။ အဓိက ဒါကို ပြောတာပါ။”

ကော့မှူးမြို့နယ် NLD အောင်နိုင်ရေး အဖဲ့ွဘက်ကလည်း အရင် ၂၀၁၀ ခုနှစ်တုန်းက သူတို့ တွေ့ကြုံခဲ့ရဖူးတဲ့ မဲဆွယ်မှု အခြေအနေတွေနဲ့အတူ ရှေ့မှာကြုံလာနိုင်တဲ့ အခက်အခဲတွေကို တင်ပြခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဥပဒေနဲ့အညီမဟုတ်တဲ့ ဘယ်လိုမဲဆွယ်မှုမျိုးကိုမဆို ကန့်ကွက်ဖို့ ပြောပါတယ်။

“အခု လောလောဆယ် တင်ပြတာက တချိန်က ပြည်ခိုင်ဖြိုးဘက်ကို စည်းရုံးတယ်လို့ ယူဆရတဲ့ လုပ်ဆောင်မှုတွေဟာ၊ မီးရအောင်လုပ်ပေးမယ် လို့ပြောပြီး မီးရဖို့ ချက်ချင်း မီးတိုင်တွေ လာချတယ်။ ဒါတွေကို သူတို့ဘက်ကတော့ ဒီလိုလုပ်တယ်လို့ သူတို့ကပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောတာက ဒီဒေသမှာ အနိုင်ရဖို့ ဒီလိုလုပ်တာမျိုး ဆိုရင်တော့ ဥပဒေနဲ့ မညီဘူး။ တိုင်းသူပြည်သားတွေ အားလုံးအတွက် ဆောင်ရွက်တာမျိုးသာ လုပ်ဆောင်ရမယ့်တာဝန်။ ရွေးကောက်ပွဲ အတွက် ရည်ရွယ်တယ်ဆိုရင်တော့ ဥပဒေနဲ့မညီဘူး။ အချက်အလက်တွေကို တိကျအောင် စုံစမ်းပါ။ တိကျနေအောင် လေ့လာပါ။ အဲဒါပြီးမှ ပြန် တင်ပြပါပေါ့။ ဒီလို ညွှန်ကြားတာတွေရှိတယ်။”

ဒါ့ကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေပါ အချက်အလက်တွေကို အများပြည်သူ သိရှိနားလည်အောင် ပြန်ပြီးရှင်းပြထားတဲ့ စာအုပ်ငယ်တွေကို မကြာခင် ဖြန့်ချိမှာဖြစ်ပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေဟာ မဲမသမာမှုတွေ အများကြီး ကြုံခဲ့ကြရလို့ တိုင်ကြား ကန့်ကွက်တာတွေ ရှိခဲ့တာမို့ ဒီကြိုတင်မဲ ကိစ္စတွေကို NLD က အသေအချာ သတိထား စောင့်ကြည်သွားမှာဖြစ်သလို တွေ့ခဲ့ရင်လည်း ထိထိရောက်ရောက် တိုင်ကြားတာတွေ လုပ်မယ်လို့ ပြောပါတယ်။

“အဓိက ပြဿနာက အပြစ်ပြော ပြောနေကြတဲ့ ကြိုတင်မဲ။ အဲဒီကြိုတင်မဲက နှစ်မျိုးရှိတယ်။ တစ်မျိုးက မဲရုံမှာရောက်တဲ့ ကြိုတင်မဲဟာ မနက် ၆ နာရီ မဲရုံဖွင့်တဲ့အချိန်မှာ တခါတည်း စာရင်းလုပ်ထားဖို့လိုတယ်။ နောက်မှလာတာ လက်ခံလို့မရဘူး။ မြို့နယ် ကော်မရှင်မှာရောက်ရှိမယ့် ကြိုတင်မဲကတော့ သူက ညနေမဲရုံပိတ်ချိန် ၄ နာရီမှာ နောက်ဆုံးပဲ။ နောက်မှလာပြီးတော့ ပို့တာမျိုးက အကုန်လုံး ဥပဒေနဲ့ မညီဘူးဆိုတာ ကျနော် ပြောပြပါတယ်။ ကျနော်တို့ တစ်ခုခု ဖြစ်လာလို့ရှိရင် အဆင့်ဆင့် ရအောင်တိုင်မယ်။ ထိရောက်အောင် ကျနော်တို့ တိုင်မယ်။ ကျနော်တို့ လာမယ့် အခု ရွေးကောက်ပွဲကတော့ တရားမျှတမှုက အရင်ရွေးကောက်ပွဲထက် ပိုရှိမယ်လို့တော့ ကျနော်တို့ ယုံကြည်တယ်။ ပြည်ထောင်စု ကော်မရှင်ကလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ သတိ ဝီရိယကြီးစွာ ဆောင်ရွက်မယ်လို့ ကတိပေးတာ ကျနော်တို့ရပါတယ်။ ကျနော်တို့ဘက်ကလည်း ဥပဒေနဲ့အညီ လိုအပ်တာတွေကို တရားမျှတရေးအတွက် ဆောင်ရွက်ပေးမယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ဒီကနေ့ ကော့မှူးမြို့နယ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု အခြေအနေတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီဟာ ရပ်တည်ရေး အခက်အခဲ အမျိုးမျိုးကြားက လူမှုရေးလုပ်ငန်းတွေကို ကြိုးစား လုပ်ဆောင်ခဲ့တာဟာ ပြည်သူလူထု သက်သာချောင်ချိရေးအတွက် ဦးတည်ခဲ့တာမို့ ရှေ့မှာ NLD ပါတီဟာ ပိုပြီးတော့ လူမှုရေးနဲ့ လူထုအကျိုးပြု လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်တယ်ဆိုတာအပြင် မဲဆွယ် စည်းရုံးရေးဆိုင်ရာ ကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကေတော့ ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ်လောင်း အမည်စာရင်း အတည်ပြုပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေ စမယ်လို့ ပြောပါတယ်။

နိုင်ငံတဝှမ်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာအတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် NLD ပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့လည်း အမည်စာရင်းတွေ အတည်ဖြစ်ပြီဆိုရင် အားလုံး တွေ့ဆုံဆွေးနွေးကြဖို့ ရှိတယ်လို့လည်း NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG