သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသုံးသပ်


မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသုံးသပ်

မြန်မာအစိုးရဘက်က စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ရင် ဥရောပသမဂ္ဂ (EU) က မြန်မာအစိုးရအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အကန့်အသတ်နဲ့ လျှော့ချပေးဖို့ အီးယူက စဉ်းစားနေပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့မှာ ဒီကနေ့ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာပြည်အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတွေကို သက်တမ်းတိုးဖို့ ပြန်လည်သုံးသပ်ရာမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရသစ်ထဲက အရပ်ဘက် ခေါင်းဆောင် တချို့အပေါ် ပြည်ဝင်ခွင့် ဗီဇာပိတ်ထားတာကို ယာယီအားဖြင့် တနှစ် ရုပ်သိမ်းပေးသွားဖို့ ဆွေးနွေးနေတယ်လို့ အီးယူအဖွဲ့ဝင် အစိုးရအရာရှိတွေနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒီကနေ့ ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြတဲ့အခါ ကျလာနိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွန်ကြားရေးမှူး မာ့က် ဖာမာနာ (Mark Farmaner) က ပြောပြပါတယ်။

“မြန်မာအစိုးရ၀န်ကြီးတွေအပေါ် လက်ရှိချမှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီစာ ပိတ်ဆို့ထားတာတွေကို ဆက်လက် ထားရှိသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ထဲမှာပါလာတဲ့ ၀န်ကြီးအသစ်တွေ ကိုတော့ တနှစ် ရုတ်သိမ်းပေးထားမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါဟာ အစိုးရသစ်အနေနဲ့ အရပ်သား တွေကို အစိုးရရဲ့ အရေးပါတဲ့နေရာတွေမှာ တိုးချဲ့ ခန့်အပ်မယ်ဆိုရင်၊ စစ်မှန်တဲ့ ပြောင်းလဲမှုကို ဖော်ဆောင် ပေးမယ်ဆိုရင် တို့ဘက်ကလဲ အလျှော့ပေးသွားဖို့ အဆင်သင့်ပဲဆိုတာကို အီးယူဘက်ကလည်း ပြသလိုက် တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့ပြောင်းလဲမှုတွေကို မြန်မာအစိုးရဘက်က လုပ်မလာရင်တော့ အဲဒီ အရပ်သား ၀န်ကြီးအဖွဲ့ဝင်တွေလည်း တနှစ်ကြာတဲ့အခါ ပြည်ဝင်ခွင့်ဗီစာ အပိတ်ခံရတဲ့ စာရင်းထဲ အထည့်ခံရမှာပါပဲ။”

အီးယူဖက်က အခုလို အပြုသဘောဆောင်တဲ့ မူဝါဒတွေကို ပြင်ဆင် ချမှတ်ဖို့ စဉ်းစားလာတာဟာ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာကို မြင်တွေ့လိုတဲ့အတွက် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံထဲမှာ ပြောင်းလဲမှုတွေ ဖော်ဆောင်ရင် ပိတ်ဆို့အရေးယူမှုတွေကို အီးယူဖက်က လျှော့ပေးဖို့ အဆင်သင့်ရှိတယ် ဆိုတာကို အချက်ပေးလိုက်တာပါ။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲမှုမျိုးကို လိုချင်တယ်ဆိုတဲ့ အပေါ်မှာတော့ အီးယူဖက်က ပြတ်ပြတ်သားသား ရှိဖို့လိုပါတယ်။ ဒါကြောင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ မချခင်မှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD တို့နဲ့ အရင် ဆွေးနွေးပြီး ဘာတွေကို ချမှတ်လုပ်ဆောင်သင့်တယ် ဆိုတာကို ကျနော်တို့က ညှိနှိုင်းစေချင်တာပါ။ ဥပမာအားဖြင့် တကယ်လို့ မြန်မာအာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လို ပိတ်ဆို့ အရေးယူမှုတွေကို အီးယူဘက်က ရုပ်သိမ်း ပေးမှာလဲ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတာတွေကို ရပ်တန့် လိုက်ရင် ဘယ်လို ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးမှာလဲ စသဖြင့် အီးယူဘက်က ပြတ်ပြတ်သားသား ဖြစ်ဖို့ လိုပါတယ်။”

အီးယူနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ စည်းဝေးပွဲကို ဒီကနေ့ ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေကြတာဖြစ်ပြီး ဘရပ်ဆဲလ် ဒေသစံတော်ချိန် ညနေစောင်းပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို တရားဝင် ထုတ်ပြန်နိုင်လိမ့်မယ်လို့ အီးယူ အရာရှိတွေက ပြောပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ လောလောဆယ် မြန်မာနိုင်ငံကို တရားဝင် သွားရောက်ခွင့် မရှိကြပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေး အတွင်း မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံရေးအရ ဖိအားတွေ ပိုပေးနိုင်အောင် အီးယူဝန်ကြီးတွေ မြန်မာပြည်ကို တရားဝင် သွားခွင့်ပြုဖို့ ဆုံးဖြတ်ချက် ကျကောင်း ကျနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အီးယူ ၀န်ကြီးတွေ မြန်မာပြည်ကို သွားဖြစ်တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကိုတွေ့ရမယ် ဆိုတဲ့ မူဝါဒကိုလည်း ချမှတ်နိုင်တယ်လို့ မာ့က်ဖာမာနာ က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အီးယူရဲ့ သဘောထား ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် အခုလို သဘောထား ပျော့ပြောင်းတဲ့ မူဝါဒတွေ ချမှတ်လာနိုင်အောင် ဂျာမနီနဲ့ အီတလီနိုင်ငံတို့က နောက်ကွယ်ကနေ ကြိုးပမ်း နေကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ EU က ၁၉၉၆ ခုနှစ်ကတည်းက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ကျင့်သုံး လာနေတာဖြစ်ပြီး တနှစ်တခါ သက်တမ်း တိုးလာနေခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ် ပေါ်ပေါက်လာပေမဲ့လည်း အပေါ်ယံ အပြောင်းအလဲတွေသာ ဖြစ်တာမို့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အဓိက နိုင်ငံရေး အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကတော့ ဒဏ်ခတ်မှုတွေဟာ လူထုထက် အုပ်ချုပ်သူတွေနဲ့ သူတို့နဲ့နီးစပ်သူတွေကိုသာ ထိခိုက်စေတာမို့ ထိရောက်မှု ရှိတဲ့အကြောင်း သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG