သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ နိုဝင်ဘာ ၇ ရက် ကျင်းပမည်


မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ကျင်းပဖို့ ၃ လတောင် အချိန်မလိုတော့တဲ့အချိန်မှာ ရွေေးကာက်ပွဲရက်ကို ဒီကနေ့ ထုတ်ပြန် အသိပေးတာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံကြမယ့် လွှတ်တော်ကိုယ်စားလှယ် စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့ကနေ သြဂုတ်လ ၃၀ ရက်အတွင်းမှာ နာမည်စာရင်း တင်သွင်းရမယ်လို့လည်း ကြေညာပါတယ်။ ရွေးကောက်ပွဲထဲမှာ ဝင်မပြိုင်တော့ဘူးလို့ ဆုံးဖြတ်သူတွေ အနေနဲ့လည်း စက်တင်ဘာလ ၃ ရက်နေ့ကို နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေကို မနေ့ကစတင်ပြီး ထုတ်ပြန်နေရာမှာ ပြည်နယ်နဲ့တိုင်းအားလုံး အတွက် မဲဆန္ဒနယ် ၃၃၀ လို့ သတ်မှတ်ထားပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လွှတ်တော် ၂ ရပ်အတွက် အမတ် စုစုပေါင်း ၆၆၄ ယောက် သတ်မှတ်ရာမှာလည်း ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်က ၄၉၈ နဲ့ တပ်မတော်သား ကိုယ်စားလှယ်က ၁၆၆ ယောက် ပါဝင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်နိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၄၇ ခုမှာ လောလောဆယ်ပါတီ ၄၀ ကို ကော်မရှင်က ခွင့်ပြုထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ ဒီတခါ ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့် မရှိတဲ့အတွက်ကြောင့်ဆိုပြီး ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ NLD ပါတီထဲက ခေါင်းဆောင်ပိုင်း တချို့ကတော့ သီးခြားပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲကို မကြာခင် ကျင်းပတော့မယ်ဆိုပေမဲ့ ဝင်ပြိုင်ကြမဲ့ ပါတီတွေအနေနဲ့ လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံးမှုတွေ လုပ်လို့ မရတဲ့အပေါ်မှာလည်း စိတ်ပျက်တယ်လို့ တချို့ နိုင်ငံရေးပါတီတွေက ပြောနေကြပါတယ်။

XS
SM
MD
LG