သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေလွှမ်းမိုးမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ထိခိုက်


မော်လူးနှင့် နန့်စီးအောင်ကြားရှိ မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ဟဲနုသံပေါင်တံတားရေတိုက်စားကာ ခြောက်ပေခန့်ရွေ့လျားခြင်းကို ပြု ပြင် (ဓာတ်ပုံ - MOI)
မော်လူးနှင့် နန့်စီးအောင်ကြားရှိ မန္တလေးနှင့် မြစ်ကြီးနား မီးရထားလမ်းပိုင်း ဟဲနုသံပေါင်တံတားရေတိုက်စားကာ ခြောက်ပေခန့်ရွေ့လျားခြင်းကို ပြု ပြင် (ဓာတ်ပုံ - MOI)

ဒီရက်ပိုင်းအတွင်း မိုးကြီးရေလျှံတာတွေ မြန်မာပြည်အနှံ့မှာ ဆက်လက်ဖြစ်ပွားနေရာမှာ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရေလွှမ်းမိုးခဲ့တာကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကလေး-တမူးလမ်းဟာ ကားအသွားအလာ ရပ်ဆိုင်းခဲ့ပါတယ်။

ကလေးမြို့နဲ့ မြန်မာပြည်အလယ်ပိုင်း မုံရွာမြို့ ဆက်သွယ်ရေးမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မြန်မာပြည်အလယ်ပိုင်း မီးရထားလမ်းတွေ ပြန်ကောင်းဖို့အတွက်တော့ မြန်မာ့မီးရထားဌာနက အပူတပြင်း ကြိုးစားနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ မြန်မာပြည်အနှံ့ မိုးများပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်နေကြတဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က စတင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှာ မိုးကြီးခဲ့တာကြောင့် မြို့နယ်အတော်များများ ရေလွှမ်းမိုးပြီး လူအသေ အပျောက်ရှိခဲ့သလို လမ်း၊ တံတားတွေ ရေတိုက်စားခဲ့တာကြောင့်လည်း ခရီးသွားလာရေးအတွက် အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရေကြီးပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း ရေလွှမ်းခဲ့တာကြောင့် ကားအသွားအလာတွေ ရပ်ဆိုင်းသွားတယ်လို့ ကလေးမြို့ခံတဦးက ပြောပါတယ်။

“အခု ကျနော်တို့ ကလေးနဲ့တမူး နယ်စပ်ကုန်သွယ်ရေးလမ်းပေါ့နော် အဲဒါကလည်း တောက်လျှောက် ပိတ်သွားပြီဗျ။ ဘာကြောင့်လဲဆိုတော့ ကလေးနဲ့ တီကုန်းကျေးရွာကြား ၆ မိုင်လောက် အကွာရှိတဲ့နေရာက ရေပြင်ကြီးဖြစ်သွားပြီ။ အဲ့လိုဆိုတော့ ကျနော်တို့ရဲ့ ကုန်သွယ်ရေးလမ်းတွေ တော်တော်များများ ပိတ်သွားပါပြီ။ ပိတ်တာကတော့ ဒီကနေ့မနက်မှာ စပြီးတော့ ပိတ်တာပါ နယ်စပ်ကုန်သွယ်ရေးလမ်းကလေ။”

ကလေးနဲ့ မုံရွာ ဆက်သွယ်ရေးလမ်းဟာလည်း အသွားအလာ ရပ်ဆိုင်းနေတယ်လို့ ဆက်ပြောပါတယ်။

“ကလေးနဲ့ မုံရွာလမ်းက အခု ကျနော်တို့ သုံးနေရတာက ၂ လမ်းရှိပါတယ်ခင်ဗျ။ ကလေး-ရာဂျီး-မုံရွာလမ်းရယ်၊ ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာလမ်း ၂ လမ်းရှိပါတယ်။ ကလေး-ရာဂျီးလမ်းက မိုးရာသီမှာ သိပ်မသုံးတော့ပါဘူးခင်ဗျ။ အခု ကလေး-ရာဂျီးလမ်းကလည်း လုံးဝကို သွားလို့မရတော့ပါဘူး။ အဲ့ဒါအပြင် အခု ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာလမ်းကလည်း ဂန့်ဂေါမြို့က လှိုင်ကူးတံတားနားလေးမှာ ရေတက်နေတာ ဆိုတဲ့အခါကျတော့ ကားတွေဖြတ်လို့မရပါဘူးခင်ဗျ။ ကျန်တဲ့နေရာတွေမှာလည်း ၂ နေရာ၊ ၃ နေရာလောက် ရေတက်နေတဲ့အခါကျတော့ ကားတွေမဖြတ်ရဘဲ ဂန့်ဂေါမှာလည်း ကျနော်တို့ ခရီးသည်တွေ တော်တော်များများ ပိတ်မိတယ်လို့ သိရပါတယ်ခင်ဗျ။”

ကလေးမြို့ကနေ ချင်းပြည်နယ် ဟားခါးမြို့ကို သွားတဲ့လမ်းမှာလည်း ဖလမ်းမြို့နယ်အတွင်း မြေပြိုတာတွေ ရှိတာကြောင့် ကားအသွားအလာတွေ ရပ်ဆိုင်းနေတယ်လို့ ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကလေးမြို့အနီးက ရာဇဂြိုလ်ဆည် ရေလျှံမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်နယ် လားရှိုးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် မြန်မာ့ မီးရထားဝန်ကြီးဌာနက ပြင်ဆင်ရေးလုပ်ငန်းတွေကို အပူတပြင်း ဆောင်ရွက်နေရပါတယ်။ မြန်မာ့မီးရထား စီမံအုပ်ချုပ်ရေးဌာနက အထွေထွေ မန်နေဂျာ သူရ ဦးအောင်မျိုးမြင့် က မန္တလေး-မြစ်ကြီးနားလမ်း ရထားပြေးဆွဲတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ဗျာ အခု လောလောဆယ် မန္တလေးကနေ --- ထိကို ရထားပြေးဆွဲနေတာတော့ တောက်လျှောက် ပြေးပေးနေတာပေါ့နော်။ အဲတော့ ဟိုဘက်က မြစ်ကြီးနားကနေ ကောလင်းကို ဒီနေ့ မြစ်ကြီးနာကနေ ၁၄ နာရီပေါ့နော် ရထားတစင်း ထွက်လာပါပြီ။ ထွက်လာပြီးတော့ ကောလင်းနဲ့ နတ်ကြီးတောင်ကြားက ရေကြီးနေတဲ့ နေရာတွေပေါ့ အဲဒါတွေအားလုံးဟာ ဒီညနေ ၁၈ နာရီဆိုရင် အားလုံးပွင့်မယ်ဗျ။ အဲဒီအတွက်ကြောင့်မို့ မြစ်ကြီးနားကနေ ထွက်လာတဲ့ရထားက ကောလင်းကို မနက် ၄ နာရီလောက် ရောက်မယ်လို့ ခန့်မှန်းထားတယ်။ ပြီးတော့ ဒီ မန္တလေးကနေပြီးတော့ တက်သွားတဲ့ရထားက ကန့်ဘလူကို ရောက်တဲ့အခါကျတော့ ခရီးသည်တွေကို ကန့်ဘလူကနေ ကောလင်းကို ကားနဲ့ ပို့ဆောင်ပေးပါတယ်။ အဲဒီနောက် ကောလင်းကနေပြီးတော့ မြစ်ကြီးနားကို ရထားတစင်း မနက် ၉ နာရီကနေ ထွက်ပါမယ်။”

မန္တလေး-မြစ်ကြီးနား တိုက်ရိုက်ပြေးဆွဲတာကို နောက်လ ၃ ရက်နေ့မှာ ပြန်လည်စတင်နိုင်ဖို့အတွက် ပျက်စီးနေတဲ့ တံတားတွေကို အမြန်ဆုံး ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ လားရှိုး-မန္တလေး ရထားလမ်းပိုင်းကတော့ ဒီလ ၂၅ ရက်နေ့က သီပေါ-တာပုလဲအကြား တံတားအမှတ် ၃၉၁ ရေလယ်တိုင် တိမ်းစောင်းသွားတာကြောင့် ရထားအသွားအလာတွေကို ဒီလ ၂၆ ရက်နေ့က ရပ်ဆိုင်းခဲ့ပါတယ်။ လောလောဆယ်မှာတော့ ခရီးသည်တွေကို အဲဒီတံတားအနီးကနေ ရထားပြောင်းစီးစေပြီး ဆက်လက် ပြေးဆွဲနေပါတယ်။ တံတားပြင်ဆင်တာကတော့ နောက်လ ၄ ရက်နေ့မှာ ပြီးဆုံးဖို့ ခန့်မှန်းထားပါတယ်။ လားရှိုး-မန္တလေး ကားလမ်းကတော့ ကားအသွားအလာတွေ ပုံမှန်ရှိနေပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ဒေသမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာပြည်က ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုလောက်မှာ နောက်ထပ် အနည်းဆုံး ၂ ရက်အထိ မိုးများမယ့် အခြေအနေ ရှိနေပါတယ်။ ဒီလို ဆက်လက်ပြီး မိုးကြီးနိုင်တာကြောင့် မြေပြိုတာ၊ လျှပ်တပြက် ရေကြီးတာနဲ့ ကမ်းရိုးတမ်းဒေသတွေမှာ သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီမုန်တိုင်းငယ်ကတော့ ဒီလ ၃၁ ရက် ဒါမှမဟုတ် နောက်လ ၁ ရက်နေ့လောက်မှာ အိန္ဒိယနိုင်ငံဘက်ကို ဝင်ရောက်မယ်လို့လည်း ခန့်မှန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မြန်မာပြည်တဝှမ်း ရေကြီးတာကြောင့် ပြည်သူတွေ အသက်အိုးအိမ်ဥစ္စာ ဆုံးရှုံးတဲ့အတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ထားပြီး ပျက်စီးမှုပမာဏကို တွက်ချက်ဖို့နဲ့ အရေးပေါ် အထောက်အပံ့တွေ ပေးအပ်နိုင်ဖို့အတွက် လူမှုအသင်းအဖွဲ့တွေကို ရေဘေးသင့် ဒေသတွေဆီ ဝင်ရောက်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG