သုံးရလွယ်ကူစေသည့် Link များ

အလုပ်အကိုင်အခွင့်အလမ်းနဲ့ မြန်မာ့ပညာရေး


မြန်မာစက်ရုံအလုပ်သမားတချို့။
မြန်မာစက်ရုံအလုပ်သမားတချို့။
မြန်မာနိုင်ငံက ကောလိပ်ကျောင်းတွေမှာ ဝင်ငွေမြင့် အလုပ်အကိုင်ရှာဖွေရာမှာ အခွင့်အလမ်းကောင်းတွေ ပိုပြီးရရှိစေတဲ့ နိုင်ငံခြား စကားပြော အထူးပြုဘာသာရပ်တွေကို လူငယ် ကျောင်းသူကျောင်းသားတွေ ပိုပြီးတော့ စိတ်ဝင်စား လေ့လာ သင်ယူလာကြပါတယ်။ ဒီအကြောင်းကို မခွာညိုက တင်ပြပေးထားပါတယ်။

ဒီနေ့ခေတ် မြန်မာပြည်တွင်း စီးပွားရေးတခါးဖွင့်ဝါဒနဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ စတင် ကျင့်သုံးလာနေတဲ့အချိန်မှာ ခေတ်နဲ့အညီ လိုက်လျောညီထွေ လူငယ်တွေကလည်း နိုင်ငံခြား ဘာသာစကားတွေကို ပိုပြီး လေ့လာ သင်ယူလာနေကြပါတယ်။ မကြာသေးခင် နှစ်တွေ ကတည်းက နိုင်ငံခြား စီးပွားရေးလုပ်ငန်းကြီးတွေဟာ မြန်မာပြည်ထဲကို ဝင်လာနေခဲ့ကြပြီး ဒေသခံပြည်သူတွေကို ဝင်ငွေကောင်းပြီး ပုံမှန် အမြဲတမ်းတည်တည်ငြိမ်ငြိမ်ရှိနေတဲ့ အလုပ်မျိုးကိုလည်း ဖန်တီးပေးထားနိုင်ခဲ့တာပါ။ ဒါကြောင့် ကောလိပ် ကျောင်းသူကျောင်းသားတွေ အနေနဲ့ ဘွဲ့ရလို့ နိုင်ငံခြား ကုမ္ပဏီတွေမှာ အလုပ်လျှောက်တဲ့ အခါ နေရာကောင်းကောင်းမှာ အလုပ်ရနိုင်ဖို့ နိုင်ငံခြားဘာသာစကားတွေကို သူတို့ရဲ့ အထူးပြုဘာသာအဖြစ် ရွေးချယ် သင်ယူကြပါတယ်။

လက်ရှိမှာ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်နဲ့ ကိုရီးယားဘာသာစကားတွေ ဟာ မြန်မာနိုင်ငံက တက္ကသိုလ်ကျောင်းသား လူငယ်တွေကြား မှာ ရေပန်းအစားဆုံး ဘာသာစကားတွေ ဖြစ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အတန်းတတန်းကို ကျောင်းသား ဦးရေ ၅၀ ကနေ တရာအထိ တိုးမြှင့်လက်ခံပေးထားပါတယ်။

ယန် အဲန်ကီး က တရုတ်စကားကို မွတ်နေအောင် ပြောနိုင်တဲ့သူပါ။ သူက ခရီးသွားလုပ်ငန်းဌာနတစ်ခုမှာ ဧည့်လမ်းညွှန်တစ်ယောက်ပါ။ အသက် ၁၉ နှစ်အရွယ် ယန် ဟာ တလက ယွန် ၈၀၀ ဝင်ငွေရှိပြီး သူနဲ့ သက်တူရွယ်တူတွေကြားမှာတော့ သုံးဆလောက် များတဲ့ ဝင်ငွေကို ရရှိသူ ဖြစ်ပါတယ်။

ယဲန်က အလုပ်ဆင်းတိုင်း နိုင်ငံခြားဘာသာတက္ကသိုလ်ကို သွားပါတယ်။ သူက တရုတ်ဘာသာစကားအပြင် တခြား နိုင်ငံခြား ဘာသာ စကားတွေကို လည်း လေ့လာနေတာပါ။

“ကျမက နိုင်ငံခြား ဘာသာစကားတွေကို လေ့လာနေတာပါ။ ဒါတွေတတ်ရင် လခကောင်းကောင်းအလုပ်ကို ရနိုင်ပါတယ်။ လခကောင်းရင် ကျမရဲ့ ဘဝရှေ့ရေးလည်း ကောင်းနိုင်တာပေါ့။”

မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်းမှာ ၆၀ ရာခိုင်နှုန်းဟာ ငယ်ရွယ်ပြီး တက်ကြွဖျတ်လပ်တဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။ အလုပ်သမားဦးရေ အလုံ အလောက်ရှိတာနဲ့ လုပ်အားခ ဈေးချိုတာတွေဟာ နိုင်ငံခြားကုမ္ပဏီတွေ က မြန်မာပြည်ထဲမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ မျက်စိကျရခြင်း အကြောင်းတွေထဲက တခုလည်းဖြစ်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေ က ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင်တွေကို ထောင် သောင်း ချီပြီး ဖန်တီးပေးနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ လူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ ဦးအောင်မြင့်ဦးက ခုလို ပြောပါတယ်။

“အခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စတင် ဝင်ရောက်လာတဲ့အခါမှာ လုပ်ငန်းကိုင်ငန်းတွေ အမျိုးမျိုး ရှိလာပါတယ်။ လုပ်ငန်းနဲ့ဆိုင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင် ဝန်ထမ်းတွေ အများကြီး လိုအပ်လာမှာဖြစ်ပါတယ်။ ဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်တဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ အခု မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ငန်းတွေ ဖြစ်ထွန်းလာနိုင်လဲ။ ကိုယ်က ဘာကို စိတ်ဝင်စားပြီးတော့ ဘယ်လို လုပ်ငန်းမျိုး ဝင်ရောက် လုပ်ကိုင်ချင်သလဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ရေရှည်မျှော်မှန်းပြီးတဲ့အခါမှာ ကိုယ့်ရဲ့ တက္ကသိုလ်ပညာကို ဆည်းပူးဖို့ လိုပါလိမ့်မယ်။”

သမ္မတဦးသိန်းစိန်ကတော့ အလုပ်အကိုင်သစ်တွေ ပိုပြီးဖန်တီးပေးဖို့ ရှာဖွေနေပါတယ်၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံ အဖြစ်ကနေ လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်နေတယ် လို့ ပြောနေတာပါ။

ဒါပေမဲ့လည်း OECD လို့ခေါ်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်ထဲကပဲ မြန်မာနိုင်ငံဟာ မချမ်းသာလိုက်ရဘဲ အိုမင်းရင့်ရော် သွားနိုင်တဲ့ အန္တရာယ်ရှိနေတဲ့အကြောင်း အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး သတိပေးခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ မြန်မာပြည်က လူငယ် လူဦးရေဟာ နောင် အနှစ်နှစ်ဆယ်ကျရင် လူကြီးပိုင်းကို ရောက် သွားကြမှာ ဖြစ်တဲ့အကြောင်း၊ အခု အခိုက်အတန့်မှာ ဖြစ်ပေါ်နေတဲ့ ဖွံ့ဖြိုးမှုအရှိန်အတိုင်း တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လင်းလာမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အမိအရ ဆုပ်ကိုင်မထားနိုင်ဘူး ဆိုရင် မြန်မာနိုင်ငံရဲ့ လက်ရှိ မျိုးဆက်ဟာ ချမ်းသာသုခကို မခံစားလိုက်ရဘဲ အရွယ်လွန်အိုမင်းသွားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
XS
SM
MD
LG