သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပခုက္ကူရေဘေး လူ ၁၀၀ ကျော်ပျောက်ဆုံး


Seorang pria terlihat di sebuah tangga bangunan yang rusak di kota Homs, Suriah (19/5).
Seorang pria terlihat di sebuah tangga bangunan yang rusak di kota Homs, Suriah (19/5).

မုန်တိုင်းနဲ့အတူ မိုးသည်းသည်းမည်းမည်းရွာပြီး ချောင်းရေကြီးခဲ့တာကြောင့် မကွေးတိုင်းပခုက္ကူမြို့မှာ လူ ၁၀၀ လောက် ရေထဲမျောပါ ပျောက်ဆုံးခဲ့ပါတယ်။ လောလောဆယ်မှာ သေဆုံးသူ အနည်းဆုံး ၅ ယောက်ကို ရှာဖွေတွေ့ရှိထားပေမဲ့ သေဆုံးသူဦးရေဟာ ဒီထက်ပိုလာနိုင်မယ်လို့လည်း ကူညီရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။ ဒီလို ရေကြီးတာကြောင့် ပခုက္ကူမြို့က ရွှေချောင်း ချောင်းကူးတံတား ကျိုးပျက်ခဲ့သလို ချောင်းတလျှောက်က ရာနဲ့ချီတဲ့နေအိမ်တွေလည်း ရေနဲ့ မျောပါသွားပါတယ်။ လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ရွာသွန်းခဲ့တဲ့မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းမှာလည်း ရှေးဟောင်းဘုရားနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်း တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းရဲ့အရှိန်ကြောင့် မကွေးတိုင်းနဲ့ မန္တလေးတိုင်းတွေအတွင်းမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာတွေ ဖြစ်ခဲ့တာပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာတော့ ကြာသပတေးနေ့ မနက်ခင်း ၂ နာရီ လောက်ကစတင်ပြီး ရွှေချောင်း ချောင်းရေကြီးခဲ့လို့ ချောင်းကမ်းနံဘေးက အမှတ် (၃) ရပ်ကွက်က နေအိမ်တွေ ရေထဲ မျောပါခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တစ်ယောက်ကတော့ ချောင်းရေကြီးတာကြောင့် ပျက်စီးဆုံးရှုံးရတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“အခုတော့ ကောက်နေတုန်းပါပဲဗျ။ ပျောက်တာကတော့ လောလောဆယ် ၁၀၀ ဝန်းကျင်လောက်ရှိမယ်ဗျ။ ကျနော်တို့က အလောင်းကတော့ လောလောဆယ် ၅ လောင်းပဲ တွေ့သေးတာပေါ့ဗျာ။ ဒါပေမဲ့ အသေအပျောက်ကတော့ ဒီထက်တော့ နည်းနည်းတော့ပိုပါတယ်။ ရေထဲမျောသွားတဲ့ ကလေးတွေ ဘာတွေ ရှိသေးတာပေါ့လေ။ ရေဘေးဒုက္ခသည်ဆိုပြီးတော့ စာရင်းပေးတာတော့ ၂,၀၀၀ ကျော်လောက် ရှိပါပြီ။ အပျက်အစီးကတော့ အိမ်ပါတယ်၊ ဘုန်းကြီးကျောင်းပါတယ်။ ရွှေချောင်းတံတား ကျိုးသွားတယ်။ စာရင်းယူကြတုန်း ရှိသေးတယ်။ ကျနော်တို့လည်း အတိအကျ မသိသေးဘူး။”

ရေဘေးဒုက္ခသည်တွေကိုတော့ မိုးကုတ်ရိပ်သာ၊ တိလောကရာမ ကျောင်းတိုက်နဲ့ မတ္တထောင်ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအစာတွေကို အာဏာပိုင်တွေနဲ့ မြို့လူထုက ပူးပေါင်းကူညီထားတယ်လို့ ပြောပါတယ်။

နာရေးကူညီရေးအဖွဲ့က သံဃာတော်တစ်ပါးကတော့ မနေ့က အလောင်း ၄ လောင်းနဲ့ ဒီကနေ့မှာ တစ်လောင်း ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်းပြောပြီး သေသူစာရင်းကိုတော့ အခုထိ အတိအကျမရသေးဘူးလို့ မိန့်ကြားပါတယ်။ ပခုက္ကူမြို့မှာ မနေ့ကညနေပိုင်းအထိ ရေကြီးနေခဲ့ပေမဲ့ ဒီကနေ့မှာတော့ ရေကျသွားပြီ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း ပုဂံ ညောင်ဦး မြို့နယ်ဘက်မှာလည်း ည ၁၀ နာရီ လောက်ကနေ မနက် ၄ နာရီအထိ မိုးကြီးခဲ့တာကြောင့် သရပါမြို့ရိုး ပြိုကျခဲ့သလို ရှေးဟောင်းဘုရားတချို့လည်း ပြိုကျခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သရပါမြို့ရိုးပေါ့နော်။ အဲဒီမြို့ရိုးက အရှေ့ဘက်အပေါက်ရဲ့ မြောက်ဘက် ဝါး ၄ ပြန်လောက်အကွာမှာ ပြိုကျသွားတာ။ မိုးရေနဲ့ဆိုတော့ သူဟာသူ ပြိုကျတာပါ။ နောက်တစ်ခုက အဲဒီနားမှာပဲ သရပါ ဟိုတယ်ရဲ့ အပေါက်ဝမှာ ဘုရားအမှတ် - ၁၉၅၅ တဲ့၊ လှိုဏ်ဘုရားလေး။ အထဲမှာ ဆင်းတုတော်တစ်ဆူပေါ့။ အဲဒါတော့ လုံးလုံးကို ပြိုကျသွားတာပဲ။ နောက်တစ်ခုက မြစ်ကြည့်တိုက်ထဲမှာ ဓမ္မာရုံလိုဟာမျိုးကို အပေါ်ကနေ အမိုးပေါ်ကနေ ဘုရားတည်ထားတာလေ၊ အဲဒါပြိုကျတာ။ နောက်တစ်ခုကတော့ အလိုတော်ပြည့်ဘုရားရဲ့ တောင်ဘက်နားလေးမှာ ရွှေစည်းခုံလို ပုံတော်မျိုးပါပဲ။ သူကလည်း ပေ ၂၀ ပတ်လည်လောက် ရှိမှာပေါ့။ အဲဒါက ပွင့်ထွက်သွားတာပေါ့။”

ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ပျက်စီးတာတွေကို ဒေသခံအာဏာပိုင်တွေနဲ့ ဘုရားဂေါပက တွေက ပြုပြင်ဖို့ ပြင်ဆင်နေကြောင်း ဖော်ပြပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါ၊ ထီးလင်းမြို့နယ်တွေမှာတော့ ချောင်းရေကြီးတာကြောင့် တံတားကျိုးပြတ် ပျက်စီးပြီး ရေထဲမျောပါခဲ့သလို တယ်လီဖုန်း ကေဘယ်လ် ကြိုးတွေလည်း ပြတ်တောက် မျောပါကုန်လို့ ဖုန်းလိုင်းတွေ ပြတ်တောက်ကြောင်းလည်း ဖော်ပြထားပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ဘက်က ကျေးရွာတချို့မှာလည်း ယောချောင်းရေ ကြီးတာကြောင့် နေအိမ်တွေ ရေထဲမျောပါကုန်တယ်လို့ ဒေသခံတစ်ယောက်က အခုလို ပြောပါတယ်။

“ကျနော်တို့ မကွေးတိုင်း၊ ပေါက်မြို့နယ်ပေါ့နော်။ ယောချောင်းရေ ကြီးတာပေါ့။ ချောင်းနားက ရွာက အိမ်ခြေ ၄၅ အိမ်လောက်တော့ ရေထဲမျောပါသွားတာပေါ့။ ပြီးတော့ လူတစ်ယောက် စက်လှေနဲ့အတူ ပါသွားတယ်။ လယ်တွေ ရေလွှမ်းသွားတာပေါ့။ နောက်တစ်ရွာကတော့ သူက ယောချောင်းရေလာတာ မဟုတ်ဘူး။ သူကတော့ ချောင်းချောက်ကနေ ရေလာတယ်။ သူလည်း အိမ်ခြေ ၄၀ တော့ ပါသွားတယ်။ ချောင်းနားရွာ ကတော့ ချောင်းစပ်က လယ်ကွက်တွေ ရေ တော်တော်လွှမ်းသွားတယ်။ နောက်ပြီးတော့ ဘို့မယ်ရွာက ဘုန်းကြီးကျောင်း ပါသွားတာပေါ့။ ဘုန်းကြီးတစ်ပါးလည်း ရေထဲမှာပဲ ပါသွားတယ်။ ညဘက်ပေါ့။”

လောလောဆယ်မှာတော့ ချောင်းနားရွာက ဒုက္ခသည်တွေဟာ တပ်ကုန်း ရွှေတောင်ဦး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြပြီး ပေါက်မြို့နယ် အာဏာပိုင်တွေကတော့ လမ်းတံတားတွေ ကျိုးပြတ်နေတာကြောင့် ကူညီ ကယ်ဆယ်ရေး ရောက်လာတာမရှိသေးဘူးလို့ ပြောပါတယ်။

ဒီလ ၁၉ ရက်နေ့ညပိုင်းမှာ ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က ဒေသအချို့မှာလည်း အပျက်အစီးတချို့ရှိခဲ့သလို ကားလမ်းနဲ့ ရေလမ်းတွေကိုလည်း ယာယီ ပိတ်ပင်ထားခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်မှာ တိုက်ခတ်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့် လူ ၄၅ ယောက် သေဆုံးခဲ့ရသလို လူ ၇ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လူ ၂ သိန်းလောက် ထိခိုက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG