သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်ချက်တွေရှိဟု ဥရောပကော်မရှင်ဥက္ကဋ္ဌ မှတ်ချက်ပြု


ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso။ (အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၂)။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jose Manuel Barroso။ (အောက်တိုဘာလ ၁၈ ရက်၊ ၂၀၁၂)။
ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ဘာရိုဆို (José Manuel Barroso) က မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေး တော်တော်များများ လုပ်ဆောင်လာတာ တွေ့ရပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရသေးတာလို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခမျိုးတွေကို ဖြေရှင်းရမယ့် စိန်ခေါ်ချက်တွေဟာ ရှိနေတုန်းပဲလို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့ ရန်ကုန်မြို့က ငြိမ်းချမ်းရေးစင်တာ မှာ ဒီကနေ့ တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့တာပါ။ အပြည့်စုံကိုတော့ ဒီပွဲကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ သတင်းထောက် ကိုသူရစိုးကို မနန္ဒာချမ်းက မေးမြန်းထားပါတယ်။

မနန္ဒာချမ်း။ ။ ဒီကနေ့ ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် နဲ့ ဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံခဲ့တယ်ဆိုတော့ သူတို့ အဓိက မြန်မာပြည် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေး ပြောဆိုခဲ့ကြလဲရှင့်။

ကိုသူရစိုး။ ။ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးအောင်မင်း ပြောသွားတာကို ငြိမ်းချမ်းရေး စင်တာကို သမ္မတကြီးက ဖွင့်ခွင့်ပေးလိုက်ပြီ။ ဒီအထဲမှာ တိုင်းရင်းသားတွေ ပါဝင်လာမှာဖြစ်သလို နယ်မြေဒေသ ဖွံ့ဖြိုးရေးအတွက် တနေရာတည်းမှာ လုပ်လို့ရဖို့အတွက် ဒီ ငြိမ်းချမ်းရေး စင်တာကို ဖွင့်လိုက်တာလို့ ဦးအောင်မင်းက ပြောသွားပါတယ်။

ဦးအောင်မင်း။ ။ “ငြိမ်းချမ်းရေးစင်တာ (Peace Center) ကို သမ္မတကြီးရဲ့ အမိန့်နဲ့ (presidential order) နဲ့ ဖွဲ့ခွင့် ပေးလိုက်တယ်။ အဲဒီထဲမှာ ဘယ်သူတွေပါလဲ ဆိုတော့ အစိုးရပါမယ်။ နောက်ပြီးတော့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါမယ်။ နောက်ပြီးတဲ့အခါ ကျတော့ ငွေကြေးအလှူရှင်တွေ ပါမှာပေါ့။ အဲဒီ အလှူရှင် supporting group မှာလည်း ကျနော်တို့ အခု ကျနော်တို့ ကတိပေးထားတာပေါ့။ နိုင်ငံ ၆ နိုင်ငံ ရှိတာပေါ့။ နော်ဝေ၊ သြစတြေးလျ၊ ယူကေ၊ World Bank ၊ UN အဲဒီအဖွဲ့တွေပေါ့။ ဒါကတော့ ပြောရရင်ဗျာ ငြိမ်းချမ်းရေး ရသွားပြီးရင် ဒီနယ်မြေဒေသမှာ ဖွံ့ဖြိုးတိုးတက်ရေးတွေ လုပ်ရမယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာပါတဲ့ demining, demobilization, rehabilitation၊ နောက်ပြီးတော့ security sector reform ဒါတွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ ပါတဲ့ အစီအစဉ်တွေပေါ့။ ဒါတွေ အားလုံးကို ကျနော်တို့ လုပ်သွားမှာ။ သို့သော် ဒီလို ဖွဲ့လိုက်ခြင်းအားဖြင့် ကျောင်းဆောက်ချင်တဲ့သူက ပညာရေးဝန်ကြီး သွားပြောစရာ မလိုတော့ဘူး။ ဆေးရုံးဆောက်ချင်တဲ့သူက ကျန်းမာရေးဝန်ကြီးဌာန သွားပြောစရာ မလိုဘူး။ ဒီမှာပဲ workshop service တခါတည်း လုပ်သွားမယ်။”

မနန္ဒာချမ်း။ ။ ဒါဆိုရင် ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေး မန်နျူရယ် ကရော မြန်မာနိုင်ငံ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ပြုပြင် ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သက်လို့ သူ့ဘက်က တခုခု ပြောတာမျိုးရော ရှိလားရှင့်။

ကိုသူရစိုး။ ။ ဟုတ်ကဲ့။ သူက မြန်မာနိုင်ငံဟာ အခုအခါ လမ်းကြောင်းမှန်ပေါ် ရောက်နေ ပြီ။ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား လုပ်ဆောင်နေတယ် ဆိုပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတုန်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရဘဲ ဒီမိုကရေစီ မဖော်ဆောင်နိုင်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ်၊ လွှတ်ပေးဖို့လိုတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယို ပဋိပက္ခတွေကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲ ထိခိုက်မှုတွေ ဖြစ်လာမှာ စိုးရိမ်တယ်။” လို့ ပြောပါတယ်။

နောက်တခုက သူ့အနေနဲ့ ဒါတွေကို အာဏာပိုင်တွေအနေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ကိုလည်း သူ တိုက်တွန်းခဲ့တယ်လို့ ပြောသွားပါတယ်။ ဒါနဲ့တဆက်တည်းပဲ ဒီ ငြိမ်းချမ်းရေး စင်တာရဲ့ အကြံပေးတဦးဖြစ်တဲ့ ဒေါက်တာ သန့်မြင့်ဦးကလည်း ဒီ ငြိမ်းချမ်းရေးစင်တာမှာ ဝန်ကြီး ဦးအောင်မင်းနဲ့ အီးယူကော်မရှင် ဥက္ကဋ္ဌနဲ့ လက်မှတ်ထိုးတယ် ဆိုတာဟာ အီးယူအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံတာရယ်၊ ငြိမ်းချမ်းရေးစင်တာ ကို ထောက်ခံတဲ့ အကြောင်းနဲ့ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေးစင်တာရဲ့ နောက်ဆက်တွဲ လုပ်သွားမယ့် လုပ်ဆောင်ချက်တွေကို ရှင်းပြပါတယ်။

ရန်ကုန်မှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုသူရစိုးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန် ငြိမ်းချမ်းရေးစင်တာမှာ မြန်မာအစိုးရဝန်ကြီး ဦးအောင်းမင်းနဲ့ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ်တို့ တွေ့ဆုံချိန်မှာ အဓိက ကတော့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော် ဖြစ်မြောက်အောင်လို့ ဥရောပ ကော်မရှင် အနေနဲ့ အကူအညီတွေ ပေးအပ် သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မစ္စတာ ဟိုဆေးဟာ ရန်ကုန်ကို မလာခင် ဒီကနေ့ မနက်ပိုင်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဒေါ်လာ သန်း ၂၀၀ ကို ရှေ့လာမယ့်နှစ်ကစလို့ ထောက်ပံ့ ကူညီဖို့ကိုလည်း ကတိပြုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG