သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီ၊ ချင်းတွင်း စိုးရိမ်ရေမှတ်ကျော်


မြစ်ကမ်းဘေးရှိ အိမ်ခြေ အိမ်ထောင်စုများအား ရေဘေးအန္တရာယ် ကင်းဝေးရေး ဆော်သြမှုများ လိုက်လံဆောင်ရွက် (ဓာတ်ပုံ-MOI)
မြစ်ကမ်းဘေးရှိ အိမ်ခြေ အိမ်ထောင်စုများအား ရေဘေးအန္တရာယ် ကင်းဝေးရေး ဆော်သြမှုများ လိုက်လံဆောင်ရွက် (ဓာတ်ပုံ-MOI)

မြန်မာနိုင်ငံအတွင်းက နေရာအတော်များများမှာ မိုးတွေ ဆက်တိုက် ရွာသွန်းခဲ့တာကြောင့် ဧရာဝတီ၊ ချင်းတွင်းစတဲ့ မြစ်ရေတွေ စိုးရိမ်ရေအမှတ် ကျော်လွန်လာနေတာကြောင့် မိုးဇလဌာနက အထူး သတိပေးချက်တွေ ထုန်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ဧရာဝတီမြစ်ရေလျှံခဲ့ မြစ်ကမ်းပါးကို ရေတိုက်စားမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်း ကျေးရွာ အုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာ ၂ ရွာက လူနေအိမ်တွေ ဘေးကင်းရာကို ရွေ့ပြောင်းခိုင်းထားရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်အတွင်းက ဧရာဝတီ မြစ်ရေဟာ သာမှန်ထက် ပိုမို မြင့်တက်လာနေတာကြောင့် ပုံမှန် ရေလွမ်းမိုးမှု ဖြစ်ပွားလေ့ရှိတဲ့ အရပ်တွေက လူနေအိမ်တွေ အချိန်မှီ ဘေးကင်းရာက ရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက လိုက်လံ သတိပေးနေတယ်လို့ ဆိုပါတယ်။

အလားတူပဲ - စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်းမှာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာမှာ မြို့ပတ်ဝန်းကျင်မှာရှိတဲ့ မြစ်တွေ ၊ ချောင်းတွေမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဒေသခံတွေကို သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ချင်းတွင်း မြစ်ရေဟာလည်း စိုးရိမ်ရေအမှတ်ထက် ဒုတိယအကြိမ်မြောက် ထပ်မံ ရောက်ရှိလာနေတဲ့အတွက် ချင်းတွင်းမြစ်ဘေးက မြို့တွေဖြစ်တဲ့ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ ကနီမြို့တွေအတွက် ဇူလိုင်လ ၂၃ ရက်နေ့ကသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အခုလို မိုးသည်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်တဲ့အတွက် အသက်ဆုံးရှုံးမှု ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ မိုးသည်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ တခြား ပြည်နယ်၊ တိုင်းဒေသကြီး အတော်များများမှာ နေရာကွက်ကြား မိုးရွာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG