သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်


ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်
ရေမျောလှေသမားများ သီရိလင်္ကာကယ်တင်

မြန်မာနိုင်ငံက ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို အိန္ဒိယသမုဒ္ဒရာထဲမှာ သီရီလင်္ကာနိုင်ငံ ရေတပ်က ကယ်တင်လိုက်နိုင်ပါတယ်။ အဲဒီ သင်္ဘောသားတွေကို သီရီလင်္ကာနိုင်ငံကို ခေါ်ဆောင်သွားခဲ့ပြီး သက်ဆိုင်ရာ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သီရီလင်္ကာရေတပ်က ပြောပါတယ်။ ဒီမြန်မာ သင်္ဘောသား တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာထဲက နိုင်ငံတကာရေပိုင်နက်ထဲမှာ သင်္ဘောပျက်ပြီး မျောနေတဲ့ မြန်မာ ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ဟာ သီရီလင်္ကာရေတပ်ရဲ့ အကူအညီနဲ့ သီရီလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့ကို ဒီကနေ့ ဧပြီလ ၁၆ ရက်နေ့က ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲဒီမြန်မာ ငါးဖမ်းသင်္ဘောသား ၁၂ ယောက်ဟာ ပင်လယ်ထဲမှာ ရက်အတော်ကြာ မျောနေတာဖြစ်ပေမဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်တယ်လို့ သီရီလင်္ကာရေတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်မှူးကြီး ကောသလ ဝါနာကူလာသူရိယ (Kosala Warnakulasuriya) က အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီငါးဖမ်းသမားတွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆိပ်ကမ်းဆီ ဒီမနက်ပဲ ခေါ်လာခဲ့ပါတယ်။ အဲဒီနောက် သူတို့တွေကို ထရင်ကိုမာလီမှာရှိတဲ့ ရေတပ်ဆေးရုံကို ပို့လိုက်ပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေး အခြေအနေဟာ ပုံမှန်အနေအထားမှာ ရှိနေပါတယ်။ သူတို့ တယောက်ချင်းစီကို ဆေးစစ်တာတွေ ကျနော်တို့လုပ်ပေးခဲ့ပြီးပါပြီ။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေဟာ အရမ်းကောင်းပါတယ်။”

မြန်မာငါးဖမ်းသင်္ဘောသား ၁၂ ယောက်ကို ပွိုင့်ပေဒရို (Point Pedro) မြို့ရဲ့ အရှေ့မြောက်ဘက် ရေမိုင် ၃၀၀ ကျော်အကွာမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က သီရီလင်္ကာ ငါးဖမ်းသင်္ဘောက အရင်ဆုံး ကယ်တင်ခဲ့တာ ဖြစ်တယ်လို့ ရေတပ် ဗိုလ်မှူးကြီး ကောသလ သူရိယက ပြောပါတယ်။ အဲဒီနောက်မှာမှ သီရိလင်္ကာ ရေတပ် သင်္ဘော ၂ စင်းရဲ့ အကူအညီနဲ့ ထရင်ကိုမာလီမြို့ကို ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် အဲဒီ မြန်မာသင်္ဘောသား ၁၂ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ဆောင်နိုင်ဖို့အတွက် သီရိလင်္ကာနိုင်ငံ မှာ ရှိတဲ့ သက်ဆိုင်ရာမြန်မာသံရုံးကိုလည်း အကြောင်းကြားထားပြီး မြန်မာသံရုံးကလည်း အဲဒီလူတွေကို မြန်မာနိုင်ငံကို ပြန်ပို့နိုင်အောင် လိုအပ်တဲ့ ခရီးသွားလက်မှတ်တွေ လုပ်ပေးနေတယ်လို့ ရေတပ်ဗိုလ်မှူးကြီး ကောသလ သူရိယ က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လလယ်လောက်က ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင်အကြား တနာရီ မိုင် ၇၀ လောက်ရှိတဲ့ လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် မြန်မာ ငါးဖမ်းသင်္ဘောသား ၁ သောင်းလောက် ပျောက်ဆုံး ခဲ့ရပြီး နောက်မှာ အခုလို သီရိလင်္ကာ ရေပိုင်နက်ထဲ မြန်မာ ငါးဖမ်းသင်္ဘောသားတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မုန်တိုင်းမှာပါသွားတဲ့ ငါးဖမ်းသင်္ဘောသား အတော်များများ ဆက်လက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဖျာပုံမြစ်၀ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးက အခုလို ပြောပါတယ်။

“တချို့ အစရှာမရတဲ့သူတွေလဲ ရှိတယ်။ အကုန်လုံးတော့ ပြန်မရောက်ကြသေးဘူး။ ဟိုးတုန်းက လူတွေဆို ဆက်တိုက် သတင်းတွေကြားပြီးတော့ လာပို့တာပေါ့နော်။ အခုကျတော့ သတင်းလည်း မကြားရဘူး ဆိုတော့ နည်းနည်း အဆက်ပြတ်နေတာလည်း ကြာသွားပြီ။ သူတို့ နီးစပ်ရာကိုတော့ အကုန်လုံး ပို့ပေးကြတယ်။ အခုနောက်ပိုင်းက သတင်းကိုမကြားရတော့ဘူး။ ကျမတို့အနားမှာ တော်တော်များများတော့ ပြန်ရောက် မလာ ကြသေးဘူး။ မိသားစုတွေကတော့ ပြန်လာနိုး ပြန်လာနိုးပေါ့လေ။ တကယ်လို့ သူတို့ တနေရာရာမှာ ရောက် နေတယ် ဆိုရင် ဒီကို ပြန်အကြောင်းကြား ပေးတာပေါ့နော်။ သူတို့ ဘယ်ကို ရောက်နေပါတယ် ဆိုပြီးတော့ လာအကြောင်းကြားပေးတာပေါ့။ လှမ်းပြီးတော့ ဖုန်းနဲ့အကြောင်းကြားတာပေါ့။ အခုကျတော့ အကြောင်းကြား တဲ့ သတင်းတောင် မကြားရတော့ ကျန်တဲ့သူတွေကတော့ သိပ်မျှော်လင့်ချက် မရှိတော့ဘူးလို့တော့ ပြောကြ တာပဲ။”

ဖျာပုံမြစ်၀ ခါးပြတ်ရွာ ဒေသခံအမျိုးသမီးတဦး ပြောသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ အခု သီရိလင်္ကာမှာ ကယ်တင်နိုင်ခဲ့တဲ့ ငါးဖမ်းသင်္ဘာသားတွေဟာ အဲဒီတုန်းက ပျောက်ဆုံးတဲ့အထဲပါသွားတဲ့ ငါးဖမ်း သင်္ဘောသား တွေ ဟုတ်မဟုတ်ဆိုတာတော့ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

XS
SM
MD
LG