သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲရုံတွေမှာ ကြိုတင်မဲတွေ စပေးပြီ


နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးရမလဲ သရုပ်ပြနေကြသည့် ဝန်ထမ်းတချို့ (အောက်တိုဘာ ၁၊ ၂၀၁၀)
နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှာ ဘယ်လို မဲပေးရမလဲ သရုပ်ပြနေကြသည့် ဝန်ထမ်းတချို့ (အောက်တိုဘာ ၁၊ ၂၀၁၀)

ဒီကနေ့ နိုဝင်ဘာ ၅ ရက်နေ့ကစလို့ မဲရုံတွေမှာ ကြိုတင်မဲတွေ စတင်ပေးလို့ ရနေပါပြီ။ တချို့ နယ်မြို့တွေမှာတော့ ကြိုတင်မဲ ကောက်ခံမှုတွေမှာ မသာမှုတွေ ရှိနေပါတယ်။ အလားတူ နယ်မြို့တွေမှာလည်း ဝန်ထမ်းတွေဟာ ကြိုတင်မဲတွေ ဒီကနေ့ကစပြီး ပေးနေရပါပြီ။ ဒီကြိုတင်မဲသတင်းတွေ အကြောင်း မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ၅ ရက်နေ့မှာတော့ အသက်အရွယ် ကြီးရင့်သူတွေ ကျန်းမာရေး မကောင်းကြသူတွေနဲ့ မဲရုံစောင့်ဝန်ထမ်းတွေအပြင် ခရီးသွားကြမယ့်သူတွေဟာ ကြိုတင်မဲတွေကို မဲရုံတွေမှာ သွားပေးလို့ရနေပါပြီ။ ဒါပေမဲ့ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတချို့မှာ ကြိုတင်မဲ ကောက်ခံမှုတွေထက် မသမာမှုတွေ ဖြစ်နေတယ်လို့ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ကနေ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုဇော်မင်းသိန်းက ပြောပြပါတယ်။

“ရှားဖြူကျင်းအုပ်စု၊ ချုပ်ကြီးရွာမှာ ဒီဒေသမှာ လုံး၀ မရှိတဲ့သူတွေကို မဲစာရင်းထဲမှာတော့ ပါတယ်။ ပါတဲ့အခါမှာ သူတို့ အဲဒီလူတွေကို ကိုယ်စားဆိုပြီး ကျန်ခဲ့တဲ့သူတွေကို ကိုယ်စားထည့်ခိုင်းသွားတာ တွေ့ရတယ်။ တော်တော်များများမှာ ဖြစ်နေတယ်။ အဲဒါ တနေရာသိလို့ လိုက်သွားတဲ့အခါမှာ အဲဒီလို တွေ့ရတယ်ခင်ဗျ။ ခရိုင်ကော်မရှင်ကို လှမ်းပြီးတော့ မေးကြည့်တယ်။ မေးကြည့်တဲ့အခါမှာ ကျနော်တို့ ကြိုတင်မဲ ဘယ်သူ ထည့်သွားတယ်ဆိုတာကို ကျနော်တို့ သိချင်တာ။ အဲဒါကို သူတို့က ဘာမှ အကြောင်းမပြန်ဘူး။”

ချင်းပြည်နယ်ဘက်မှာဆိုရင်လည်း ဒီကနေ့ ကြိုတင်မဲတွေကို စတင်ကောက်ခံနေပါပြီ။ အများစုကတော့ ကြိုတင်မဲပေးဖို့ကိုရော၊ နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့ မဲသွားပေးဖို့ကိုရော စိတ်မဝင်စားမှု သိပ်မရှိဘူးလို့ အခုလို ချင်းပြည်နယ် တီးတိန် ဒေသခံတဦးက ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ နေမကောင်းတဲ့သူတွေ၊ သိပ် မသွားလာနိုင်တဲ့သူတွေလောက်ပဲ ကောက်တယ်။ ပြီးတော့ မဲရုံမှာ တာဝန်ကျမယ့် သူတွေလောက်ပဲ ကောက်တယ်။ သိပ်မများဘူး။ ဘယ်လိုခေါ်မလဲ စီးပွားရေးကလည်း ကျပ်တည်းတော့ လူတွေကတော့ စိတ်ဝင်စားမှု မရှိဘူး။ တခုတော့ ရှိတယ်၊ မဲမပေးမနေရဆိုတဲ့ သဘောမျိုးတော့ လူတွေက ခံယူထားတယ်လေ။ အဲဒါမျိုး ဖြစ်နေတယ်။”

တီးတိန် မြို့ခံတဦး ပြောပြခဲ့တာပါရှင်။ သူပြောပြသွားတဲ့ အထဲမှာ မဲပေးမယ့်သူစာရင်းထဲမှာ သူတို့မြို့နယ်အတွင်း လက်ရှိနေထိုင်ခြင်း မရှိတဲ့သူတွေ၊ ခရီးသွားနေတဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။

မွန်ပြည်နယ်ဘက်မှာလည်း ဒီကနေ့ အစိုးရဝန်ထမ်းတွေ၊ ကျောင်းဆရာ ဆရာမတွေဟာ ကြိုတင်မဲတွေ သွားပေးနေရပြီလို့ မော်လမြိုင် မြို့ခံတဦးက အခြေအနေကို ပြောပြပါတယ်။

“ကြိုတင်မဲ ပေးရပါတယ်။ ဆရာမတွေဆိုရင် ဒီကနေ့ တကယ် ပေးနေပြီ။ ဝန်ထမ်းတွေပေါ့၊ မဲစာရင်း နံပါတ် ဘယ်လောက်ဘယ်လောက် ဘယ်နေရာမှာ ပေးလိုက်ပါတယ် ဆိုတဲ့ဟာလေးကိုလည်း တင်ရပါတယ်။ အဲဒီ ကြိုတင်နံပါတ်လေးကို ပေးထားရတယ်ဆိုတော့ လူတွေက ကြောက်နေကြတယ်။ ကျမတို့ မြို့ပေါ်ကျတော့ သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ တောမှာကျတော့လည်း ရပ်ကွက်ထဲကိုဆင်းပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး နေရာလေးကို အမှန်လေး ပေးလိုက်ပါဆိုပြီးတော့ သူတို့က ပြောကြတယ်တဲ့။”

ဒီလို နယ်မြို့တွေမှာ ကြိုတင်မဲတွေ ပေးနေရပြီဖြစ်သလို ဒီကနေ့ အင်းစိန်က အကျဉ်းထောင်ထဲမှာလည်း အချုပ်သားတွေဟာ ဒီကနေ့ ကြိုတင်မဲတွေ ပေးနေရပါပြီ။ အလားတူ အကျဉ်းဦးစီး အရာရှိတွေကိုတော့ အထက်အရာရှိတွေက ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးဖို့ အရင်ကတည်းက ဖိအားပေးပြောဆိုထားတာ ရှိတယ်လို့ ဝန်ထမ်း မိသားစုဝင်တဦးက ပြောပါတယ်။

“ကြိုတင်မဲ ကောက်ခံတာကတော့ အချုပ်သမားတွေ အများကြီး ဖြစ်နိုင်တယ်။ အချုပ်ထောင်မှာ ကောက်နေတယ်လို့ ပြောတယ်။ အပြင်က မီဒီယာ တခုခုကိုလည်း အကြောင်းကြားပြီး ခေါ်ထားတယ်လေ။ အာဏာပိုင်အရာရှိက သူတို့ဝန်ထမ်းတွေကို ခေါ်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးရမယ်ဆိုပြီး ဘယ်ပါတီကိုမှ မဲပေးစရာ မလိုဘူး၊ အခုခေါ်ရတာလဲ မဲပေးပြီးသားလို့ပဲ သဘောထားရမယ်လို့ အဲဒီလို ပြောသွားတယ်။”

ကြိုတင်မဲပေးမှုတွေထက် ဖိအားပေးမှုတွေ၊ မသမာမှုတွေ၊ စိတ်ဝင်စားမှု မရှိတဲ့အခြေအနေတွေ အမျိုးမျိုး ရှိနေကြပေမဲ့ ရန်ကုန်၊ မန္တလေးနဲ့အတူ အခြား မြို့ကြီး အတော်များများမှာတော့ ကြိုတင်မဲတွေကို နီးစနစ်တကျနဲ့ လွတ်လွတ်လပ်လပ် ကောက်ခံယူနေတဲ့ အခြေအနေတွေ ရှိပါတယ်။ အထူးသဖြင့် မဲရုံတွေကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့ ကိုယ်စားလှယ်တွေ သွားရောက်လေ့လာခွင့် ရနေတယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ရဲ့ မင်္ဂလာတောင်ညွှန့် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

“ကြိုတင်မဲတွေကို လွတ်လွတ်လပ်လပ် ပေးလို့ရရဲ့လား။ လိျှု့ဝှက် ဆန္ဒမဲပေးမှုစနစ်ကော ဟုတ်ရဲ့လား ဆိုတာကို ကျနော် ကြည့်ပါတယ်။ အဲဒီအခါကျတော့ လောလောဆယ်တော့ အဲဒီအချက် ၂ ချက်ကတော့ ဟုတ်နေသေးတယ်ဗျ။ အဲဒီတော့ နယ်တွေကတော့ နည်းနည်း သွားရေးလာရေးလည်း အလှမ်းဝေးတယ်။ ဆက်သွယ်ရေးလည်း မြန်မာပြည် ဖြစ်နေတဲ့အတွက်ကြောင့် ခက်ခဲတဲ့အတွက်ကြောင့်မိုလို့ အချိန်နဲ့တပြေးညီ ကျနော်တို့ သတင်းမရသေးပါဘူး။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ ကျကျနန ရှိတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

NDF ပါတီရဲ့ ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ပြောပြခဲ့တာပါ။ အခုလို မဲရုံတွေမှာ ဒီကနေ့စလို့ ကြိုတင်မဲတွေ ပေးနေရပြီဆိုပေမဲ့ နယ်မြို့တချို့၊ အစိုးရဝန်ထမ်းဌာန တချို့နဲ့ စက်ရုံအလုပ်ရုံ တော်တော်များများမှာတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုသာ မဲပေးဖို့အတွက် ကြိုတင်မဲတွေကို လွန်ခဲ့တဲ့ ရက်သတ္တပတ် တော်တော်ကြာကြာ ကတည်းက ကောက်ခံယူထားပြီး ဖြစ်ပါတယ်။

XS
SM
MD
LG