သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ဖွံ့ပါတီ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်သတင်းရယူခဲ့တဲ့ ဗွီအိုအေမြန်မာဌာနက ဦးသိန်းထိုက်ဦး က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း ကို ရန်ကုန်မြို့မှ တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှုတွေ စတင်လုပ်နေကြပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါဝင်ယှဉ်ပြိုင်မယ့် ၄၈ နေရာစလုံး အနိုင်ရနိုင်ဖို့အတွက် ဝိုင်းဝန်းထောက်ခံကြဖို့ လူထုကို ဆော်သြနေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ဒီ ၄၈ နေရာစလုံးက သူတို့အနိုင်ရပြီးသားနေရာတွေ ဖြစ်တဲ့အတွက် နေရာအားလုံးကို ပြန်နိုင်မှ အရင်းရမယ်ဆိုပြီး ပြောဆိုနေပါတယ်။ မကြာသေးခင်က ကျနော့်ရဲ့မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဋ္ဌ ဦအောင်သိန်းလင်းကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ သူတို့ပါတီလုပ်ဆောင်နေတဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ပတ်သက်ပြီး ဦးအောင်သိန်းလင်းက အခုလို စပြီး ရှင်းပြပါတယ်။

ဦးအောင်သိန်းလင်း။ ။ ရွေးကောက်ပွဲမှာ ခါတိုင်းလုပ်နေကျအတိုင်းပဲ၊ အရင် ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ ဝင်ရွေးကြဖူးပါတယ်။ ရန်ကုန်တိုင်းက ၆ မြို့နယ် ပါပါတယ်။ အဲဒီ (၆) မြို့နယ်ကို အောင်နိုင်ဖို့က ရန်ကုန်တိုင်း တာဝန်ခံဖြစ်တဲ့ ကျနော့်ရဲ့ အဓိက တာဝန်ပေါ့ဗျာ။ ဒီ (၆) မြို့နယ်ဆိုတာ ကျနော် နိုင်ဖို့အတွက် ကျနော် ကြိုးစားနေပါတယ်။ ဒီနှစ်မှာတော့ အဓိကကတော့ ဘယ်ဟာ ကျင့်သုံးသလဲဆိုတော့ ဒို့ပြည်၊ ဒို့စနစ် ပေါ့ဗျာ- ကျနော်တို့က စည်းရုံးလှုံ့ဆော်လို့ သူများတွေ အနှောင့်အယှက်ဖြစ်သွားလို့ရှိရင် မဖြစ်ဘူး၊ ဥပမာဆိုရင် ကျနော်တို့က ယာဉ်တန်းတွေနဲ့ လူတွေ အများကြီး၊ မော်တော်ဆိုင်ကယ်တွေ အများကြီး- ဒီလိုမျိုးလုပ်သွားမယ်ဆိုရင် လူထုတွေ အထိတ်တလန့်ဖြစ်ပါတယ်။ အနှောင့်အယှက်လည်း ဖြစ်တယ်။ နောက်တခါ ခရီးသွား ခရီးလာတွေလည်း အနှောင့်အယှက် ဖြစ်ပါတယ်။ အနှောင့်အယှက်ဖြစ်တဲ့အတွက် ဒါဟာ ဒီမိုကရေစီ မကျပါဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီနည်းကို ရှောင်ပါတယ်။ ကျနော်တို့က ရွာတွေရှိတဲ့နေရာကို သွားပြီးတော့မှ အဲဒီ ရွာအလိုက်မှာပဲ ရှိတဲ့လူလေးကို စုပြီးတော့မှ စည်းရုံးဟောပြောတာ လုပ်ပါတယ်။

မြို့ပေါ်မှာတော့ ရပ်ကွက်အလိုက် ခွဲပြီးတော့မှ တအိမ်တက်ဆင်း၊ အများအနှောင့်အယှက် မဖြစ်အောင် စည်းရုံးလှုံ့ဆော်တယ်။ ကားနဲ့လည်း လှည့်ပါတယ်။ ကျနော်တို့ သီချင်းတွေ ဖွင့်ပြီးတော့မှ လှည့်တာ လုပ်ပါတယ်။ ဒါပေမယ့် အခုတော့ စာမေးပွဲနီးပြီဖြစ်တဲ့အတွက် ဒီလုပ်ငန်းတော့ ရပ်ထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အဓိက ပြောဆို ဝေဖန်ခဲ့ကြ၊ အငြင်းပွားခဲ့တဲ့ကိစ္စက ကြိုတင်မဲတွေရဲ့ ကိစ္စပါခင်ဗျ။ ဒီတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီလို ကြိုတင်မဲတွေနဲ့ပတ်သက်ပြီးတော့ အငြင်းပွားစရာ ကိစ္စမျိုးတွေ မကြုံအောင် ကြိုတင်စီစဉ်ထားတာမျိုး အနေအထားတွေ ရှိပါသလားခင်ဗျ။

ဦးအောင်သိန်းလင်း ။ ။ ဝေဖန်ချက်ကတော့ အရင် ၂၀၁၀ တုန်းက အမျိုးမျိုး အများကြီးရှိပါတယ်။ မဲဆွယ်စည်းရုံးတဲ့ကာလမှာရော ဝေဖန်ချက်တွေ ရှိတယ်။ အခုန မဲပေးတဲ့နေရာမှာလည်း ကြိုတင်မဲတွေ များတယ်ဆိုပြီးမှ - အဲဒီ ကြိုတင်မဲတွေက ကျနော်တို့ ပြည်ခိုင်ဖြိုး တမဲတည်း မဟုတ်ပါဘူး။ ကျန်တဲ့လူတွေ မဲတွေလည်း ပါပါတယ်။ ဥပမာ- ကျနော်ဆိုရင် တောင်ဥက္ကလာပမှာ ကျနော် ရွေးတယ်။ ကြိုတင်မဲ အထုတ်ကြီး ကျနော်တို့ရှေ့မှာပဲ - ကော်မရှင်က ကဲ-ကိုယ်စားလှယ်တွေလာ၊ ကြိုတင်မဲဖွင့်မယ်၊ ခင်ဗျားတို့ လာကြည့်နိုင်တယ်ဆိုပြီး လာကြည့်ခိုင်းပါတယ်။ ကြည့်ခိုင်းတော့ ကျနော်ကလည်း သွားကြည့်ပါတယ်။ ကျနော့် အတွေ့အကြုံကိုပြောတာပါ။ တောင်ဥက္ကလာပမှာ - ကြိုတင်မဲဖောက်တဲ့အခါမှာ ကျနော်ကလည်း တမဲရတယ်။ ပြတယ်။ ဟောဒီမှာ ဒါ ဘယ်သူလဲ၊ ဦးအောင်သိန်းလင်း-ထည့်၊ ဒေါ်ကမ်းခန့်ဒိမ်း။ ဒီလိုပေါ့။ ဒီလို ပြပြီးတော့မှ ထည့်သွားကြတာ။ ထည့်သွားတော့ ကျနော်နဲ့ပြိုင်တာ (၅) ယောက်ရှိတယ်။ (၅) ယောက်စလုံး ကြိုတင်မဲရပါတယ်။ ဒါပေမယ့် အဲဒီထဲမှာ ကျနော်က မဲများတာပေါ့ဗျာ။ နောက်တခါ ကျနော့်မဲထဲမှာမှ မဲပေးတဲ့လူတွေက လက်မှတ်ထိုးထားတဲ့အတွက် မဲပေါင်း (၄၀) ကျော် ပယ်မဲဖြစ်ပါတယ်။

အဲဒီတော့ ကြိုတင်မဲတွေနဲ့ပတ်သက်ပြီးတော့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေရှိပါတယ်။ ကာယကံရှင်က တကယ် အဲဒီနေ့မှာ မဲမပေးနိုင်ဘူး၊ ကျန်းမာရေးမကောင်းလို့ မလာနိုင်ဘူးဆိုရင် လျှောက်လွှာနဲ့လျှောက်ပြီးတော့မှလိုက်ပြီးတော့ မဲယူတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ကတော့ ဂုဏ်သိက္ခာရှိရှိ၊ တန်ဖိုးရှိရှိပဲ နိုင်ချင်ပါတယ်။ Free and Fair ပေါ့။ သူများတွေကတော့ - ဒါတော့ဗျာ ဘောလုံးကန်သလိုပေါ့ဗျာ။ ရှုံးသွားတဲ့ အသင်းကတော့ နိုင်သွားတဲ့အသင်းကို ဒီကောင်တွေ ပယ်နယ်တီဂိုး ယူသွားတယ်၊ လက်နဲ့ပုတ်သွင်းသွားတယ် ဘာ ညာ ပြောတာ ထုံးစံပါပဲ။

ဦးသိန်းထိုက်ဦး ။ ။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေဘက်က ဒီ ကြားဖြတ်ရွေးကောက်ပွဲရဲ့တရားမျှတမှု အခြေအနေကို ကြည့်ပြီးတော့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေး ဆုံးဖြတ်မယ်ဆိုပြီးတော့ ပြောဆိုထားတာလည်း ရှိပါတယ်ခင်ဗျ။ ဒီအပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။

ဦးအောင်သိန်းလင်း ။ ။ ဒါက ကြားဖြတ်ရွေးကောက်ပွဲတခုတည်းမှ မဟုတ်ပါဘူးဗျာ။ သူတို့အကြိုက်မဖြစ်ရင် အချိန်မရွေး ပိတ်ဆို့လို့ရနေတာပဲ။ ဟုတ်တယ်မို့လား၊ သူပိတ်ဆို့ချင်ရင် ပိတ်ဆို့လို့ရနေတာပဲ။ ဘယ်သူ တားဆီးလို့ ရနေလို့လဲ။ အခုလည်း ကျနော်တို့ကို ဘာအပြစ်နဲ့ ပိတ်ဆို့တာလဲ။ ဒီကြားဖြတ်ရွေးကောက်ပွဲတင် မကဘူးလေ။ သူပိတ်ချင် ပိတ်လို့ရနေတာပဲ။ သူတို့ကြိုက်တဲ့ အဖြေတစ်ခု မရမချင်း ပိတ်နေမှာပဲ။

ဦးသိန်းထိုက်ဦး ။ ။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်ဆိုပြီးတော့ လူထုနဲ့တွေ့ဆုံတဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပါတယ်ခင်ဗျ။ သူရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ ပါလီမန်အတွင်းမှာ ပါဝင်လာမယ်လို့ ကျယ်ကျယ်ပြန့်ပြန့် တော်တော်များများက လက်ခံထားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ ပါဝင်လာနိုင်မယ့် အနေအထားနဲ့ သူ့ရဲ့ အခန်းကဏ္ဍအပေါ်မှာလည်း ဘယ်လို သဘောထားရှိပါသလဲခင်ဗျ။

ဦးအောင်သိန်းလင်း ။ ။ ကျနော်တို့ကတော့ လူကိုမကြည့်ပါဘူး။ သူကျင့်သုံးတဲ့တရား၊ သူကိုင်စွဲတဲ့မူဝါဒကိုပဲ ကြည့်ပါတယ်။ ကျနော်တို့ ဒီနေ့သွားနေတာကလည်း ကျနော်တို့ပါတီသွားနေတာကလည်း ကျနော်တို့က ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘူး။ ကျနော်တို့က တိုင်းပြည် အနာဂတ်ပေါ့။ တိုင်းပြည်အနာဂတ်ကိုင်စွဲတဲ့ မူဝါဒ လမ်းကြောင်း အရေးကြီးပါတယ်။ ကျနော်တို့ လမ်းကြောင်းလွဲသွားလို့ရှိရင် ကျနော်တို့မျှော်မှန်းတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော် ဘယ်ဖြစ်လာပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ နိုင်မယ့်လူတယောက်ကတော့ ဒါ လွှတ်တော် ကိုယ်စားလှယ် ဖြစ်မှာပဲလေ။ ရွေးကောက်ပွဲမှာ နိုင်ရင်တော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမှာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ အခု အရပ်သားအစိုးရ တစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ အားယူလာတာမျိုးတွေကို ကျနော်တို့ သတိထားမိပါတယ်ခင်ဗျ။ လွတ်လပ်ပွင့်လင်းလာတဲ့ အနေအထားတချို့ကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဝေဖန်ပြောဆိုနေတဲ့ အချက်တခုက စစ်တပ်အရာရှိပိုင်း၊ အစိုးရခေါင်းဆောင်ပိုင်းတွေထဲက သဘောထားတင်းမာတဲ့သူတွေ ရှိခဲ့မယ်။ ဒီလို သဘောထား တင်းမာတဲ့သူတွေက အားသာသွားခဲ့မယ်ဆိုရင် လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေ နောက်ကြောင်းပြန်လှည့်သွားတာမျိုး၊ ရပ်တန့်သွားတာမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ပြောဆိုဝေဖန်နေကြတာမျိုးပါ ခင်ဗျ။ အဲဒီတော့ အခြေအနေတွေက သဘောထားတင်းမာတဲ့သူတွေ ရှိလာခဲ့ရင် နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အနေအထားမျိုးရော ရှိပါသလားခင်ဗျ။

ဦးအောင်သိန်းလင်း ။ ။ မဖြစ်နိုင်ပါဘူး။ ကျနော်တို့အားလုံးဟာ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတာ ကျနော်တို့အားလုံးက စိတ်ပိုင်းဖြတ်ထားပြီးသားပါ။ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားမှလည်း ဒီမိုကရေစီလမ်းကြောင်းပေါ် သွားမှပဲ အများဆန္ဒနဲ့အညီ သွားတာဖြစ်တဲ့ အတွက် နိုင်ငံရေးတည်ငြိမ်မယ်။ နိုင်ငံရေးတည်ငြိမ်မှ ကျန်တဲ့ စီးပွားရေးတွေ ဘာတွေ တည်ငြိမ်မယ်။ သို့သော်လည်း ကျနော်တို့စိတ်ပူတာ တခုတော့ ရှိတယ်။ တိုင်းတပါး သြဇာခံတော့ ဖြစ်မှာကြောက်တယ်။ တိုင်းတပါးသားရဲ့ မျက်နှာကို ကြည့်နေရမယ့် ဘဝမျိုးတော့ ကျနော်တို့ အရောက်မခံနိုင်ဘူး။ ဒီအတွက် အသက်တွေပေးပြီးတော့မှ တိုင်းပြည်ကို ကာကွယ်ခဲ့တာပါ။ ကျနော်ဆိုရင် လည်ပင်းမှာ ၁၃ ချက် ချုပ်ရတယ်။ ခေါင်းမှာ သေနတ်ဖောက်မှန်တယ်။ ပေါင်မှာ ဒဏ်ရာရှိတယ်။ အဲဒါတွေ ဘာအတွက် လုပ်တာလဲ။ ကိုယ့်တိုင်းပြည်ကိုယ် ကာကွယ်တာ။ ကိုယ့်တိုင်းပြည်သူများ လက်အောက်မရောက်ဖို့ ကျနော်တို့က ကာကွယ်တာလေ။

ဦးသိန်းထိုက်ဦး ။ ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်လို့ အစိုးရထဲမှာ တကယ်တမ်း ပြုပြင်ပြောင်းလဲရတော့မယ်၊ မဖြစ်မနေ လုပ်ရတော့မယ်ဆိုတဲ့ အမြင်သဘောထား ရှိသူတွေကြောင့် ပြောင်းလဲတာဆိုပြီးတော့ ဝေဖန်ဆန်းစစ်သူ တော်တော်များများက ပြောဆိုကြပါတယ်ခင်ဗျ။ တဘက်ကလည်း ဒီလို ပြုပြင်ပြောင်းလဲလာရတဲ့ အချက်တခုထဲမှာ တရုတ်နိုင်ငံရဲ့ သြဇာ လွှမ်းမိုးမှု၊ တရုတ်က စီးပွားရေးလုပ်ငန်းတွေမှာ တော်တော်များများ လက်ဝါးကြီးအုပ်ထားတဲ့ အနေအထားတွေကို စစ်တပ်အရာရှိထဲမှာ၊ အစိုးရခေါင်းဆောင်ပိုင်းတွေထဲမှာ မကျေမနပ် ဖြစ်လာပြီးတော့ ဒီလို မဖြစ်မနေ ပြုပြင်ပြောင်းလဲတော့မယ် ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြတာဆိုပြီး ပြောဆိုကြတာမျိုးတွေလည်း ရှိပါတယ်ခင်ဗျ။ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုအခြေအနေတွေက တကယ်တမ်း တိုင်းပြည်မှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့အတွက် အရင်းခံအကြောင်းရင်းတစ်ခု ဟုတ်ပါရဲ့လား ခင်ဗျ။

ဦးအောင်သိန်းလင်း ။ ။ မဟုတ်ဘူးဗျ။ ကျနော်တို့တပ်မတော်က ၈၈ အရေးအခင်းမှာ တိုင်းဖျက်ပြည်ဖျက်ဖြစ်လို့ တပ်မတော်က ဝင်ပြီးတော့ ထိန်းပေးတာ။ ထိန်းပေးပြီးတော့မှ နိုင်ငံတခုကို တည်ဆောက်တဲ့အခါမှာ ဘယ်လမ်းကြောင်းနဲ့သွားမလဲဆိုတာ ကျနော်တို့ မဆလ မဖျက်ခင်တုန်းက ဒီမိုကရေစီနဲ့သွားမယ်လို့ ပြဌာန်းပြီးသား။ ဒီမိုကရေစီနဲ့သွားတဲ့အတွက် တည်ငြိမ်မှုရမယ်။ နိုင်ငံရေးတည်ငြိမ်ရင် စီးပွားရေးတည်ငြိမ်မယ်။ အဲဒီဟာကြောင့် ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းအတိုင်း တစိုက်မတ်မတ် သွားမယ်လို့ လုပ်လာတာပါ။ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အများဆန္ဒနဲ့အညီ ရွေးချယ်တဲ့အစိုးရတရပ် အုပ်စိုးမှသာဖြစ်မှာ။ ဒီမိုကရေစီ လမ်းကြောင်းသာသည် ကျနော်တို့ တိုင်းပြည်အနာဂတ်မှာသာ သီချင်းတောင်ရှိပါတယ် … တရားမျှတ လွတ်လပ်မှသာ ဒါလမ်းကြောင်းအမှန် ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းအပေါ်ကို ကျနော်တို့ သွားတာပါ။

ဦးသိန်းထိုက်ဦး ။ ။ အခု ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု သေချာပေါက်ဖြစ်မယ်လို့ ဦးအောင်သိန်းလင်းအနေနဲ့ အခိုင်အမာ ယုံကြည်ပါသလား။

ဦးအောင်သိန်းလင်း ။ ။ လက်ရှိ စည်းကမ်းတွေလည်း အများကြီးသတ်မှတ်ပြီးတော့ ထိန်းကြောင်းထားပါတယ်။ ကျနော်တို့လည်း တရားမျှမျှတတပြိုင်ဖို့ ဆုံးဖြတ်ထားတယ်။ ကိုယ့်လူတွေကိုလည်း တရားဖြင့်ပဲ အနိုင်ယူဖို့ ကြပ်မတ်ထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် (၄၈) နေရာ - (၄၈) နေရာဆိုတာက တကယ်တမ်း ပါလီမန်အတွင်းမှာ နေရာအားဖြင့် မများတဲ့ အရည်အတွက်ပါ။ အဲဒီတော့ တချို့ကလည်း (၄၈) နေရာမှာတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တယ်လို့ ပြောဆိုဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီတော့ (၄၈) နေရာမဟုတ်ဘဲနဲ့ ၂၀၁၅ လို အားလုံးပါဝင် ယှဉ်ပြိုင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ကျင်းပမယ့်ဆိုရင် တိုင်းပြည်မှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုးတွေ ပေါ်လာနိုင်ပါမလား။ ပေါ်လာနိုင်တဲ့ အခြေအနေ ရှိပါရဲ့လား။

ဦးအောင်သိန်းလင်း ။ ။ ၂၀၁၅ ကြရင်လည်း ပိုပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းပိုရှိတာတွေ ရှိလာမှာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မှာပါ။

ဦးသိန်းထိုက်ဦး ။ ။ တပ်မတော်အရာရှိတဦးအနေနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်တွေကို စစ်တပ်အရာရှိတဦးအနေနဲ့ နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ရတယ်။ အခု အန်ကယ်တို့အနေနဲ့ အရပ်သား အစိုးရအတွင်းမှာ တာဝန်ယူရတဲ့အချိန်မှာ အရပ်သားခေါင်းဆောင်အဖြစ် ပြုပြင်ပြောင်းလဲဖို့အတွက် အခက်အခဲတွေ ရှိပါသလား။

ဦးအောင်သိန်းလင်း ။ ။ အခက်အခဲတော့ မရှိပါဘူး။ ကျနော်က စစ်သားဘဝမှာနဲ့ အရပ်သားဘဝတလျှောက်လုံး ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေကိုယ့်ရေနဲ့ မကွဲမကွာ၊ မကွေမကွာ တလျှောက်လုံး ဒီမှာနေတဲ့အတွက် ပြဿနာ မရှိပါဘူး။ ကျနော် ဝါသနာပါတာကတော့ ကျနော်က တပ်မတော်သားဘဝကို ပိုဝါသနာပါတယ်။ အခုတခါ အရပ်သားပါတီဝင်အနေနဲ့ လုပ်တဲ့အခါမှာလည်း ထားတဲ့ခံယူချက်ကတော့ ကျနော်သည် ကျနော့်တိုင်းပြည်ကို ထာဝရအေးချမ်းသာယာပြီးတော့ ထာဝရ ခေတ်မှီတိုးတက်တဲ့ လမ်းကြောင်းပေါ်ကို တင်ပေးဖို့ တာဝန်ရှိတယ်။ တပိုင်းကလည်း ဘယ်တော့မှ တိုင်းတပါးသြဇာခံ မဖြစ်ဖို့ .. ဒါကလည်း တိုင်းပြည်ကို ကာကွယ်တာပဲ။

ဦးသိန်းထိုက်ဦး ။ ။ ကျနော် ဆိုလိုတာက တပ်မက တသွေးတသံတမိန့်။ ဒီ အမိန့်နာခံမှုက အဓိက အသက်သွေးကြောလို ဖြစ်နေပါတယ်။ အဲဒီတော့ အရပ်သားအစိုးရအဖွဲ့မှာ ခေါင်းဆောင်ဖြစ်လာတဲ့ အခါမျိုးတွေမှာ သဘောကွဲလွဲတဲ့သူတွေ ရှိလာရင်လည်း ဆွေးနွေးရတာမျိုး၊ အတိုက်အခံတွေနဲ့ ညှိနှိုင်းရတာမျိုး။ ကိုယ်က အမြင်သဘောထားချင်း မတူရင်လည်း လက်ခံလိုက်ရတာမျိုးတွေ ရှိကောင်းရှိလာနိုင်တဲ့အတွက် ဒီလို အနေအထားမျိုးမှာ တပ်ခေါင်းဆောင် စစ်တပ်အရာရှိတဦးကနေ ပြုပြင်ပြောင်းလဲဖို့ အခက်အခဲ ရှိပါသလားလို့ မေးတာပါခင်များ။

ဦးအောင်သိန်းလင်း ။ ။ မရှိပါဘူး။ ကျနော်တို့ကိုယ်တိုင်ကလည်း ဒါ ဗဟိုဦးစီးစနစ်တွေ မကျင့်သုံးတော့ဘူး။ ဒီမိုကရေစီဆိုမှတော့ ကျနော်တို့လည်း အများဆန္ဒနဲ့လုပ်တာကို practice လုပ်ထားပါတယ်။ ဒီလိုပြောင်း practice လုပ်ရတဲ့အတွက်လည်း ဘာမှအခက်အခဲ မရှိပါဘူး။ ကိုယ်က စေတနာကို အခြေခံပြီးမှ ကိုယ့်ရဲ့ အတွေ့အကြုံတွေ အခြေခံပြီးမှ ကိုယ်က ရှင်းပြပြီးမှ မင်းတို့ဆန္ဒ ဘယ်လိုရှိသလဲဆိုပြီးမှ မေးပြီးလုပ်တာပါ။ မနက်ကပဲ ကျနော့်ခလေးတွေနဲ့ ခရိုင်နှစ်ခု အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ဆန္ဒတွေ မေးပြီးမှ သူတို့ဆန္ဒ၊ သူတို့ဆန္ဒမေးတဲ့အခါမှာ အခြေအနေတော့ ခင်းပြလိုက်တယ်။ သုံးသပ်နိုင်အောင်။ ရှင်းပြီးတော့မှ အများဆန္ဒနဲ့ပဲလုပ်တယ်။ ဒါက ဒီ practice ကိုတော့ ကျနော်တို့တတွေ အလွယ်တကူရမှ ဖြစ်မယ်။ သွားလည်းသွားကြမှဖြစ်မယ်။ System changing - ကျနော်တို့ လူအားလုံးက တရားမျှမျှတတနဲ့ လွတ်လပ်တာကိုပဲ ကြိုက်ကြတယ်။ အဲဒါ မကြိုက်တဲ့လူ ဘယ်သူမှ မရှိပါဘူး။ တရားသဖြင့် ဖြစ်ဖို့ကတော့ အကြိုက်ဆုံးပါ။ လူတိုင်းက မတရားဆိုတာတွေကိုတော့ မကြိုက်ဘူး။

ဦးသိန်းထိုက်ဦး ။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း ကို မကြာသေးခင်က ရန်ကုန်မြို့မှ တွေ့ဆုံမေးမြန်းခဲ့တာပါ။

XS
SM
MD
LG