သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေသက်တမ်းတိုးဖို့ အမေရိကန်လွှတ်တော် ၂ ရပ် အတည်ပြု


၂၀၀၃ ခုနှစ်က ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံကနေ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို အမေရိကန် အထက်နဲ့ အောက် လွှတ်တော် နှစ်ရပ်စလုံးကနေ မနေ့က သက်တမ်း တစ်နှစ် ထပ်တိုးလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေ အပေါ် အသိအမှတ်ပြုပေမဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်လာဖို့ မျှော်လင့်ပြီး ဒီ ဥပဒေ ကြမ်းထဲမှာ အမေရိကန် သမ္မတရဲ့ လျှော့ပေါ့ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ထည့်သွင်းပေးထားတယ်လို့ ဒီ ဥပဒေ သက်တမ်းတိုးရေး အဆိုတင်သွင်းတဲ့ ဥပဒေပြု အမတ်တွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြပေးထားပါတယ်။

အခုလို ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သွင်းကုန်ပိတ်ဆို့မှု ဥပဒေကို လွှတ်တော် နှစ်ရပ်စလုံး သက်တမ်း တိုးလိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး အလေးပေးဆောင်ရွက်ကြတဲ့ လွှွတ်တော် အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီဥပဒေထဲမှာပဲ သမ္မတ အာဏာနဲ့ လျှော့ပေါ့ ပေးနိုင်တဲ့ လုပ်ပိုင်ခွင့် ကိုလည်း ထည့်သွင်းထားပါတယ်။ ဒါကြောင့် အရေးယူမှု ဥပဒေ သက်တမ်း တိုးလိုက်တယ် ဆိုပေမယ့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ်တည်ပြီး အရေးယူမှုတွေကို လျှော့ပေါ့ပေးဦးမယ့် လက္ခဏာလည်း တွေ့ရပါတယ်။

ဒီ ဥပဒေ သက်တမ်းတိုးရေး အတွက် အောက် လွှတ်တော်မှာ အဓိက ကမ ကထ ဆောင်ရွက် သူ အောက်လွှတ်တော် အမတ် Joseph Crowley ကတော့ ဒီ ဥပဒေကို သက်တမ်းတိုးလိုက်တာဟာ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ လူ့အခွင့်အရေးအတွက် အလေးအနက် ရှိနေတယ် ဆိုတာကို ပြသတာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ အမေရိကန်ဘက်က ကူညီဖို့ ပိုင်းဖြတ်ထားတယ်ဆိုတာကို ပြသတဲ့ ဥပဒေကြမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက မြန် မာနိုင်ငံကို ကျနော်ရောက်ခဲ့ပါတယ်။ ဒါဟာ ၁၂ နှစ်အတွင်း အောက်လွှတ်တော်ကနေ ပထမဆုံး သွားရောက်တဲ့ လွှတ်တော်အမတ်တဦးခရီးစဉ်ဖြစ်ခဲ့ပါတယ်။

ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ခြေ ရှိတယ်ဆိုတာကို ကျနော် မျက်မြင် တွေ့ခဲ့ပါတယ်။ လွတ်မြောက်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ တွေ့ခဲ့ပါ တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ခဲ့ပါတယ်။ သတ္တိပြောင်မြောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။”
မြန်မာအာဏာပိုင်တွေနဲ့ နီးစပ်သူတွေကတော့ အခုလို အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူမှုတွေဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကြောင့် ဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ဟိုးကတည်းက ရှိနေတာပါ။ အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လေ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ လူချင်း တွေ့ခဲ့စဉ်မှာ အခုလို အရေးယူမှုတွေ လုပ်ဖို့ဆိုတာကို တိုက်တွန်းတာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံကို နိုင်ငံတကာ ဖိအားတွေ လျှော့ပေါ့သွားဖို့ ဒေါ်စုက တိုက်တွန်းပါတယ်။ ဒါပေမယ့် လည်း ဒီ ဥပဒေကို သက်တမ်းတိုးပြီး ပြုလွယ်ပြောင်းလွယ်ဖြစ်အောင် လုပ်ထားခြင်းအားဖြင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆံ ုးလွတ်မြောက်လာဖို့၊ ကချင်နဲ့ ရိုဟင်ဂျာတို့ အပါအဝင် မြန်မာနိုင်ငံက လူနည်းစုတွေ တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ဖို့ မြန်မာ နိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုက လိုလားတယ် ဆိုတာကို ပြလိုက်တာပါ။ ဒါကြောင့် ဒီဥပဒေ သက်တမ်းတိုးရေးအတွက် ကျနော် အပြင်းအထန် တိုက်တွန်းတာပါ။”

၂၀၀၃ ခုနှစ် မြန်မာနိုင်ငံနဲ့ပ တ်သက်လို့ သွင်းကုန် ပိတ်ဆို့မှု ဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်းအနီးမှာ အစိုးရလိုလားသူတွေက အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီးနောက် အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို အရေးယူခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ ဥပဒေဟာ ပြီးခဲ့တဲ့ ဇူလှိုင် ၂၈ ရက်နေ့က သက်တမ်းကုန်ခဲ့တာပါ။
အခု ဒီဥပဒေကို နောက်ထပ် သုံးနှစ်ဆက်သွားဖို့ အောက်လွှတ်တော်က ဆုံးဖြတ်တာဖြစ်ပေမဲ့ အရေးယူမှု ဆက်လုပ် မလုပ်ဆိုတာကို တနှစ်ချင်း သုံးသပ် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအပေါ် အမေရိကန်က သုံးနှစ်အရေးယူမှု သက်တမ်း ထပ်တိုးမယ် ဆိုပြီး ပြောဆိုနေတဲ့အချက်ဟာ မှားယွင်းတယ်လို့ အထက်လွှတ်တော်အမတ် မက်ကောနယ်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီ ဥပဒေကို လွှတ်တော်နှစ်ရပ်ကနေ တနှစ်ချင်း သက်တမ်းတိုးရမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။

ဒါ့အပြင် ဒီ ဥပဒေ သက်တမ်းတိုးတာကြောင့် အမေရိကန်အစိုးရကနေ ဒီနှစ်အစောပိုင်းတုန်းက ရင်းနှီး မြှုပ်နှံမှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပိတ်ပင်ထားတာကို လျှော့ပေါ့ပေးခဲ့တာအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူးလို့လည်း ထောက်ပြပါတယ်။ ဒီ ဥပဒေပါ လိုလား သတ်မှတ် ချက်တွေ ပြည့်စုံမှုရှိလာတာနဲ့ ဒီ တားမြစ်မှု ဥပဒေကို လျှော့ပေါ့ပေးနိုင်တဲ့ အခွင့်အာဏာကိုလည်း ထည့်သွင်းထားပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို အမေရိကန်အစိုးရပိုင်းက လုပ်ပိုင်ခွင့်အရ အရေးယူမှုတွေ လျှော့ပေါ့ပေးမယ်လို့ စဉ်းစားတဲ့အခါမှာလည်း မြန်မာနိုင်ငံထဲက အပြောင်းအလဲတွေကိုတင် ထည့်သွင်းစဉ်းစား တာမဟုတ်ဘဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ နီးနီးကပ်ကပ် တိုင်ပင်ညှိနှိုင်းဖို့ အထက် လွှတ်တော်အမတ် မက်ကောနယ်က အမေရိကန်အစိုးရကို အလေးအနက် တိုက်တွန်းထားပါတယ်။

ရင်းနှီးမြှုပ်နှံမှုသစ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်ခွင့် အမေရိကန် ပြည်ထောင်စုက ခွင့်ပြုထားတဲ့အပေါ် ကြိုဆိုပေမဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေကြောင့် အပြုသဘော အကျိုးဖြစ်ထွန်းမှုတွေ ရှိတယ်ဆိုတာကို မြန်မာလူထုရော ကမ္ဘာကပါ သိဖို့ ကျင့်ဝတ်သိက္ခာနဲ့ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လည်း အထက်လွှတ်တော်အမတ် မက်ကောနယ်က တိုက်တွန်းထားပါတယ်။

အခု သက်တမ်းတိုးလိုက်တဲ့ ၂၀၀၃ မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေဟာ အတည်ဖြစ်ဖို့ကတော့ သမ္မတအိုဘားမား လက်မှတ်ထိုးဖို့ ကျန်ပါသေးတယ်။ အခြား ဥပဒေ တရပ် ဖြစ်တဲ့ ၂၀၀၈ ခုနှစ် JADE ဥပဒေကိုလည်း မကြာခင် အမေရိကန်လွှွတ်တော်အတွင်း သက်တမ်းတိုးရေး မတိုးရေး ဆွေးနွေး ဆုံးဖြတ်ကြရဦးမှာဖြစ်ပါတယ်။
XS
SM
MD
LG