သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲမပေးဘဲနေဖို့ လူထုမှာ အခွင့်အရေးရှိ


စစ်အစိုးရက ကျင်းပပေးဖို့ရှိနေတဲ့ ဒီနှစ်ရွေးကောက်ပွဲတွေမှာ မြန်မာနိုင်ငံသားတွေ အနေနဲ့ မဲပေးပိုင်ခွင့်ရှိသလို ဆန္ဒမရှိရင် မဲမပေးဘဲ နေပိုင်ခွင့်ရှိတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ရန်ကုန်မြို့နေအိမ်မှာ ရှေ့နေဖြစ်သူနဲ့ ဒီကနေ့ တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။

ဒီကနေ့ သောကြာနေ့ နေ့လည်ပိုင်းက ၂ နာရီလောက် တွေ့ဆုံခွင့်ရခဲ့တဲ့ အချိန်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာလို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ပြောတာက မဲပေးဖို့ အခွင့်အရေး ရှိသလို မဲမပေးဖို့လည်း အခွင့်အရေး ရှိတဲ့ ဥပဒေ ပြဌာန်းချက်၊ အဲဒါကို ပြောပါတယ်။ လူထုအနေနဲ့ မဲမပေးတာကလည်း ဥပဒေအရ အခွင့်အရေးပဲဆိုတာ ပြောတာရှိတယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ လက်ရှိအခြေအနေမှာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမဲ့ အဖွဲ့ဝင်တွေက ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းလုပ်ဆောင် နေကြတယ်ဆိုတာက အကောင်းဆုံးလုပ်ရပ် ဖြစ်တယ်လို့လဲ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အဲန်အယ်လ်ဒီအတွက် အခုလို ခက်ခဲတဲ့အချိန်မှာ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ အဲန်အယ်လ်ဒီ လူငယ်များ၊ နောက်ပြီးတော့ အမျိုးသမီးအဖွဲ့ဝင်များက အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲဆောင်ရွက်တာ သူ့အနေနဲ့ အများကြီး ဂုဏ်ယူတယ်တဲ့။ ဒီလို ခက်ခဲတဲ့အချိန်မှာ ဆောင်ရွက်တာမိုလို့ ဒါဟာ အကောင်းဆုံး လုပ်ရပ်တွေပဲလို့ အဲဒီလို ပြောလိုက်ပါတယ်။”

စစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတခြင်း မရှိတာကြောင့် အဲန်အယ်လ်ဒီ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံ ထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ပိုင်း အဲန်အယ်လ်ဒီ ဟာ လူမှုရေး လုပ်ငန်းတွေကို ဦးစားပေး လုပ်ဆောင်လာတာပါ။

ပြီးခဲ့တဲ့လအတွင်း အပူချိန်လွန်ကဲပြီး ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ သောက်သုံးရေ ရှားပါးမှုနဲ့ ရင်ဆိုင်နေကြရတုန်းကလည်း အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးခဲ့ကြပါတယ်။

အဲဒီလို လူမှုရေးလုပ်ငန်းတွေ လုပ်တဲ့နေရာမှာလဲ အရင် နိုင်ငံရေးပါတီအဖြစ် တည်ရှိနေတုန်းကလိုပဲ အဲန်အယ်လ်ဒီ အဖွဲ့ဝင်တွေဟာ အာဏာပိုင်တွေရဲ့ ဖိနှိပ် ကန့်သတ်မှုတွေ ခံခဲ့ကြရယုံတင်မကဘဲ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်ခဲ့ကြရတာပါ။

ဒါကြောင့် အနာဂတ်မှာ အခုလို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် လူငယ်တွေကို ပြုစု ပျိုးထောင်ပေးကြဖို့လဲ ဒေါ်အောင်ဆန်းစုကြည်က အကြံပေး တိုက်တွန်းခဲ့ပါတယ်။

“လူကြီးတွေ၊ လူလတ်ပိုင်းတွေက မြန်မာနိုင်ငံမှာ လူငယ်များ နောင်မျိုးဆက်ကို ကျနော်တို့ ပျိုးထောင်ဖို့လိုတယ်။ အဲဒီလို ပျိုးထောင်မယ့်အလုပ်က နိုင်ငံရေးပါတီချည်းပဲ မဟုတ်ဘူး။ ပြည်သူလူထုအားလုံးမှာလဲ တာဝန်ရှိပါတယ်။ အဲဒီတော့ ပျိုးထောင်မယ့် ပုဂ္ဂိုလ်ဟာတဲ့ အချက် နှစ်ချက် ပြောပါတယ်။ သဘောထား ကြီးရမယ်တဲ့။ ရဲဘော်ရဲဘက်စိတ်နဲ့ ပျိုးထောင်ရမယ်တဲ့။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဒီကနေ့ တွေ့ဆုံခဲ့ကြတဲ့ အဓိက အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခြံဝင်းအတွင်းမှာရှိတဲ့ သီးခြား အိမ်ငယ်တလုံးကို ဖြိုဖျက်ဖို့ တောင်းဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကို ရန်ကုန် စည်ပင်သာယာက အစောပိုင်းမှာ ခွင့်ပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ ကန့်ကွက်မှု ရှိတဲ့အတွက် ဆိုပြီး ခွင့်ပြုချက်ကို ပြန်လည်ရုတ်သိမ်းသွားတာကြောင့် စည်ပင်သာယာအနေနဲ့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး၊ တရားရုံးကသာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုပြီး ပြန်လည် လျှောက်ထားရေး တိုင်ပင်ဖို့အတွက် ဖြစ်ပါတယ်။

ဒီကနေ့ ဦးဉာဏ်ဝင်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ကြသူတွေကတော့ နေအိမ်ပြင်ဆင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ဦးထင်ကျော်နဲ့ အင်ဂျင်နီယာ ဦးခွန်သာမြင့်တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG