သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာတစ်သောင်းအထိ တရားဝင် လဲနိုင်ပြီ


ဒေါ်လာတစ်သောင်းအထိ တရားဝင် လဲနိုင်ပြီ
ဒေါ်လာတစ်သောင်းအထိ တရားဝင် လဲနိုင်ပြီ

မြန်မာနိုင်ငံက ငွေလွှဲကောင်တာတွေမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အမေရိကန် ဒေါ်လာ တစ်သောင်းအထိ လဲခွင့်ရှိသွားပါပြီ။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့် ရသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါလား။ အခုလို နိုင်ငံခြားငွေ အမြောက်အများကို စာရွက်စာတမ်း ပြစရာမလိုဘဲ တရားဝင် လဲနိုင်လာတဲ့အပေါ်မှာရော ငွေလဲနေကြသူတွေက ဘယ်လို သဘောရှိကြသလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက နိုင်ငံခြားငွေလဲ ကောင်တာတွေ ဖွင့်ထားတဲ့ ဘဏ်တိုင်းမှာ ဘယ်သူမဆို အမေရိကန် ဒေါ်လာ တစ်သောင်းအထိ လဲလို့ရသွားပြီဆိုတာကို အာရှစိမ်းလမ်း ဖွံ့ဖြိုးရေးဘဏ် AGD ဘဏ်ရဲ့ လက်ထောက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးသက်လွင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီးတော့ ကျနော်တို့ ခွင့်ပြုပါတယ်ဗျ။ ဒေါ်လာ တစ်သောင်းအထိကို ဘာ စာရွက်စာတမ်းမှ မလိုဘဲနဲ့ ဝယ်နိုင် ရောင်းနိုင်ပါတယ်ခင်ဗျ။ ငွေလွှဲကောင်တာ ရှိတဲ့နေရာတွေမှာ အကုန် လဲလို့ရပါတယ်။ တခြား ဘဏ်တွေက ဖွင့်ထားတဲ့ဘဏ်တွေမှာလည်း လဲလို့ရပါတယ်။ ဘယ်သူမဆို လဲလို့ရပါတယ်။ ဘယ်သူမဆို လဲလို့ရပါတယ်။”

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကူအညီနဲ့ နိုင်ငံခြားငွေ လဲနှုန်းကို ပြင်ဆင်သတ်မှတ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ တရားဝင် လဲပေးတဲ့ ကောင်တာတွေကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အစိုးရက ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရိုငွေနဲ့ စင်ကာပူ ဒေါ်လာတွေကို မြန်မာငွေနဲ့ လဲပေးနေတဲ့ ငွေလဲကောင်တာတွေမှာ အခု ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင်အထိက မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ၁ ရက်ကို ဒေါ်လာ နှစ်ထောင်အထိပဲ လဲခွင့်ရှိပြီး ငွေလဲတဲ့အခါ မှာလည်း စာရွက်စာတမ်းတွေကို ပြရတဲ့အကြောင်း နိုင်ငံခြားငွေ လဲသူတစ်ယောက်က ရှင်းပြပါတယ်။

“စာရွက်စာတမ်းကတော့ ဒီဒေါ်လာကို ဘယ်လိုရရှိကြောင်း၊ ဥပမာ ယူရို ဝယ်ချင်တယ် ဆိုလို့ရှိရင် ယူရို ဝယ်တဲ့အတွက်ကြောင့်မိုလို့ ဗီဇာပြရမယ်၊ ပက်စ်ပို့ ပြရမယ်။ ဥရောပသွားမယ့် ဗီဇာ အထောက်အထား ပြရမယ်။ ဒေါ်လာ ဝယ်မယ်ဆိုရင်လည်း ဒေါ်လာဝယ်ကြောင်း အထောက်အထား ပြောရတယ်။”

အခုကတော့ ဘယ်သူမဆို ၁ ရက်ကို ဒေါ်လာ တစ်သောင်းအထိ စာရွက်စာတမ်း ပြစရာမလိုဘဲ နိုင်ငံခြားငွေလဲ ကောင်တာတွေမှာ တရားဝင် လဲလို့ ရသွားတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံခြားငွေကို မြန်မာနိုင်ငံမှာ တရားဝင် ကိုင်ဆောင်ခွင့် ရသွားပြီဆိုတဲ့ သဘောပါလား။ စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ ဒီသဘောမှတ်ယူလို့ ရတယ်လို့ ပြောပါတယ်။

“ဟုတ်တယ်။ ဥပဒေထုတ်တာကတော့ လွှတ်တော်ကပဲ ထုတ်လို့ရတယ်။ ဥပဒေကတော့ ထုတ်လို့မရဘူး။ ဒါပေမဲ့ ဗဟိုဘဏ်က လက်တွေ့မှာ ဒီလောက်အထိ ဒေါ်လာတစ်သောင်းအထိ ဘာအထောက်အထားမှ မပါဘဲ လဲလို့ရတယ်။ ဒေါ်လာ တစ်သောင်းထက် ပိုတယ်ဆိုလို့ရှိရင်တော့ အကြောင်းပြချက် ခိုင်လုံရင် လဲပေးမယ်။ သဘောကတော့ ဆေးကုဖို့အတွက် ဘာအတွက် ဆိုတာမျိုး အထောက်အထား ခိုင်လုံရင် လဲပေးမယ် ဆိုတော့ ဒါက တရားဝင် ကိုင်ဆောင်ခွင့် ပြုတဲ့သဘောပဲ။”

အခုလို မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာကို တရားဝင် ကိုင်ဆောင်ခွင့် သုံးစွဲခွင့် ပြုလိုက်ရတဲ့ အကြောင်းရင်းက ဘာကြောင့်ပါလဲ။

“နှစ်ခုပေါ့။ တစ်ခုကတော့ IMF က ဒီ ငွေလွှဲကောင်တာတွေကို လူတွေ ပိုပြီးတော့ အသုံးပြုရအောင်၊ အသုံးပြုမှု ဖြစ်စေချင်တယ် ဆိုပြီးတော့ အကြံပြုထားတာ တစ်ခုတွေ့တယ်။ ဒုတိယတစ်ချက် ကတော့ လက်တွေ့ပေါ့။ လက်တွေ့အနေနဲ့လည်း တစ်သောင်းအထိ လဲပေးနိုင်တယ်၊ ဒီထက်များများ လဲချင်ရင် တစ်ခုခုလုပ်မယ် ဆိုရင်လည်း ရသေးတယ်။ ဒီလို အဓိပ္ပါယ် ထွက်တယ်။ လူတိုင်းလည်း ဒီလောက်ကြီးတော့ လိုမယ်မထင်ပါဘူး။ တစ်သောင်းဆိုတော့ တော်တော်များများ ပဲပေါ့နော်။ သိန်း ၈၀ လောက် ရှိမှာကိုး။ သူက maximum ပေါ့နော်။ ဒါပေမဲ့ ဒီထက်များများလည်း လဲလို့ရသေးတယ်။ ဒီထက်များများ လဲရင်တော့ passport တို့၊ တခြား လက်မှတ်တို့ ဘာတို့ပေါ့လေ။ တစ်သောင်း ဆိုတာကတော့ ဘာ အထောက်အထားမှ မယူဘဲ လဲလို့ရတဲ့ဟာကို ပြောတာ။”

စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ် ၆ ခုက ငွေလဲကောင်တာတွေ အပါအဝင် တရားဝင် ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတွေမှာ ခုလို နိုင်ငံခြားငွေတွေကို လဲလို့ ရပေမဲ့လည်း ငွေလဲချင်သူ တချို့ကတော့ တရားမဝင် ဒေါ်လာ အရောင်းအဝယ် လုပ်နေတဲ့ သူတွေဆီမှာပဲ လဲနေကြတယ်လို့ ပြောပါတယ်။ အကြောင်းကတော့ -

“သူတို့က ပိုက်ဆံကို အရမ်းစစ်တာလေ။ ဥပမာ ခေါင်းနည်းနည်းလေး ကြေတာနဲ့တောင် အဲဒါကို မယူဘူး။ နှစ်ထောင်မှာ နှစ်ရာလောက်ပဲ လဲလို့ရတယ်။ အဲဒီအတွက်ကြောင့် လူတွေက ပြဿနာ အရှုပ်မခံချင်တဲ့ အခါကျတော့ အပြင် ငွေလဲတဲ့နေရာကိုပဲ သွားတယ်။ အပြင်လူကတော့ ခေါင်းကြေရင် သူက ရာတန်ဈေးကို အကြွေဈေးနဲ့ ယူတယ်။ ဆိုတော့ ပြဿနာ မရှုပ်ဘူးပေါ့။ ဟိုမှာက နှစ်ထောင် သွားပြီးတော့ ရောင်းပေမဲ့လည်း အဟောင်း အသစ်ကို စစ်ယူတဲ့အတွက်ကြောင့် နှစ်ရာဖိုးပဲ လဲလို့ရချင်ရတယ်။ ပိုက်ဆံကို မြန်မြန် ငြင်းလွှတ်လိုက်တာ။ အပြင်မှာပဲ သွားနေရတယ်။ ခေါင်းရှုပ်မခံချင်လို့။ စာရွက်စာတမ်း ပြရတယ်။ အဓိက ကတော့ ငွေရှိလို့ စာရွက်စာတမ်း ရှိပေမဲ့လည်း ပိုက်ဆံကို စစ်ပြီးမှ ယူတဲ့အခါကျတော့ ပြဿနာ ရှိတာပေါ့နော်။ အရင်တုန်းက အပြင်မှာ ငွေလဲတာနဲ့ တရားဝင် ငွေလဲတာနဲ့က တရားဝင်လဲတာက ရှစ်ကျပ် တစ်ဆယ်လောက် ပိုရတယ်။ အခုတော့လည်း နှစ်ကျပ် သုံးကျပ်ပဲ ကွာတော့တယ်လို့ ပြောတယ်။ တရားဝင် လဲတာကတော့ နည်းနည်းလေး ပိုပေးတာကို။”

တရားဝင်ဖွင့်ထားတဲ့ နိုင်ငံခြား ငွေလဲကောင်တာတွေမှာ ငွေလဲနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်းအဝယ် လုပ်နေပြီး လက်ရှိမှာ အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၈၀၀ ဝန်းကျင်လောက်နဲ့ ရောင်းဝယ်နေပါတယ်။

XS
SM
MD
LG