သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်/ကျဉ်းတွေလွှတ်မှ EU ဒဏ်ခတ်မှု ရုပ်မည်


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဇန်နဝါရီလ ၆၊ ၂၀၁၂)
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဇန်နဝါရီလ ၆၊ ၂၀၁၂)

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသရွေ့ EU ရဲ့ ဒဏ်ခတ်မှုတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် (William Hague) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအရှိန်ကို မြင်နေရပေမဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတဲ့အတွက် မြန်မာအစိုးရအပေါ် ပေးထားတဲ့ ဖိအားတွေကို အစောတလျင် လျှော့ပေါ့ မပေးသင့်ဘူးလို့ ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က လုပ်နေတဲ့ အပြောင်းအလဲတွေကို အားပေးဖို့ မြန်မာနိုင်ငံကို ရောက်လာကြတဲ့ အဆင့်မြင့် သံတမန်တွေထဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ် ဟာ နှစ်သစ်မှာ ပထမဆုံး ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီကနေ့ မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး သတင်းထောက်တွေကို မြန်မာနိုင်ငံမှာ လုပ်ဖို့လိုနေသေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ကျန်သေးတယ်လို့ ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကို ဗြိတိန်နိုင်ငံက ထောက်ခံအားပေးပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအဝင် လုပ်စရာတွေ အများကြီး လိုနေသေးတယ်လို့ ဝန်ကြီး မစ္စတာဟိတ်ဂ် က အခုလို ပြောပါတယ်။

“ကိုယ့်ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဒီနိုင်ငံဟာ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ ပြောဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာအစိုးရအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြင်ဆင်ဖို့ဆိုရင်တော့ ဒီလို ထောင်ချခံထားရသူတွေ ပြန်လွတ်လာရေးဟာ အင်မတန်ကို အခရာကျပါတယ်။” - လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိဂ်က ပြောသွားတာ ဖြစ်ပါတယ်။

မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေကို ကြားနေရတဲ့အတွက် ဒီကိစ္စကို အစိုးရဘက်က ပိုပြီး စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဖို့လိုတယ်ဆိုတာ ရှင်းပါတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံကို ကြာသပတေးနေ့ကစပြီး ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဝန်ကြီး မစ္စတာဂိတ်ဂ် ဟာ နေပြည်တော်မှာ မနေ့က သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးမှုတွေမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ် မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ကင်းဝေးသွားအောင် ဆောင်ရွက်ရေးတွေကို ဗြိတိန်အစိုးရက မြင်ချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို မစ္စတာဂိတ်ဂ်က ခုလို ပြောပါတယ်။

“ပြုပြင်ပြောင်းလဲရေး အရှိန်ရနေတာကတော့ သေချာတယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရ အဖွဲ့ဝင်တွေ ကြားထဲမှာတင် မြင်နေရတာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေမှာလည်း အပြောင်းအလဲတွေ ဖြစ်လာမယ် ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိလာတာကို တွေ့ရပါတယ်။” - လို့ ပြောသွားတာ ဖြစ်ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲ တလျှောက်လုံးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ၊ နောက်ထပ် တိုးတက်မှုတွေ အများကြီး လိုနေသေးတယ် ဆိုတာကိုတော့ ထပ်တလဲလဲ ပြောသွားတာကို တွေ့ရပါတယ်။ ပူးတွဲသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ခံစားချက်တွေကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟာ ထပ်တူထပ်မျှ ပြောကြားသွား ခဲ့တယ်လို့ ပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသား ပဋိပက္ခတွေအားလုံး အဆုံးသတ်သွားဖို့ အားထုတ် ဆောင်ရွက်သင့်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ တွေကိုလည်း လွတ်လပ် မျှတမှု ရှိစေချင်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ NLD ကောင်းကောင်းကြီး အနိုင်ရတာကို မြင်ချင်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပြီးနောက်မှာ လုပ်လာတဲ့ ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အရင်က မြန်မာအစိုးရနဲ့ အဆက်အဆံမလုပ်ခဲ့တဲ့ ဗြိတိန်၊ အမေရိကန် စတဲ့အနောက်နိုင်ငံတွေက ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ ရန်ကုန်မှာ ကိုယ်စားလှယ်ရုံးခွဲ တစ်ခုထားမယ်ဆိုတာကိုလည်း မစ္စတာ ဟိတ်ဂ် မြန်မာနိုင်ငံ ရောက်နေချိန်မှာ EU က ကြေညာခဲ့ပါတယ်။ ဒီလို မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တဲ့နေရာမှာ သတိထားသင့်တာနဲ့ ပတ်သက်လို့လည်း မစ္စတာ ဟိတ်ဂ်က -

“ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးသွားပါပြီလို့ ယူဆလိုက်မှာကို သတိထားသင့်ပါတယ်။ တကယ်တော့ လုပ်နေတဲ့ ပြောင်းလဲမှုတွေဟာ လမ်းတဝက်မှာပဲ ရှိနေသေးတယ် ဆိုတာကို မေ့နေကြမှာကို သတိထား သင့်ပါတယ်။ အစိုးရအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ၊ EU ရဲ့ ကန့်သတ်ထားမှုတွေအပေါ်မှာ ဆုံးဖြတ်ချက် တစ်ခုခုမချခင်မှာ နောက်ထပ် ပြောင်းလဲမှုတွေကို ထပ်ပြီး မြင်ချင်ပါတယ်။ အခုချိန်ထိလုပ်နေတဲ့ အပြောင်းအလဲတွေက မလုံလောက်သေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေပါသေးတယ်။ ကျနော်တို့အနေနဲ့ အစိုးရအပေါ် ပေးထားတဲ့ဖိအားကို အစောတလျင် လျှော့ပေါ့မပေးဖို့ အရေးကြီးပါတယ်။” - လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ဂ်က ပြောသွားတာ ဖြစ်ပါတယ်။ ဝန်ကြီးဟာ တိုင်းရင်းသား ခေါင်းဆောင် တချို့ အပြင် နိုင်ငံရေး အကျဉ်းသားတချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

XS
SM
MD
LG