သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွေးကောက်ပွဲ အမေရိကန် ကြိုဆို


ဒီကနေ့ ကျင်းပသွားတဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တူရကီနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးရီးယားနိုင်ငံ မိတ်ဆွေများ စည်းဝေးပွဲအတွင်း ထည့်သွင်း ပြောကြားသွားတာကိုလည်း ဒဲရက်မစ်ချဲလ်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပြီး အမေရိကန်နိုင်ငံ အနေနဲ့ ယေဘုယျအားဖြင့် ဒီကနေ့ ရွေးကောက်ပွဲကို ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေး ပြုပြင်ပြောင်းလဲမှု တွေကို ထောက်ခံကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသွားတယ်၊” - လို့ ဒဲရက်မစ်ချဲလ် က ပြောသွားတာပါ။

ဒီကနေ့ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ တရားဝင် သဘောထား ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံထဲက အချက်အလက်တွေကို စုစောင်းပြီးမှပဲ ထုတ်ပြန်မယ်လို့ ဒဲရက်မစ်ချဲလ် က ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ပါတယ်။

XS
SM
MD
LG