သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်မြေသိမ်းပြဿနာ ဖြေရှင်းမှု လွှတ်တော်မှာ မေးခွန်းထုတ်ခံရ


ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်းမှာ လယ်ယာမြေ ပြန်လည်ရရှိရေး ကြိုးစားတဲ့ လယ်သမားတွေ အမှုရင်ဆိုင်နေရတာတွေ အမြန်ပြီးပြတ်ရေး ဆောင်ရွက်မှု ရှိ မရှိ ဆိုတာနဲ့ပတ်သက်ပြီး တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ်က မေးခွန်းမေးခဲ့ပါတယ်။

စစ်အစိုးရလက်ထက်က မြေသိမ်းမှုတွေနဲ့ပတ်သက်ပြီး တချို့တင်ပြထားတဲ့ အမှုတွေကို အစိုးရက ဖြေရှင်းပြီးဖြစ်တယ်လို့ တင်ပြလာတဲ့ ကိန်းဂဏန်းတွေဟာ လွဲမှားနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုသလို အစိုးရဘက်က မြေသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်တာမျိုး မရှိဘူးလို့လည်း ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တောင်ဥက္ကလာမဲဆန္ဒနယ်က ဦးအောင်သိန်းလင်းက လယ်ယာမြေ လုပ်ပိုင်ခွင့်ရ လယ်သမားတွေက ဝင်ရောက် ထွန်ယက်ရာမှာ ဥပဒေနဲ့အညီ လုပ်ပိုင်ခွင့်မရသေးတဲ့ ကုမ္ပဏီတွေက တရားစွဲဆိုနေတာ သင့် မသင့် သုံးသပ်ဖို့နဲ့ ကာလကြာရှည်စွာ အမှုရင်ဆိုင်နေရသည့် တောင်သူလယ်သမားများအား အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိ မရှိ မေးခွန်းထုတ်ခဲ့တာပါ။

“လယ်သမားဘက်က နစ်နာတယ်။ လယ်သမားတွေဘက်က နဂိုကတည်းက သူ့မြေသိမ်းခံရလို့ သူက အလုပ်လက်မဲ့ ဖြစ်တယ်။ လုပ်စားစရာ ပျောက်သွားတဲ့အချိန်မှာ တခါ သူ့ကို ထပ်ပြီး တရားစွဲခံရတဲ့အတွက် သူက တရားရုံးမှာ ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတော့ တစ်ပူပေါ်မှာ နှစ်ပူဆင့်ပြီးတော့ လယ်သမားတွေ ဘဝပျက်တာပေါ့ဗျာ။ တချို့ လယ်သမားတွေက တရားစွဲခံရလို့ တရားရင်ဆိုင်ရတာ တရားရုံးကို အကြိမ်ကြိမ်သွားရလို့ နောက်ဆုံး စရိတ်မတတ်နိုင်လို့ အဝတ်စားတောင် ပေါင်ပြီးတော့မှ သွားရတာမျိုးတွေ ရှိနေတာကို ကျနော်တို့က ကြားသိနေရတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က လယ်သမားတွေအားလုံးက သူတု့ိရဲ့ အခက်အခဲတွေကို ကျနော်တို့ကို လာတင်ပြနေတဲ့အတွက် ကျနော်တို့ ကြားရတာဟာ တော်တော်လေးကို ရင်ထုမနာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကျနော်တို့က တရားမျှမျှတတဖြစ်အောင် လယ်သမားတွေကိုလည်း အရာရာမှာ ကိုယ်ချင်းစာပြီးတော့မှ ဆောင်ရွက်နိုင်ကြအောင်လို့ ကျနော်တို့က ဒီမေးခွန်းကို မေးပေးတာပါ။”

ပြည်ထောင်စုလွှတ်တော် တရားသူကြီးချုပ် တရားသူကြီး ဦးမြင့်အောင်ကတော့ တရားရုံးများအနေနဲ့ နစ်နာတဲ့ ကာယကံရှင်ရဲ့ တိုင်ကြားချက်အပေါ် အမှုတစ်ခုချင်းအလိုက် စိစစ်အရေးယူ ဆောင်ရွက်ရခြင်းဖြစ်ပြီးတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ နဲ့ ၄၄၇ တို့အရ စွဲဆိုသည့်အမှုများ ကာလရှည်ကြာစွာ အမှု ရင်ဆိုင်ဖြေရှင်းနေရတဲ့ အခြေအနေမျိုး မဖြစ်ပေါ်စေဖို့အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မြန်ဆန်ဆန် စစ်ဆေးပြီး ပြီးပြတ်အောင် ဆောင်ရွက်နေပါတယ်လို့ ဖြေကြားခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၂၁ ရက် ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တိုင်ကြားမှုတွေထဲက အမှုပေါင်း ၄၂၃ မှုကို ဖြေရှင်းပြီးဖြစ်တယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဦးအုန်းသန်းက လွှတ်တော်မှာ တင်ပြလာခဲ့တာပါ။

အခုလို ဖြေရှင်းပြီးဖြစ်တယ်လို့ အစိုးရဘက်က တင်ပြလာတဲ့ ကိန်းဂဏန်းတွေဟာ မှားယွင်းနေပြီးတော့ အမှန်တကယ် လယ်ယာမြေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်းက ဖြေရှင်းမှုတွေဟာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ဗွီအိုအေကို ပြောပါတယ်။

“မမှန်တဲ့ကိန်းဂဏန်းတွေကိုလည်း ဖော်ပြတယ်။ နောက်ပြီးတော့ ဟုတ်လည်းမဟုတ်တဲ့ကိစ္စဆိုတော့ ကျမအနေနဲ့ ပထမတော့ပေါ့နော် ကျမက ကော်မရှင်ထဲမှာတော့ မပါပါဘူး။ မြေယာစုံစမ်းစစ်ဆေးရေး
ကော်မရှင်ထဲမှာ မပါဘူး။ ဒါပေမဲ့ ဒီကော်မရှင်ကနေ ထ ရှင်းမလားလို့ ကြည့်လိုက်တဲ့အခါကျတော့ ပထမ စောင့်ကြည့်နေတဲ့အခါမှာ ဘယ်သူကမှလည်း ဘာမှမပြောတော့ သြော် ဒီဟာကို လက်ခံလိုက်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တဦးတယောက်အနေနဲ့ ကျမရဲ့ ဒီ နေပြည်တော်ကောင်စီရဲ့ ကိန်းဂဏန်းဆိုရင် မှားပါတယ်။ အဲတော့ ကျမက သူတို့ ဘယ်အပေါ်မှာ အခြေခံပြီးတော့ ဒီကိန်းဂဏန်းကို ပြောတာလဲဆိုတာမျိုး ကို ကျမက သိချင်တာလေ။ အဲ့ခါကျတော့ ကျမက နာယကကို ခွင့်တောင်းပြီး ဒီကိစ္စကို ကျမအနေနဲ့ လက်မခံနိုင်ပါဘူး။ ဒုဝန်ကြီးရှင်းပြသွားတဲ့ ကိန်းဂဏန်းတွေကို ကျမအနေနဲ့ လက်မခံနိုင်ပါဘူးလို့ ပြောလိုက်ပါတယ်။”

လွှတ်တော်တွင်း ဖွဲ့စည်းထားတဲ့ လယ်ယာမြေ စုံစမ်ရေး ကော်မရှင်ရဲ့ ဥက္ကဌဖြစ်တဲ့ ဦးတင်ထွဋ် ကတော့ လယ်မြေ သိမ်းဆည်းခံထားရတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး တိုင်ကြားလာသူတွေအနေနဲ့ သူတို့မြေတွေ ပြန်ရပြီလို့ ပြောဆိုလာတာမျိုး မကြားရသေးဘူးလို့ ပြည်ထောင်စုလွှတ်တော်မှာ ပြောဆိုခဲ့တာပါ။

လယ်ယာမြေ စုံစမ်းရေး ကော်မရှင်က ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က သိမ်းဆည်းခံထားရတဲ့ လယ်မြေ၊ ယာမြေတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးလို့ ရသမျှကို အုပ်ချုပ်ရေးပိုင်းကို ဖြေရှင်းနိုင်ဖို့ တင်ပြပြီးဖြစ်ပေမဲ့လည်း ဖြေရှင်းပေးတဲ့ အပိုင်းမှာတော့ ကျေနပ် အားရစရာ မတွေ့ရဘူးလို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ဗွီအိုအေကို ပြောပါတယ်။

“ကိုယ်တွေ့အောက်ခြေမှာ ခံစားနေရတာ၊ ပြည်သူတွေနဲ့ ထိတွေ့နေရတာ၊ ဒါတွေကို အဲ့လို ဟန်ပြသဘောမျိုးလောက်သာပြောတော့ ကျနော်တို့ အောက်ခြေမှာ ဖြစ်ပျက်နေတာတွေနဲ့ တခြားစီ ဖြစ်နေပါတယ်။ ပြည်သူတွေအတွက် ထပ်ပြီးတော့ တင်ပြနေရတယ်။ ထပ်ပြီးတော့ မကျေမနပ်နဲ့ ကျနော်တို့ ရှေ့ကို ဆက်ပြီးတော့ ပြည်သူလူထုဘက်ကလည်း ကန့်ကွက်စရာတွေအကြောင်းရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒါကတော့ ပြည်သူဘက်က ရပ်တည်တဲ့အနေနဲ့ ဒါတွေဟာ မဟုတ်သေးဘူး၊ တိတိကျကျ ပြောပါဆိုပြီးတော့ ကျနော်တို့ လိုချင်တာက ဘယ်အမှုကို ဘယ်လိုရှင်းထားတယ်ဆိုတာ တိတိကျကျ ပြောပါဆိုပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြန်ပြီးတော့ တင်ပြကြတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံအတွင်းမှာ လယ်ယာမြေ သိမ်းဆည်ခံရမှုတွေ အများဆုံးဖြစ်ခဲ့တဲ့ နေရာတွေကတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဖြစ်ပါတယ်။

၁၉၈၈ ကနေ ၂၀၁၀ ထိ စစ်အစိုးရ အုပ်ချုပ်ချိန် ကာလတွေမှာ စစ်တပ်က လယ်ယာမြေ သိမ်းဆည်းမှုတွေ အများကြီး လုပ်ခဲ့ပြီးတော့ လယ်ယာမြေ အဓမ္မ သိမ်းဆည်းခံရတဲ့ လယ်သမားတွေက ဦးသိန်းစိန် အစိုးရလက်ထက်မှာ သူတို့ရဲ့ လယ်မြေ၊ ယာမြေတွေ ပြန်ရဖို့ကို အခွင့်အရေးတွေ တောင်းခံလာတာာပါ။

စစ်တပ်က သိမ်းခဲ့တဲ့ လယ်ယာမြေတွေကိုတော့ စစ်တပ်က အမှန်တကယ် စီမံကိန်း မလုပ်တဲ့ နေရာတွေကို ပြန်ပေးမယ်လို့ ပြောထားပေမဲ့ စစ်တပ်ကသိမ်းပြီး ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တွေလက်ထဲ ရောက်သွားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီးတော့ လယ်သမားတွေရဲ့ တောင်းဆိုမှုတွေအပေါ်မှာ ကျေနပ်လောက်တဲ့ အဖြေတွေ မရတဲ့အတွက် မြေယာ အငြင်းပွားမှုတွေ ဒီကနေ့ထိ ဆက်ရှိနေသေးတာ ဖြစ်ပါတယ်။
XS
SM
MD
LG