သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အောင်နိုင်ရေး ဒီမိုကရေစီ မိတ်ဆွေပါတီများ ဖွဲ့စည်း


လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီဟာ ဒီမိုကရေစီ မိတ်ဆွေများ ပါတီများဆိုပြီး စုဖွဲ့လိုက်ကြပါတယ်။ ဒီမိုကရေစီ အင်အားစုတွေဖက်က ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စကို ပူးတွဲ ဆောင်ရွက်မှာဖြစ်တဲ့အပြင် ရွေးကောက်ပွဲအလွန်ကာလ ဥပဒေပြုရေးပိုင်းမှာလည်း ပူးပေါင်း ဆောင်ရွက်သွားဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့ မိမိတို့လိုလားတဲ့ အပြောင်းအလဲအတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအားဖြင့် အကျိုးဖြစ်မှာမဟုတ်ဘဲ ဒီမိုကရေစီမိတ်ဆွေပါတီတွေကို မဲပေးခြင်းအားဖြင့်သာ အပြောင်းအလဲတွေ ဖြစ်လာနိုင်မယ်ဆိုပြီး ဒီမိုကရေစီ မိတ်ဆွေပါတီတွေက ဒီကနေ့ ရန်ကုန်မြို့ က ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြပါတယ်။ အထူးသဖြင့် အပြန်အလှန် ထိန်းကျောင်းမှုရှိတဲ့ နိုင်ငံရေးစနစ်တရပ် ပေါ်လာရေးအတွက် ဆန္ဒမဲတွေ ပေးကြဖို့ သူတို့က တိုက်တွန်းပါတယ်။ ဒီပါတီတွေအကြား နယ်မြေအချို့မှာ ကိုယ်စားလှယ်လောင်းတွေ ထပ်တာရှိပေမယ့် အဲဒီကိစ္စကိုတော့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ခက်ပေမဲ့လည်း ကျနော်တို့က နောင်မှာ ညှိနှိုင်းပြီးတော့ မြို့နယ်အလိုက် ရွေးကောက်ပွဲ မဲဆွယ်တဲ့အခါမှာ တပါတီနဲ့တပါတီ မတိုက်ခိုက်ဘဲနဲ့ ပူးပေါင်းပြီးတော့ မဲဆွယ် သွားကြဖို့ သဘောထားတွေ ပေးခဲ့ကြပါတယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ ရွေးကောက်ပွဲနေ့မတိုင်ခင်မှာ ကျနော်တို့ မဲဆွယ်စည်းရုံးတဲ့အခါမှာ ပြည်သူတွေေ၀၀ါးမနေအောင် ဒီမိုကရေစီပါတီတွေကတော့ ဒီဟာတွေပါပဲ ဆိုပြီးတော့ ဆက်ပြီးတော့ ပြည်သူ့ဘက်ကို ထွက်ရပ်ပြတဲ့သဘောပါ။”

တခြား နိုင်ငံရေးပါတီတွေ၊ တခြား ဒီမိုကရေစီအင်အားစုတွေဘက်က နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေကိုရော အဲန်ကယ်လ်တို့ ထပ်ဖြည့်ဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။ -

“ဒီနေ့တော့ တသီးပုဂ္ဂလ ဦးရန်ကျော် ကတော့ သူ့ကို observer အနေနဲ့ လာတက်သွားပါတယ်။ ကျနော်တို့ အခု ပူးတွဲဆောင်ရွက်ရေး ကော်မတီဆိုတာ ရှိပါတယ်။ ပူးတွဲဆောင်ရွက်ရေး ကော်မတီက ဘယ်လောက်ထိ ဖြစ်ဖြစ်မြောက်မြောက် ကျနော်တို့ ဆက်လက် ပူးတွဲဆောင်ရွက်နိုင်မလဲ၊ ဘယ်လို ညှိနှိုင်းဆောင်ရွက် နိုင်မလဲဆိုတာ ပူးတွဲဆောင်ရွက်ရေး ကော်မတီရဲ့ လုပ်ငန်း တွင်ကျယ်မှုအပေါ်မှာ မူတည်ပါတယ်။”

ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေကို ပူးတွဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာက မဲဆွယ် စည်းရုံးရေးကိစ္စတွေမှာပါ အတူတူ သွားမှာလဲ။ ဘယ်လိုပုံစံမျိုးလဲခင်ဗျ။ -

“ဟုတ်ပါတယ်။ အဲဒီမှာ ကျနော်တို့ ကော်မတီ ဖွဲ့စည်းရေးမှာ ပါပါတယ်။ ပူးတွဲဆောင်ရွက်ရေး ကော်မတီရယ်၊ ဦးစီးနာယက ကော်မတီရယ် နှစ်ခုရှိပါတယ်။ အဲဒီတော့ ပူးတွဲဆောင်ရွက်ရေး ကော်မတီက ရွေးကောက်ပွဲကာလမှာ အောင်နိုင်ရေးကို မဖျက်လို့ရှိရင်တော့ ကျနော်တို့ မဲဆွယ်မှာပေါ့ဗျာ။ ဖျက်လို့ရှိရင်လည်း ကျနော်တို့ ဒီမိုကရေစီပါတီတွေကတော့ ဒါတွေပါပဲ။ ပြည်သူအများက ကြိုက်သလို မဲပေးနိုင်ပါတယ် ဆိုပြီးတော့ ကိုယ့်အချင်းချင်း မတိုက်ရေးက အဓိကပါပဲ။ ကိုယ့်အချင်းချင်း တိုက်ပြီးတော့ ပြုတ်သွားမှာစိုးလို့ပဲ။”

အဲန်ကယ်လ်တို့ သဘောတူညီချက်ထဲမှာ တစ်ချက်တွေ့ရတာက ရွေးကောက်ပွဲအလွန်ကာလမှာပါ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့သဘောထား တွေ့ရပါတယ်။ အဲဒီတော့ အဲန်ကယ်လ်တို့ ဒီအင်အားစုက တပ်ပေါင်းစုအသွင် ဆောင်နေတဲ့သဘောလားခင်ဗျ။ နိုင်ငံရေးတပ်ပေါင်းစုလို့ ဆိုလိုတာပါ။ -

“ဟုတ်ကဲ့။ ဒါကို စကားလုံးအနေနဲ့တော့ နိုင်ငံရေးတပ်ပေါင်းစုလို့ ကျနော်တို့ အမည်မတပ်ပါဘူး။ ဒီမိုကရေစီမိတ်ဆွေ ပါတီများလို့ပဲ အမည်တပ်ထားပါတယ်။ ရွေးကောက်ပွဲလွန်ကာလမှာ လွှတ်တော်ထဲ ရောက်တဲ့အခါမှာ တူရာတူရာတွေကို တွဲပြီးတော့ ကျနော်တို့ အထဲမှာ လက်တွဲသွားဖို့ သဘာထား ပေးကြပါတယ်။ လွှတ်တော်ထဲအထိပါ ဒီကိစ္စက အကျိုးပေးပါလိမ့်မယ်။”

အဲန်ကယ်လ်တို့က ဒီမိုကရက်တစ် အင်အားစုတွေကို ပေါင်းစည်းထားတာဆိုတော့ လက်ရှိ အာဏာရပါတီ ကြံ့ခိုင်ရေးကတော့ တပိုင်းပေါ့။ တခြား တစည လိုပါတီမျိုးတွေ၊ တခြား တိုင်းရင်းသားပါတီမျိုးတွေ ဒီလို ပါတီမျိုးတွေလည်း ရှိနေတဲ့အခါကျတော့ ဒီမိုကရက်တစ်ပါတီဆိုတဲ့စံကို အဲန်ကယ်လ်တို့ ဘယ်လို သတ်မှတ်ပါသလဲခင်ဗျ။ -

“ဒီမိုကရက်တစ်စံ ဆိုတဲ့နေရာမှာ ဒီမိုကရေစီကို တကယ်ပဲ ဖြောင့်ဖြောင့်မတ်မတ် နိုင်ငံရေး ရိုးသားမှုနဲ့ ဖော်ဆောင်မယ့်ပုဂ္ဂိုလ်တွေ၊ နှစ်ရှည်လများ ကျနော်တို့နဲ့ ပူးတွဲလာတဲ့ပုဂ္ဂိုလ်တွေ၊ တကယ်ပဲ သူတို့ မူဝါဒတွေမှာပါတဲ့ဟာတွေကို ကြည့်ပြီးတော့ ဒီပုဂ္ဂိုလ်တွေ၊ ဒီအဖွဲ့အစည်းတွေဟာ ပြည့်သူ့ရှေ့မှောက်ကို တင်ပြတဲ့ သူတို့ရဲ့ သဘောထားတွေ အမေးအဖြေတွေက ကျနော်တို့ ဒီမှာ ရှိပါတယ်။ ဒီမှာ ကျနော်တို့ တိုင်းရင်းသားထဲကဆိုရင် ကချင်၊ ကရင်နဲ့ မွန်ပါတီတွေကို ကျနော်တို့ ဖိတ်ခေါ်ထားတာ ကျန်ပါသေးတယ်။ အချိန်က သိပ်ပြီးတော့ နီးကပ်တဲ့အတွက် အလောသုံးဆယ် လုပ်လိုက်ရတဲ့အတွက် ကျန်သွားတာ ရှိနိုင်ပါတယ်။ အဲဒီတော့ ကျနော်တို့ အချင်းချင်းလည်း သိကြပါတယ်။ ဒီမိုကရေစီပါတီ မဟုတ်ဘူးဆိုတာလည်း ကျနော်တို့ သိကြပါတယ်။ အဲဒီတော့ ပြည်သူကို ဒီမိုကရေစီ မျက်နှာဖုံး စွပ်ထားတဲ့သူများကိုတော့ဖြင့် ကျနော်တို့ ဒီမိုကရေစီပေတံနဲ့ တိုင်းတာသွားမှာဖြစ်ပါတယ်။”

အခု လက်ရှိ ဖွဲ့လိုက်တဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီတို့ ပါဝင်ကြပါတယ်။ အဲဒီပါတီ ၆ ပါတီ ပေါင်းရင်တော့ လွှတ်တော် ၃ ရပ်လုံးအတွက် ကိုယ်စားလှယ် ၄၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ လက်ရှိအားဖြင့် အစိုးရနောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၀၀၀ ကျော်၊ အရင်အစိုးရဟောင်း မဆလ တဖြစ်လဲ တစည ပါတီက ကိုယ်စားလှယ်လောင်း ၉၀၀ ကျော်နဲ့ ရွေးကောက်ပွဲအတွက် အားအကောင်းဆုံးနဲ့ ရှေ့က ပြေးနေပါတယ်။

XS
SM
MD
LG