သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမျှတတဲ့ ရွေးကောက်ပွဲ အထမြောက်ရေး ဘန်ကီမွန်း တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲတွေ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် ပေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာအပြီးမှာ အခုလိုမျိုး တိုက်တွန်းချက် ထွက်လာတာပါ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် Margret Beshier က ကုလသမဂ္ဂဌာနချုပ်ကနေ သတင်းပေးပို့ထားတာကို ဦးဝင်းမင်းက တင်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နာဆာကီက ဒီရွေးကောက်ပွဲလုပ်မယ့်နေ့ ကြေညာချက်ကို မစ္စတာ ဘန်ကီမွန်းက ကြားကြားချင်းပဲ အခုလို ပြောလိုက်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ရဖို့အတွက် သူတို့ လူသိရှင်ကြား ပြောထားတဲ့အတိုင်း လွတ်လပ် တရားမျှတပြီးတော့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေကို လက်တွေ့ လုပ်ပေးဖို့ မြန်မာအစိုးရကို အတွင်းရေးမှူးချုပ်က ထပ်ပြီးတော့ တိုက်တွန်းလိုက်ပါတယ်။”

နာဆာကီကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးတို့အတွက် မရှိမဖြစ် လိုအပ်တယ်လို့ အထွေထွေ အတွင်းရေးမှူးက ယုံကြည်တဲ့အကြောင်း ပြောပါတယ်။ ဒါမှလည်း သူတို့အားလုံး ရွေးကောက်ပွဲ ဝင်နိုင်မှာပါလို့ အတွင်းရေးမှူးချုပ်က ပြောကြောင်း နာဆာကီက ပြောခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်း အနေနဲ့ ရွေးကောက်ပွဲလုပ်မယ့်နေ့ ကြေညာဖို့ နှေးကွေးနေတဲ့အပေါ် မြန်မာစစ်အာဏာပိုင်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်း ကပဲ ဝေဖန်ခဲ့ပါသေးတယ်။ သူက သတင်းထောက်တွေကို ပြောတာက - သူနဲ့ သူ့ရဲ့ အထူးအကြံပေး ဘီဂျေ နံဘီယာ တို့ဟာ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တခုလုံးမှာ မြန်မာအာဏာပိုင်တွေနဲ့ ဆက်ပြီး ထိတွေ့ဆောင်ရွက်သွားဖို့ ကြိုးစားမှုတွေ အကုန်လုံး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိတ်ပျက်ရလောက်အောင်ပဲ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုတွေ မရှိသေးဘူးလို့ သူက ဆိုခဲ့ပါတယ်။

“ကျနော်တို့ဘက် အခုလို ကြိုးပမ်းခဲ့တာတွေကို မြန်မာစစ်အစိုးရဘက်က တုံ့ပြန်တာ အခုချိန်ထိ မရှိသေးပါဘူး။ ဒါဟာ ကျနော်တို့ စိတ်ပျက်ရတဲ့ အဓိက အချက်ပါပဲ။ အခုလို အရေးကြီးတဲ့အချိန်မှာ ပူးပေါင်းဆောင်ရွက်မှု မရှိတာဟာ မြန်မာပြည်အတွက်တော့ ဆုံးရှုံးမှုသက်သက်ပဲပေါ့ဗျာ။ ကျနော် အခု ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ဖို့ နှစ်စဉ် အစီရင်ခံစာတခု ရေးနေတာမို့ ကျနော်တို့ရဲ့ လက်ရှိအမြင်တွေကို ပိုပြီး ပြည့်ပြည့်စုံစုံ ဖြစ်အောင် ထပ်ရေးထည့်လိုက်ပါမယ်။”

သောကြာနေ့မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မစ္စတာ ဘန်ကီမွန်း တောင်းဆိုလိုက်တဲ့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ကို ထပ်မံပြောဆိုလိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ လူသိအများဆုံးကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ ၂၁ အတွင်းမှာ ထိန်းသိမ်းခံနေရတာဟာ စုစုပေါင်း ၁၅ နှစ် ရှိသွားခဲ့ပါပြီ။ သူမရဲ့ ဆက်လက် ထိန်းသိမ်းခံရမှုဟာ နိုဝင်ဘာလ ရွေးကောက်ပွဲလုပ်ချိန်အထိ ပြီးဆုံးမှာ မဟုတ်သေး ပါဘူး။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ အခုလို ရွေးကောက်ပွဲအချိန် ကြေညာလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့် ရွေးကောက်ပွဲတွေမှာ မပါဝင်နိုင်အောင် တမင် ရည်ရွယ်ပြီး လုပ်ပုံရတယ်လို့ ဆိုပါတယ်။

အကျဉ်းကျခံနေရတဲ့သူတွေကို ရွေးကောက်ပွဲမဝင်နိုင်ဖို့ ရွေးကောက်ပွဲဥပဒေက လုံး၀ ကန့်သတ်ထားပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေ ပြောတာက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၀၀၀ ကျော် ရှိနေသေးတယ်၊ သူတို့အများစုဟာ ၂၀၀၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ သံဃာတော်တွေဦးဆောင်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတင် ဒီရွေးကောက်ပွဲကို ဝေဖန်နေတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံအစိုးရ အတော်များများ ကလည်း လူသိရှင်ကြား ဝေဖန်နေကြတာဖြစ်ပါတယ်။ အဲဒီအထဲက အင်္ဂလန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးချုပ် အရာရှိ ဂျယ်ရမီ ဘရောင်း ကဆိုရင် ဒီရွေးကောက်ပွဲတွေဟာ ဖိနှိပ်လွန်းအားကြီးတဲ့ အခြေအနေအောက်မှာ ဖြစ်နေတာမို့ မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်တစု အာဏာ ထပ်ဖြစ်စေဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူကပဲ ဆက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဒီရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် ကြိုတင်ပြီးမလွှတ်ပေးရင်တော့ နိုင်ငံတကာရဲ့ ထောက်ခံမှုကို ရမှာမဟုတ်ဘူးလို့ သူက သတိပေး လိုက်ပါတယ်။

XS
SM
MD
LG