သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ပါတီ မှတ်ပုံတင် လျှောက်ထား


အဲန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဟောင်းတချို့ သီးခြား ထူထောင်ထားတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီက နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်လိုက်ပါပြီ။ ပါတီ သီးခြားထောင်သူတွေဘက်ကတော့ အဲန်အယ်လ်ဒီဆိုတာ မရှိတော့လို့ အခုလို သီးခြားပါတီ ထူထောင်တာဖြစ်တယ်လို့ ဆိုပေမဲ့ အဖွဲ့ချုပ်ရဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းကတော့ ပါတီဟာ အခုချိန်ထိ နိုင်ငံရေးအရ ရပ်တည်နေဆဲဖြစ်တယ်လို့ ပြောနေပါတယ်။ အကြောင်းစုံကို ဘန်ကောက်ရုံးက ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

တချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုပိုင်းမှာ ရှိခဲ့တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ ဝင်းနိုင်၊ ဒေါက်တာ ဦးစိန်လှဦးတို့ ဦးဆောင်ပြီးတော့ အမျိုးသားဒီမိုကရေစီ အင်အားစု အမည်နဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် မနေ့က လျှောက်ထားလိုက်ပါပြီ။ သူတို့အဖွဲ့အနေနဲ့ အရင်အဖွဲ့ချုပ် အင်အားတွေကို အခြေခံအသုံးပြုမှာ မဟုတ်ပေမဲ့လို့ အဖွဲ့ချုပ်ထဲက သူတို့ရဲ့ပါတီထောင်တာကို လိုလားသူတွေ ထောက်ခံသူတွေ ပူးပေါင်းပါဝင်လာတာ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) အဖွဲ့က ပြောပါတယ်။ သူတို့ဟာ ပါတီသစ်တရပ် အနေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ ပြင်ထားတယ်လို့ NDF ကို ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါက်တာ သန်းငြိမ်းက ပြောပြပါတယ်။

“ကျနော်တို့မှာက အရင်တုန်းက အဲန်အယ်လ်ဒီက ရှိခဲ့တာကတော့ ရှိခဲ့တာပေါ့ဗျာ။ သို့သော်လည်းပဲ အခြေအနေက အခုဟာ ကျနော်တို့က အစကနေ ပြန်လုပ်ရတဲ့သဘော ဖြစ်နေတယ်။ စည်းရုံးရေးသဘောက။ အဲဒီတော့ အကန့်အသတ်တော့ ရှိတာပေါ့ဗျာ။ နောက်တခါ ငွေရေးကြေးရေးက အရင်လို မဟုတ်တော့ဘူးလေဗျာ။ ဒါကလဲ အများကြီး အခက်အခဲ ကြုံရတယ်ဆိုတော့ အကန့်အသတ်ကလည်း ရှိတယ်။ အဲဒီလို အကန့်အသတ်တွေကြားထဲက လုပ်ရတယ်ဆိုတော့ ကျနော်တို့ မျှော်မှန်းသလိုတော့ ဖြစ်လာချင်မှလည်း ဖြစ်လာမှာပေါ့ဗျာ။ ကျနော်တို့က တိုင်းတွေကိုတော့ အဓိက ထားတာပေါ့။ ပြည်နယ်တွေမှာကျတော့ ကျနော်တို့က အဲဒီမှာရှိတဲ့ ပြည်နယ်ရဲ့ ဒီမိုကရေစီပါတီတွေနဲ့ ကျနော်တို့နဲ့ အရင်လို ထိပ်တိုက်မဖြစ်ဖို့တော့ ကျနော်တို့က ကြိုးစားမှာပဲ။”

ဒါပေမဲ့ NDF ရဲ့ ပါတီစုဖွဲ့မှုမှာ အဲန်အယ်လ်ဒီ အရိပ်အယောင်ကို ပြပြီးတော့ ပြောတာဆိုတာတွေ ရှိတာကြောင့် ဒါမျိုးတွေကို သူတို့အနေနဲ့ ကန့်ကွက်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်တို့ အဲန်အယ်လ်ဒီတို့ ဘာတို့ကို ဥပမာ ရွေးကောက်ပွဲမှာ မဝင်တဲ့အတွက် အဲန်အယ်လ်ဒီကို မဲပေးချင်တဲ့သူတွေက ဘယ်သူ့ကို ပေးရမှန်းမသိရင် သူတို့ဟာ အဲန်အယ်လ်ဒီ ပဲဆိုတာ ပြောဆိုနေတာ။ အဲဒါတွေကို လက်မခံတာ။ အဲန်အယ်လ်ဒီရဲ့ ယောင်ပြန်ဟပ်မှုတွေ၊ အဲန်အယ်လ်ဒီ နံမည်သုံးမှုတွေ၊ အဲန်အယ်လ်ဒီရဲ့ ကိုယ်ပွားလိုလို ဘာလိုလို လှည့်ဖျားမှုတွေ၊ ဒါတွေက မလုပ်သင့်ဘူး။”

ဒါပေမဲ့လည်း NDF အနေနဲ့ အဖွဲ့ချုပ် တရားဝင် ရှိမနေတော့ဘူးလို့ အခိုင်အမာ ယူဆထားပါတယ်။ ဒါကြောင့်လဲ အဖွဲ့ချုပ် မရှိတော့လို့ NDF တည်ထောင်ရတာလို့ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

“NDF ဖွဲ့တဲ့အချိန်မှာ အဲန်အယ်လ်ဒီ ဆိုတာ ရှိမှမရှိတော့ပဲ။ ဘယ်လိုလုပ်ပြီးတော့ အဲန်အယ်လ်ဒီကနေ ကျနော်တို့ ပဲ့ထွက်မှာလဲ။ အဲဒီတော့ အဲန်အယ်လ်ဒီ တရားဝင် ရှိနေဆဲကာလမှာ ကျနော်တို့သည်ပင်လျင် အဲန်အယ်လ်ဒီ တွေပဲလေ။ အဲန်အယ်လ်ဒီထဲမှာပဲ ရှိနေတာပဲလေ။ နောက်ဆုံး မေလ ၆ ရက်နေ့အထိပေါ့။ အဲဒီမှာ အဲန်အယ်လ်ဒီ ပါတီ ပျက်ပြယ်သွားတဲ့အခါမှာ ကျနော်တို့ကတော့ အဲဒီလို မလုပ်နိုင်ဘူး။ နိုင်ငံရေးအရ ဆက်လုပ်ဖို့ လိုအပ်တယ်။ ကျနော်တို့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုကို ကျနော်တို့ ဆက်လုပ်မယ် ဆိုပြီးတော့ ကျနော်တို့ အဖွဲ့ ထပ်ဖွဲ့တာပဲ။”

အဖွဲ့ချုပ် ခေါင်းဆောင်မှုဘက်ကတော့ အခုလိုမျိုး စစ်အစိုးရ ဥပဒေအတိုင်း အဖွဲ့ချုပ် မရှိတော့ဘူးလို့ ပြောတာကို လက်မခံပါဘူး။ အဖွဲ့ချုပ်ဟာ စစ်အစိုးရနဲ့ ထိပ်တိုက်တွေ့တာမျိုး ရှောင်ရှားပေမဲ့လည်း နိုင်ငံရေး လုပ်ငန်းစဉ်တွေကိုတော့ ဆက်ပြီးတော့ လုပ်သွားမှာဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

“အဲဒါကိုတော့ ကျနော်တို့က လက်မခံဘူးဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဲန်အယ်လ်ဒီဟာ ပြည်သူသို့ ပန်ကြားချက် ဆိုတဲ့ အထဲမှာလည်း ပါပါတယ်။ ကျနော်တို့ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်စုကိုယ်တိုင် မှတ်ပုံတင်ထားတဲ့ပါတီ။ အဲဒီတော့ ကျနော်တို့က ကျနော်တို့ ဒီနေ့ ပါတီမရှိတော့ဘူး ဆိုတာက ဒါက အစိုးရရဲ့ သဘောထားကို ပြောတာ။ ကျနော်တို့ဟာတို့ ပါတီ ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မှတ်ပုံတင်ထားတယ်။ ၁၉၁၀ ရွေးကောက်ပွဲ ဥပဒေများအရ လုပ်တဲ့ မှတ်ပုံတင်ဥပဒေတွေကို ကျနော်တို့က လက်မခံဘူး။ ကန့်ကွက်တဲ့အတွက် ကျနော်တို့က ထပ်မံ မှတ်ပုံမတင်ချင်ဘူး။ မှတ်ပုံမတင်ဘူလို့ စကားလုံးကို သုံးပါတယ်။ ကျနော်တို့က ရှိတယ်။ ရှိယုံတင်မကဘူး၊ ကျနော်တို့က နိုင်ငံရေးပါတီတခု ဖြစ်တယ်။ နိုင်ငံရေးလုပ်မယ်။ ဒီအစိုးရအနေနဲ့ ပါတီကို အသိအမှတ်မပြုဘူးဆိုရင် ကျနော်တို့က ထိပ်တိုက် မတွေ့ချင်တဲ့အတွက် ကြေညာချက်ထုတ်ခြင်းတို့ ဆုံးဖြတ်ချက် ချခြင်း ဆိုတာတွေကိုသာ ကျနော်တို့ မလုပ်မှာ။ ဒါပေမဲ့ နိုင်ငံရေး လုပ်ငန်းတွေကတော့ ကျနော်တို့ လုပ်နေမှာပဲ။”

အဖွဲ့ချုပ်ရဲ့ တိုင်း၊ မြို့နယ်တွေနဲ့ လူငယ်တွေကြားမှာတော့ အခုလိုမျိုး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီထောင်ခြင်းနဲ့ ပတ်သက်ပြီးတော့ အတော်လေး ဂယက်ရိုက်နေပါတယ်။ NDF မှာ လိုလားပါဝင်တဲ့ မြို့နယ်ခေါင်းဆောင် တချို့ ရှိသလို တဖက်မှာလည်း NDF ပါတီဟာ အဲန်အယ်လ်ဒီကို အသုံးချပြီးတော့ စည်းရုံးတာတွေ ရှိတယ်လို့ စွပ်စွဲကြပါတယ်။ ဒါပေမဲ့လဲ NDF ဘက်ကတော့ သူတို့ဟာ သူတို့ကို ထောက်ခံတဲ့ အင်အားတွေနဲ့ပဲ စုစည်းတာဖြစ်ပြီး အဲန်အယ်လ်ဒီ ပါတီဟာလည်း ပျက်ပြယ်သွားခဲ့ပြီလို့ အခိုင်အမာ ပြောဆိုနေပါတယ်။

XS
SM
MD
LG