သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတ၀ှမ်း ရေဘေးသင့်ဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်


တိုင်းနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ရေဘေးဒဏ်ကို ခံစားနေရပြီး ဧရာဝတီတိုင်းတွင်းမှာတော့ စိုးရိမ်ရေမှတ်တွေ ကျော်လွန်နေတာကြောင့် ဒုက္ခသည်သောင်းဂဏန်းလောက် ရှိနေပြီလို့ လူအခွင့်အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်ထဲမှာ ရေဘေးသင့်ဒုက္ခသည်တွေအတွက် ကူညီစောင့်ရှောက်မှုတွေလည်း လုပ်နေပေမဲ့ ရေဘေးဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာတော့ အခုအချိန်ထိ သောက်ရေနဲ့ စားစရာတွေ ပြတ်လတ်နေဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတ၀ှမ်း မိုးများခြင်း၊ မြစ်ရေတွေက စိုးရိမ်ရေမှတ်တွေကို ကျော်လွန်ခြင်း ကိုမန်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခြင်းတွေကြောင့် တိုင်းနဲ့ ပြည်နယ် ၁၂ ခု တို့မှာ ရေးဘေးဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတာပါ။ လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာ ရေဘေးသင့်ဒုက္ခသည်တွေ သောင်းဂဏန်းထိ ရှိနေပြီး အကူအညီတွေ လိုအပ်နေကြောင်း ဧရာဝတီတိုင်းက လူအခွင့်အရေးလှုပ်ရှားသူ ကိုမြင့်နိုင် က ဆိုပါတယ်။

“ဧရာဝတီတိုင်းမှာဆိုရင် ကျနော်တို့ ဒီ ညောင်ကျွန်းကျေးရွာ ဟင်္သာတနဲ့ ၃ နာရီကျော်လောက် သွားရတဲ့နေရာ၊ အဲဒီမှာဆိုရင် အိမ်ခြေ ၂၀၀၀ လောက် မြုပ်နေပါတယ်ခင်ဗျ။ ရွာပေါင်း ၃၀ ကျော်လောက်ရှိတယ်။ ညက ရေနဲနဲ ထပ်တိုးတယ်ခင်ဗျ။ ရေကြည်မြို့နယ်မှာဆိုရင်တော့ မကျည်းရွာအုပ်စုမှာ အိမ်ခြေ ၂၀၀ လောက် မြုပ်နေပါတယ် ခင်ဗျ။ အင်္ဂပူဘက်မှာလည်း တော်တော်မြုပ်နေပါတယ်။ နောက်ပြီး ဟင်္သတနဲ့ မြန်အောင် အဲဒီမှာဆိုရင်တော့ အိမ်ထောင်စု ၄၀၀၀ ကျော်လောက် ရှိမယ်။ ဒုက္ခသည်ပေါင်းဆိုရင် ၁ သောင်း ၆ ထောင်ကျော်သွားပါပြီခင်ဗျ။ ဒီ မြန်အောင် နဲ့ ဟင်္သာတ ၂ ခုပေါင်းကို ပြောတာပါခင်ဗျ။ လောလောဆယ်တော့ အဲဒီမှာ ရေကြီးတာ မြစ်ပြင်ကြီးလို ဖြစ်နေတဲ့အတွက် အဲလိုသေဆုံးရတာ လောလောဆယ် အတည်ပြုလို့ မရသေးပါဘူးခင်ဗျ။ ဟိုနေရာ ကြိုကြားကြိုကြား ကြားနေရတာရှိတယ်ခင်ဗျ။ ဒါပေမဲ့ အတည်ပြုလို့ မရသေးပါဘူးခင်ဗျ။”

ဧရာဝတီတိုင်းထဲမှာတော့ လိမ္မော်ရောင် သတိပေးချက်ကို ထုတ်ပြန်ထားပြီး ကြိုတင်ကာကွယ်မှုတွေကို လုပ်နေရတာကတော့ ညောင်တုန်းမြို့နယ်ပါ။ စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ မြို့ခံလူထုတွေ အင်းအား ၁၅၀၀ ခန့်နဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်နေရကြောင်း၊ လက်ရှိမှာတော့ ညောင်တုန်း စိုးရိမ်ရေမှတ်နဲ့ အန္တရာယ်ရှိတဲ့ ရေမှတ်မှာ ဆက်ရှိနေကြောင်း ညောင်တုန်းမြို့နယ် အားကစားအရာရှိ ဒေါ်စန္ဒာဦးက အခုလို ပြောပါတယ်။

“မနေ့ကအတိုင်းပဲ ပထမ အမတို့ မနက်ပိုင်းက ၁၂ နာရီမတိုင်ခင်ထိ ၂၅.၆၊ အခု ၁၂ နာရီ နောက်ပိုင်းမှာ ၂၅.၇၊ ဒီနေ့ နေ့ခင်းမှာ ၁ လက်မလောက်တော့ တက်လာပါတယ်။ စောင့်ကြည့်နေကြပါတယ်။ တချို့နေရာ တာပေါက်တာ ဘာညာလေးတွေလည်း လိုက်ပြီး ဆောင်ရွက်နေပါတယ်။ ကြိုတင်ကာကွယ်တဲ့ အနေနဲ့က အမတို့က မြို့ပေါ်မှာ ကာကွယ်စောင့်ရှောက်ရေးစခန်း ၁၂ ခု ဖွင့်ထားတယ်။ နောက်ပြီးတော့ ဟို ကျေးလက်ဒေသတွေမှာလည်း ဘာတွေလုပ်ထားပေးသလဲဆိုတော့ စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ကို အမတို့က ကာကွယ်စောင့်ရှောက်ရေး စခန်းတွေ ဖွင့်ထားတယ်။ ဖွင့်ပေးထားပြီးတော့ အမတို့ မြို့ရဲ့မနေ့က အနေအထားပေါ့နော်။ မနေ့က အနေအထားက ဒီမြို့ရဲ့ စိုးရိမ်ရေမှတ်က ၂၂.၅၊ အန္တရာယ်ရှိနိုင်တဲ့ ရေမှတ်က ၂၄.၅ အဲဒီမှာ အခု အမတို့မြို့က လက်ရှိ အနေအထားကတော့ ၂၅.၆ နဲ့ ၇ နဲ့ပဲ တောက်လျှောက် ဟိုဘက်ဒီဘက် ဖြစ်နေတဲ့အတွက် အမတို့ကနေပြီးတော့ အရေးပေါ် အခြေအနေပေါ့နော်။ လိမ္မော်ရောင်အဆင့် အရေးပေါ် အခြေအနေဆိုပြီး သတ်မှတ်ပြီးတော့ ဒီကာကွယ်စောင့်ရှောက်ရေး လုပ်ငန်တွေကို အမတို့မြို့က ဆောင်ရွက်နေတာပါ။”

ပဲခူးတိုင်းအတွင်းမှာတော့ လယ်မြေများ၊ ငါးကန်များ နစ်မြုပ်ခြင်း အိမ်ခြေတွေ နစ်မြုပ်ခြင်းတွေ ဖြစ်ပေါ်နေကြောင်း နတ္တလင်းမြို့က ပြည်သူတဦးကလည်း ပြောပါတယ်။

“ငါးကန်တွေ ဘာတွေကတော့ ငါးကန်တွေနစ်တယ် ရေတွေပေါ့နော် ။ လယ်တွေလည်းအကုန် နစ်တယ် ရွာထဲမှာဆိုရင်တော့ တော်တော်လေးလည်း နစ်ကြတယ်။ ဒါပေမဲ့ သူတို့စားဖို့ သောက်ဖို့ ရေ၊ သောက်ရေသန့်ဗူးတို့၊ ဆန်တို့ အဲဒီလို ခေါက်ဆွဲထုတ်တွေတော့ ဝေပေးကြတယ်။ ရေတွေကတော့ ရွာထဲတောင်မှပဲ ယောကျာ်းအရပ် တရပ်လောက်အထိ မြုပ်တယ်။ အဲလောက်ထိ တက်တာပေါ့။ အိမ်အနိမ့်တွေဆိုရင် အကုန်မြုပ်ကြတယ်။ ငါးတွေလည်း အကုန်မြုပ်ကုန်တာပေါ့။ လယ်တွေလည်း အကုန်မြုပ် အဲလို အောင်းကုန်းရွာမှာတော့လေ တာတွေ ဘာတွေကတော့ ရေကျော်တယ်။ အောင်ကုန်းတို့ ရပင်း၊ စောက်ခြုံဦးရွာတို့ တာတွေ ဘာတွေ အကုန်ကျော်တယ်။ ရေမြုပ်တာပေါ့။”

ရေဘေးဒဏ်အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ ရေကျသွားတာရှိပေမဲ့ သောက်ရေနဲ့ အစားအစာ လိုအပ်မှုတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲမှာတော့ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရခိုင်အမျိုးသားပါတီက ပြောပါတယ်။ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ ရေဘေးကြောင့် လူ ၄၀ ကျော် သေဆုံးမှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မနေ့ကတော့ အစိုးရက နိုင်ငံတကာ အကူအညီတွေ ပေးဖို့ တောင်းဆိုထားပါတယ်။ ဒီနေ့မှာတော့ အမေရိကန် အပါအ၀င် နိုင်ငံတကာက အကူအညီတွေ ပေးမယ့်အကြောင်း ထုတ်ပြန်ပြောဆိုကြပါတယ်ရှင်။

XS
SM
MD
LG