သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာ အချိန်မီ ရင်းနှီးမြှုပ်နှံကြဖို့ ကန်စီးပွားရေးကောင်စီတိုက်တွန်း


US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

အမေရိကန် ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ လိုတယ်ဆိုရင် အနာဂတ်ကို စောင့်ဆိုင်းနေတာထက် ဒီအချိန်မှာ ဈေးကွက်ကို အကဲခတ် လေ့လာပြီး အဆက်အသွယ် လုပ်ထားဖို့ လိုတယ်လို့ US-Asean Business Council က တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ အစကောင်းပေမဲ့ ဆွဲဆောင်မှု အားနည်းနေသလို လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဝေဖန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံနဲ့ Digital ဆက်သွယ်ရေး နည်းပညာ လိုအပ်ချက် စိန်ခေါ်မှုတွေနဲ့အတူ အခွင့်အလမ်းတွေ အများကြီးရှိတယ်လို့လည်း US Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ Anthony Nelson က ပြောဆိုလိုက်တာပါ။ ဒေါ်ခင်စိုးဝင်းက Anthony Nelson နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူနေတဲ့ ကာလကို အခွင့်ကောင်းယူပြီးတော့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် US-Asean Business Council ကနေ အမေရိကန်ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံကြဖို့ အားပေး တိုက်တွန်းလိုပါတယ်လို့ US-Asean Business Council ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Anthony Nelson က အခုလို ပြောဆိုလိုက်ပါတယ်။

“ကျနော်ကတော့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ချင်တဲ့ စီမံကိန်းနဲ့ အံဝင်ဂွင်ကျဖြစ်မယ့် ဈေးကွက်ကို အရင် စနည်းနာ လေ့လာဖို့ အားပေးသွားမှာပါ။ အနာဂတ်ကို စောင့်နေတာထက် အထူးသဖြင့် ဒီအချိန်မှာ အကဲခတ်လေ့လာပြီး အဆက်အသွယ်တွေ လုပ်ကြရမှာပါ။ အခွင့်အလမ်းတွေက အချိန်ကြာလာတာနဲ့အမျှ ရေရှည်မှာ ပိုတွေ့လာရမှာဖြစ်ပေမဲ့ စောစောစီစီး အဆက်အသွယ်တွေရအောင် လုပ်ထားဖို့ လိုပါတယ်။ အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်လာပြီး လုပ်ထုံးလုပ်နည်းတွေ နေသားတကျ ဖြစ်တဲ့အခါ အခွင့်အလမ်းတွေ ပိုရှိလာမှာ ဖြစ်ပါတယ်။ အဆက်အသွယ် စောစောရထားတဲ့ အတွက် ရှေ့လုပ်ငန်းစဉ်တွေမှာ အတွေ့အကြုံတွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။”

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုအရ၊ ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်လို့တော့ ဆွဲဆောင်အားကောင်းအောင် ပြုပြင်ဖို့ လိုတယ်လို့ Anthony Nelson က ထောက်ပြလိုက်ပါတယ်။

“မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်းနိုင်ခဲ့တာဟာ အစကောင်းတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ လုပ်စရာတွေ အများကြီး လိုနေပါသေးတယ်။ နိုင်ငံခြားကုမ္ပဏီတွေ တကယ် အလုပ်လုပ်နိုင်အောင် လုပ်ထုံးလုပ်နည်းတွေ အားကောင်းဖို့ လိုပါတယ်။ မကြာခင်က နိုင်ငံခြားဘဏ်တွေ လည်ပတ်ခွင့်ပြုမယ်လို့ အပြုသဘော ဖြစ်ထွန်းမှုတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံခြား အာမခံကုမ္ပဏီတွေ ဈေးကွက်ထဲမှာ လည်ပတ်နိုင်ဖို့တော့ လုပ်ထုံးလုပ်နည်း သတ်မှတ်ထားတာ မရှိသေးပါဘူး။ မြန်မာပိုင် ကုမ္ပဏီတွေအတွက်လည်း ဘယ်သူတွေနဲ့ ဖက်စပ်လုပ်နိုင်တယ်၊ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတဲ့ ဥပဒေကိုလည်း ရှင်းရှင်းလင်းလင်း ပြဌာန်းထားတာ မရှိသေးပါဘူး။ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ လက်ကားရောင်းဝယ်ရေးနဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးရေး ဈေးကွက်မှာ အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ပြုပြင်ပြောင်းလဲဖို့ လိုပါသေးတယ်။”

နိုင်ငံခြားကုမ္ပဏီတွေ ထဲထဲဝင်ဝင် ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားတဲ့နေရာမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အခွင့်အလမ်းတွေအဖြစ် ရှုမြင်တဲ့အကြောင်းကိုလည်း Anthony Nelson က အခုလို သုံးသပ်လိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ တွေ့ရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်တော့ အခွင့်အလမ်းတွေပါ။ အခြေခံ အဆောက်အအုံ လိုအပ်ချက်ကတော့ အကြီးမားဆုံး စိန်ခေါ်မှုလို့ ပြောရမှာပါ။ ရုပ်ဝတ္တု အခြေခံ အဆောက်အဦး လိုအပ်ချက်ရော၊ Digital နည်းပညာ လိုအပ်ချက်ရော အခက်အခဲတွေ ရှိပါတယ်။ ဒီနေ့ခေတ် ကုမ္ပဏီကြီးတွေအနေနဲ့ အချိန်နဲ့တပြေးညီ အလုပ်လုပ်နိုင်ဖို့ ဆက်သွယ်ရေးက အရေးတကြီး လိုအပ်ပါတယ်။ Ooredoo နဲ့ Telenor တို့လို ဆက်သွယ်ရေးတွေ ဝင်လာတာဟာ အစကောင်းပါတယ်။ ဒီထက်မက ပိုအဆင်ပြေအောင် လုပ်ဖို့ လိုအပ်ပါတယ်။ လူ့စွမ်းအား အရင်းအမြစ်လည်း လိုပါတယ်။ ဒီအထဲမှာ ပညာရေး၊ လေ့ကျင့်သင်တန်းတွေ၊ ကျန်းမာရေးနဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးလည်း လိုပါတယ်။ ဒါကြောင့် အမေရိကန် ကုမ္ပဏီကြီးတွေနဲ့ US-Asean Business Council ကနေ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို တဖက်တလမ်းက ပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်။”

မကြာခင်က ကျင်းပခဲ့တဲ့ အာဆီယံ စီးပွားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထူးထူးကဲကဲ မဆွေးနွေးဖြစ်ပေမဲ့လို့ အငယ်စားနဲ့ အလတ်စား လုပ်ငန်းရှင်တွေကို အမေရိကန်ပြည်ထောင်စုက ကူညီမယ့် အစီအစဉ်ကို တင်ပြနိုင်ခဲ့တယ်လို့ အခုလို ပြောပါတယ်။

“အာဆီယံ အစည်းဝေးပွဲကနေ မြန်မာနိုင်ငံအတွက် အသုံးဝင်မယ့် အကြောင်းအရာတွေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ အကောင်အထည်ဖော်မယ့် အာဆီယံ စီးပွားရေး အသိုက်အဝန်းအတွက် မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ အများနည်းတူ ရင်ဘောင်တန်းနိုင်အောင် US-Asean Business Council ကနေ ကူညီနေတဲ့အကြောင်း အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပါတယ်။ အာဆီယံ စီးပွားရေးဝန်ကြီးတွေက ဒီအစီရင်ခံစာကို အခြေခံပြီး တကယ်မဖြစ်မနေ ပါဝင်ရမယ့် လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ မူဘောင်တွေ ချမှတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာအပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံတွေ ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်မိအောင် ဖေးမကူညီတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး US-Asean Business Council ကနေ အာဆီယံ စီးပွားရေးလုပ်ငန်းများ အကြံပေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်းတို့က ကိုယ်စားလှယ်တွေနဲ့အတူ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးမှာ အလေးအနက်ထား အာရုံစိုက် ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးကလည်း သြဂုတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG