သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ


တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ
တိုင်းရင်းသားပါတီတွေ ငြိမ်းချမ်းရေးအတွက် ဒေါ်စုနဲ့အတူကြိုးပမ်းဖို့ မူအားဖြင့်သဘောတူ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကိုယ်စွမ်းရှိသရွေ့ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း စာထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်ကို မကြာခင်တုန်းက နေပြည်တော်မှာ ပြည်တွင်းငြိမ်းချမ်းရေးကော်မရှင်ဖွဲ့ဖို့ တင်ပြထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရွေးချယ်ခံရတဲ့ တိုင်းရင်းသားညီနောင် ၅ ပါတီနဲ့ မြန်မာပြည်က ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့က မူအားဖြင့် ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ တုံ့ပြန်လိုက်သလို သက်တမ်းရင့် တော်လှန်ရေးပါတီတခုဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမဲ့ အစိုးရဘက်က လက်ခံဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် ကိုယ်စွမ်းရှိသလောက် ပါဝင်ကြိုးပမ်းဖို့ အသင့်ရှိကြောင်း အိတ်ဖွင့်ပေးစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ ရှမ်းပြည်တပ်မတော် (SSA) တို့ကို ရည်ညွှန်းပြီး မနေ့က ထုတ်ပြန်ခဲ့တာပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ တိုင်းရင်းသားညီနောင် ၅ ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်အပေါ် ကြိုဆိုလိုက်ပြီး မူအားဖြင့် လက်တွဲလုပ်ဆောင်နိုင်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ပူးဇိုဇမ်က ပြောပါတယ်။

“ညီနောင် ၅ ပါတီအနေနဲ့ကတော့ ကျနော်တို့ တော်တော် အံ့သြသွားပါတယ်။ မထင်မှတ်ဘူးဗျာ ဒီကိစ္စနဲ့ပတ်သက်လို့။ ဘာပဲပြောပြော ကျနော်တို့ ကြိုဆိုရမှာပေါ့ဗျာ။ ငြိမ်းချမ်းရေးအတွက် လုပ်ကြတာပဲ။ ကြီးကြီးငယ်ငယ် ကျနော်တို့ အကုန်လုံး ဝိုင်းဝန်းပြီးတော့မှာလုပ်မယ့်ကိစ္စပါ။ တခုပဲရှိတာပေါ့ဗျာ ဒေါ်စုအနေနဲ့ ကျနော်တို့ နှစ်ပေါင်း ၂၀ လောက် ပြောရမယ့်ကိစ္စကို မနေ့ကမှလုပ်တယ်ဆိုတာကတော့ ကျနော်တို့က တခုတော့ စဉ်းစားစရာ ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကြိုဆိုပါတယ်။ ကျနော်တို့က လုပ်ပါ ဒေါ်စု၊ ဒါဟာ လုပ်သင့်တာ ကြာပါပြီလို့ ကျနော် အဲဒီလိုပဲ မှတ်ချက်ပေးချင်ပါတယ်။”

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ပါဝင်တဲ့ ညီနောင် ၅ ပါတီဟာ ဒီလ ၂၇ ရက်နေ့ နေပြည်တော်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ဆုံစဉ်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မရှင်တရပ်ဖွဲ့ဖို့ လိုကြောင်း ပြောဆိုထားတာဖြစ်ပါတယ်။

ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ပူးဇိုဇမ်က ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုရင် နိုင်ငံရေးပါတီတွေ အားလုံးသာမက လူထုတရပ်လုံးပါဝင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒုတိယ အင်အားအကောင်းဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုရင် ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်နဲ့မဆို မူရအရ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။

“ကျနော်တို့ရဲ့ အခြေခံရပ်တည်ချက်ပေ့ါနော်။ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေး နောက်တခါ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ အခြေခံရပ်တည်ချက်အပေါ်မှာ ကျနော်တို့မှာ ဂိုင်းဂဏမရှိပါဘူး။ ဘယ်သူပဲ ဆောင်ရွက်ဆောင်ရွက် ဒီအခြေခံရပ်တည်ချက်အပေါ်မှာ တူရင် ကျနော်တို့ စုပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဒါဟာ တိုင်းရင်းသားတွေ တွေ့ပေးမယ့်ကိစ္စပဲ၊ အဲဒါဆိုရင် ကျနော်တို့ ပုဂ္ဂလိကသတ်မှတ်ချက် ကျနော်တို့မှာ မရှိပါဘူး။ ဒီဟာနဲ့ပတ်သက်လို့ တူတယ်ဆိုရင် ကျနော်တို့က အားလုံး လက်ခံဖို့ရှိပါတယ်ခင်ဗျ။”

မြန်မာပြည်က တော်လှန်ရေး သက်တမ်းအရင့်ဆုံး ပါတီတခုဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထားကိုတော့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် အခုလိုပြောတာဟာ ပြောသင့်ပြောထိုက်တဲ့ကိစ္စတခုပဲလို့ ယူဆပါတယ်။ ပြည်တွင်းစစ်ကိစ္စနဲ့ပတ်သက်လို့ သူကလုပ်တာကို အစိုးရက လုံးဝဂရုစိုက်မှာ မဟုတ်ပါဘူး။ အဲဒါကတော့ သေချာပါတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ကြောင့် မဟုတ်ပါဘူး။ အစိုးရရဲ့ သန္ဓေကြောင့်ပါ။ မြန်မာပြည်မှာ ပြည်တွင်းစစ်ကို သူတို့ စွန့်လွှတ်လို့မရဘူး။ သူတို့ စစ်အစိုးရတွေက မွေးကိုထားတာ။ အဲဒါတွေကို သူတို့လုပ်ချင်ရာတွေလုပ်၊ ပြီးတော့ ဘယ်သူ့စကားကိုမှ သူတို့က နားထောင်မှာမဟုတ်ဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြောလဲ နားထောင်မှာမဟုတ်ဘူး။ ပြည်တွင်းက ပုဂ္ဂိုလ်များကိုလဲ နားထောင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ပြောလို့ လိုက်လုပ်တယ်ဆိုတာမျိုး လုံးဝအဖြစ်မခံပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အတွက် ကျနော်တို့ဘက်ကတော့ ဒီလို မပြောရမဆိုရဘူးလို့ မဆိုလိုပါဘူး။ ပြည်သူလူထုဆန္ဒကတော့ အဲဒီလိုပဲ ပြောနေရမှာပဲ။”

ကချင်၊ ကရင်၊ မွန်နဲ့ ရှမ်း စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုထားပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့ပြီးတဲ့နောက်ဖွဲ့စည်းခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ကျော်နဲ့ အပစ်အခတ်ရပ်စဲခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်လက်ထက်မှာတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG