သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အပြောင်းအလဲ နဲ့ ပြည်ပနိုင်ငံရေး အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရက ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည်ခေါ်ယူမှုအပေါ် ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လှုပ်ရှားသူများရဲ့ တုံ့ပြန်ပြောဆိုချက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပြင်ပရောက်အဖွဲ့အစည်းတွေ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ပြင်ပမှာ ဘာတွေဆက်လက် ဆောင်ရွက်သွားနိုင်မလဲစတဲ့ အရေးကိစ္စအကြောင်းအရာများကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် နဲ့ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်မိုးဇော် က အခုလက်ရှိ ဝါရှင်တန်ဒီစီမှာ ရောက်ရှိနေပြီး NED (National Endowment for Democracy) အဖွဲ့မှာ လေ့လာရေးအစီအစဉ်တခုအနေနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။ ဆိုတော့ ဘယ်အစီအစဉ်၊ ဘယ်အလုပ်တွေကို လေ့လာနေတယ်ဆိုတာကို တချက်လောက် ရှင်းပြပါ။

ဦးအောင်မိုးဇော် ။ ။ ကျနော် အဓိကထား လေ့လာတာကတော့ ကျနော်တို့ တိုင်းပြည်ကို ကမ္ဘာကနေ အကူအညီပေးနေတာ အနှစ် (၂၀) နီးပါးရှိနေပြီ။ (၁၆) နှစ် (၁၇) နှစ် ရှိနေပြီ။ ဒီမိုကရေစီ အကူအညီတွေဟာ တကယ်ပဲ ကျနော်တို့ တိုင်းပြည်အတွက် အသုံးပြု၊ အကျိုးရှိသလား။ အကျိုးမရှိဘူးလား။ နောက်တခုက တကယ်ပဲ ကျနော်တို့ Democracy Movement အတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူးလား။ နောက်တခုက နောက်ကူညီတဲ့အခါမှာ ဘယ်လိုအကူအညီတွေ ပေးသင့်သလဲ။ မပေးသင့်ဘူးသလဲ စသဖြင့် ဒီလို ဘာသာရပ်နဲ့ ပတ်သက်လို့ ကျနော်လာပြီး လေ့လာတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက Fellowship ပေါ့။ ဒီ Fellowship မှာ ပြီးလို့ရှိရင် ဦးအောင်မိုးဇော်အနေနဲ့ စာတမ်းတစုံတရာ တင်ရမှာပေါ့။

ဦးအောင်မိုးဇော် ။ ။ ဟုတ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလက်ရှိ လေ့လာရသလောက်တဲ့အပေါ်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိုကရေစီအရေးကို ပံ့ပိုးပေးဖို့ နိုင်ငံတကာအကူအညီတွေနဲ့ ပတ်သက်လို့ အထောက်အကူတွေ ပြုသင့်သလောက် ပြုခဲ့တယ်ဆိုတာကတော့ လက်တွေ့ပဲပေါ့။ ဒီကြားထဲမှာ ထူးထူးခြားခြား ထောက်ပြလို့ရနိုင်မယ့် အပြစ်အနာအဆာ ဘာတွေများ ရှိလို့လဲ။

ဦးအောင်မိုးဇော် ။ ။ အခြေခံကတော့ အထူးသဖြင့် ပြည်တွင်းအခြေအနေ၊ ပြည်သူလူထုရဲ့ အခြေအနေ၊ ဒီမိုကရေစီ လှုပ်ရှားမှုအခြေအနေကို သဘောသဘာဝတွေကို အထူးသဖြင့် အလှူရှင်နိုင်ငံတွေနဲ့ အလှူရှင်တွေအနေနဲ့ သေသေခြာခြာ ဆုပ်ကိုင်နိုင်ဖို့ခက်တယ်။ ဗမာပြည်ကိုယ်တိုင်က ပိတ်ထားတာ။ များသောအားဖြင့် အလှူရှင်တွေ အားကိုးရတာက ပြင်ပမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြင်ပမှာရှိတဲ့ လူပုဂ္ဂိုလ်တွေ။ အဲဒီလို အားကိုးရတဲ့အခါကြတော့ တချို့ လက်တွေ့အကူအညီတွေနဲ့ ပတ်သက်လို့ရှိရင် လွှဲချော်မှုတချို့ရှိတယ်။ တချို့ ဒီအကူအညီတွေကြောင့်ပဲ ကျနော်တို့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေကြားမှာ တစုံတရာ အကျိုးစီးပွားအရ ယှဉ်ပြိုင်မှုတွေ ဖြစ်ပေါ်တာတွေရှိတယ်။ ဒါကတော့ တစုံတရာ negative impact လို့ ပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ဒီအကြောင်းကို အစောပိုင်းတုန်းကလည်း မေးခဲ့ပြောခဲ့တာတွေလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ ပတ်သက်လို့ရှိရင် နိုင်ငံတကာအကူအညီတွေကို အားကိုးအားထားပြုနေရတဲ့ သိပ်ပြီးတော့ ဒါတွေကိုပဲ dependent မှီခိုလွန်အားကြီးတဲ့ အခြေအနေမျိုး စိုးရိမ်တာမျိုးကို ကျနော်တို့ ပြောခဲ့ဘူးတာ ရှိပါတယ်။ ဒါပေမဲ့ အခု ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ထက် ဦးအောင်မိုးဇော် လေ့လာနေတဲ့ ပြင်ပကအကူအညီဆိုတာက ရုပ်ဝထ္ထုပစ္စည်းအကူအညီလို့ ပြောရမလား။ ဒါမှမဟုတ် စိတ်ဓါတ်ရေးရာအရ၊ ဒါမှမဟုတ် အကြောင်းအရာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လက်တွေ့ဖြစ်နေတဲ့ နိုင်ငံရေး အကူအညီပေးမှုတွေကို ဆိုလိုတာလား။

ဦးအောင်မိုးဇော် ။ ။ ယေဘုယျတော့ အကုန်လုံးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျနော်ကြည့်တဲ့ ကျနော်သေချာ focus လုပ်တဲ့ကိစ္စ။ အဓိကထားကြည့်တဲ့ကိစ္စကတော့ ကျနော်တို့ရဲ့ civil society လူမှုအခြေပြုလူမှုအဖွဲ့အစည်းတွေကို ကူညီတဲ့ ငွေရေးကြေးရေး အကူအညီတွေ၊ ပြည်တွင်းကိုသွားတဲ့ အထူးသဖြင့် ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှု၊ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုတွေကို ကူညီတဲ့ အကူအညီတွေနဲ့ ပတ်သက်လို့။ ဒါက ကျနော်ကြည့်တဲ့ focus ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ ပြီးခဲ့တဲ့ အနှစ် (၂၀) ကျော်ကာလအတွင်းမှာ အကူအညီဆိုတာ ပြည်တွင်းကို သိပ်ရောက်နိုင်ခဲ့တယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဗမာပြည်တွင်းမှာလည်း အတော်လေး ပိတ်ဆို့မှုနဲ့ တင်းကြပ်မှုတွေ ရှိနေခဲ့တယ်။ အဲဒီတော့ များသောအားဖြင့်ကတော့ နယ်စပ်ဒေသတွေမှာရှိခဲ့တဲ့ ရှိနေတဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ - နိုင်ငံရေးပါတီတွေရှိမယ်၊ တိုင်းရင်းသားပါတီတွေရှိမယ်။ ဒါမှမဟုတ် လူထုအခြေပြု အဖွဲ့အစည်းလေးတွေ။ အခုန ကိုအောင်မိုးဇော် ပြောသလို။ အဲဒီ အကူအညီတွေကရော လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်အတွင်းမှာ ထိရောက်မှုတွေ ရှိခဲ့ရဲ့လား။

ဦးအောင်မိုးဇော် ။ ။ ကျနော်အမြင်အရ ပြောမယ်ဆိုရင် တော်တော်လေး ထိရောက်မှု ရှိတယ်လို့ ပြောလို့ရတယ်။ ဥပမာကြည့် Democratic Voice of Burma (DVB), RFA လို ကိစ္စမျိုး။ RFA တည်ထောင်တဲ့ကိစ္စမျိုး။ ဒါတွေက ဒီမိုကရေစီ အကူအညီအောက်က သွားတဲ့ကိစ္စတွေဖြစ်တယ်။ တပြိုင်နက်ထဲမှာ ကျိမ်းသေတာကတော့ ဒီမိုကရေစီအရေး လှုပ်ရှားမှုအနေနဲ့က စစ်အုပ်စုကြီးတခုလုံးကို ဖယ်ရှားနိုင်တဲ့အခြေအနေ မရှိပေမယ့် ကနေ့အနေအထားအထိ ဒီမိုကရေစီလှုပ်ရှားမှု ရှိနေသေးတယ်။ အခိုင်အမာရှိနေသေးတယ်ဆိုတာက နိုင်ငံတကာရဲ့ အခုနလို ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အထောက်အကူပြုမှုတွေရဲ့ အကျိုးပြုမှုတခုဖြစ်တယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဆိုတော့ သူတခုတည်းရယ်လားလို့ ပြောလို့တော့ ခက်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ နိုင်ငံတကာ အကူအညီကပါတယ်လို့ ယူဆတယ်။ နောက်တပိုင်းကလည်း ကနေ့အခြေအနေအထိ ကျနော်တို့နိုင်ငံဟာ နိုင်ငံတကာရဲ့ ဆွေးနွေးစရာ၊ ပြောဆိုစရာ၊ နိုင်ငံတကာ agenda ထဲမှာ ကျနော်တို့နိုင်ငံ ရှိနေသည်ကိုယ်၌က နိုင်ငံတကာက ဗမာပြည်နဲ့ ပတ်သက်လို့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်အောင် လုပ်မယ်ဆိုတဲ့ အထောက်အကူပြုမှုတွေဟာ ကြီးကြီးမားမား အရေးကြီးတဲ့ အစိတ်အပိုင်းက ပါဝင်နေတယ်လို့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုန ဦးအောင်မိုးဇော် ပြောသွားတဲ့အထဲမှာ ကနေ့အခြေအနေဆိုတာပါတယ်။ ကနေ့အခြေအနေဆိုတဲ့နေရာမှာ ပြည်တွင်းအခြေအနေက အတော်လေးပြောင်းလဲမှုတွေ ပေါ်လာတယ်ဆိုတာ အားလုံးလည်း အသိပါပဲ။ အားလုံးလည်း ဒီအပြောင်းအလဲတွေကို မျက်စိဒေါက်ထောက်ကြည့်နေကြတယ်။ အဲဒီနေရာမှာ လူထုလူတန်းစား အခြေပြုအဖွဲ့အစည်းတွေကို ခဏထား။ ဦးအောင်မိုးဇော်တို့ရဲ့ DPNS လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနေနဲ့ဆိုရင်။ လောလောဆယ် ပြည်ပမှာ အခြေစိုက်နေတယ်။ နယ်စပ်ဒေသမှာ အခြေစိုက်နေတယ်။ ပြည်တွင်းမှာပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရဆိုရင် ဒီလိုပြည်ပမှာ အခြေစိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ဘယ်လိုဆက်ပြီး လှုပ်ရှားသွားဖို့ အခြေအနေရှိလဲ။

ဦးအောင်မိုးဇော် ။ ။ တခုကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအပြောင်းအလဲက ဘယ်အတိုင်းအတားအထိ ပြောင်းလဲမလဲဆိုတဲ့အပေါ်မှာ အများကြီးမူတည်ပါတယ်။ ပြည်တွင်းမှာ အခုနလို့ အပြောင်းအလဲတွေ ဖြစ်ပျက်နေတယ်။ ဖြစ်ပေါ်နေတယ်ဆိုတာ မှန်တယ်။ ဒီအပြောင်းအလဲတွေကို ကျနော်တို့ ရှေ့ဆက်သွားချင်တယ်။ ကျနော်တို့ ဒီဖက်မှာရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဥပမာ ကျနော်တို့ပါတီအနေနဲ့ဆိုရင် ပြည်တွင်းမှာလည်း ကျနော်တို့ရဲဘော်တွေရှိတယ်။ ကျနော်တို့ ရဲဘော်တွေအနေနဲ့က ပြည်တွင်းမှာရှိတဲ့ နဂိုလူ့ဘောင်သစ်အဖွဲ့ဝင်တွေကို ပြန်လည်စုစည်းပြီးတော့ လူ့ဘောင်သစ်ပြန်လည်ဖော်ဆောင်ရေးကို ကြိုးပမ်းနေတာရှိတယ်။ ကျနော်တို့အနေနဲ့လည်း ဒီကနေ့ အစိုးရကို ပြောဆိုထားတာရှိတယ်။ အကယ်၍ ကျနော်တို့ကို ပြန်လာခွင့်ပေးမယ်။ ကျနော်တို့ကို တရားဝင်ပါတီအဖြစ် တည်ထောင်ပြီး လုပ်ပိုင်ခွင့်ပေးမယ်ဆိုလို့ရှိရင် ကျနော်တို့ပြန်ပြီး ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ ဆွေးနွေးထားတယ်။ ပြောဆိုထားတာရှိတယ်။ ကြိမ်းသေတာကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းက ကျနော်တို့ပါဝင်ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်း ဖြစ်မလား၊ မဖြစ်ဘူးလား။ ကျနော်တို့ကို ခွင့်ပြုမလား၊ ခွင့်မပြုဘူးလား။ အဲဒီအပေါ်မှာ အများကြီးမူတည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ဦးအောင်မိုးဇော် ဝါရှင်တန်မလာခင်အထိ အဲဒီအချိန်ပိုင်းတွေလောက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့မှာ ပါနေတဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့နဲ့ တွေ့ခဲ့တယ်ဆိုတာကို ကျနော်ကြားပါတယ်။ အဲဒီအချိန်တွေတုန်းက ဒီကိစ္စတွေ ဆွေးနွေးဖြစ်ခဲ့သလား။

ဦးအောင်မိုးဇော် ။ ။ ဒီကိစ္စကိုပဲ ကျနော်တို့ တင်ပြခဲ့တယ်။ ဒီကိစ္စကိုပဲ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ ထပ်ပြီးတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီကိစ္စတွေကို ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အစောပိုင်းကပြောတဲ့ အခင်းအကျင်း။ အခင်းအကျင်းဆိုတဲ့ နေရာမှာ မြန်မာနိုင်ငံမှာ အခုလောလောဆယ် အတိုက်အခံပါတီကတော့ ဒီမိုကရေစီပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလောလောဆယ်တော့ လွှတ်တော်အတွင်းနိုင်ငံရေး အခင်းအကျင်းထဲကို ရောက်သွားပြီ။ တကယ်လို့များ ဦးအောင်မိုးဇော်တို့က ပြည်တွင်းမှာပါတီ ထောင်ခွင့်ရမယ်။ ပြန်ပြီးတော့ စည်းရုံးခွင့်တွေ ရမယ်ဆိုရင်တောင်မှ လွှတ်တော်အတွင်းကို ရောက်အုန်းမှာမဟုတ်သေးဘူး။ တခြား ရွေးကောက်ပွဲတွေမတိုင်ခင်အထိ။ အဲဒါဆိုလို့ရှိရင် လက်ရှိ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာက ဘယ်လိုအတိုင်းအတာအထိ လုပ်နိုင်မလဲ။ ဘယ်လိုများ စွမ်းဆောင်နိုင်မယ်လို့ ယူဆပါသလဲ။

ဦးအောင်မိုးဇော် ။ ။ နိုင်ငံရေးပါတီတခုအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီတခုရဲ့ အဓိကရည်မှန်းချက်က လွှတ်တော်ထဲကို ရောက်ရေးပဲ။ လွှတ်တော်နိုင်ငံရေးအတွင်းမှာ ပါဝင်ဆောင်ရွက်ရေးပဲ။ တပြိုင်နက်ထဲမှာ ကျနော်တို့နိုင်ငံရဲ့ အခြေအနေအရ ပြောမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးပါတီကောင်းတွေလိုတယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံရဲ့ အခုပြောနေကြတယ့် institution building ဒီကိစ္စတွေလုပ်မယ်ဆိုရင် ဒီအထဲက တခုအနေနဲ့၊ အစိတ်အပိုင်းတခုအနေနဲ့ နိုင်ငံရေးပါတီကောင်းတွေ များများပေါ်ဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ အကယ်၍ ကျနော်တို့ လွှတ်တော်ထဲကို မဝင်နိုင်တောင်မှ ဝင်နိုင်တဲ့အနေအထား နည်းတဲ့အနေအထားရှိရင်တောင်မှ ကျနော်တို့ပါတီကို ကျနော်တို့ တကယ် လူထုကို အလုပ်အကျွေးပြုနိုင်တဲ့ပါတီ၊ တကယ့်ကို ကျန်းမာတယ့်၊ သန်စွမ်းတဲ့ပါတီတခုဖြစ်အောင် ကျနော်တို့ တည်ဆောက်ရမယ်လို့ ယူဆတယ်။ အဲဒီလိုပဲ ကနေ့ လွှတ်တော်ထဲကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ဒီအတိုင်းပဲ။ ပါတီကို ကျစ်လစ်တဲ့၊ ခိုင်မာတဲ့၊ တကယ့်ကျန်းမာတဲ့။ ရေရှည်ဒီမိုကရေစီရေးကို တွန်းအားပေးနိုင်တဲ့ပါတီတခုဖြစ်အောင် တည်ဆောက်ဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ ယူဆတယ်။ ဆိုတော့ ကျနော်တို့ ဒီအလုပ်တွေကို လုပ်ချင်တယ်။ နောက်တခုက လွှတ်တော်ပ နိုင်ငံရေးလို့ပြောတဲ့အခါမှာ အထူးသဖြင့်တော့ civil society။ လူမှု့အခြေပြု၊ လူမှု့အဖွဲ့အစည်းတွေ။ ဒီ civil society တွေက တကယ်တမ်းကြတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံကျတဲ့ ဒေါက်တိုင်တခု။ ဒီ civil society အဖွဲ့အစည်းတွေ အားမကောင်းဘူး။ ကျနော်တို့ဆီမှာရှိတဲ့ မီဒီယာတွေက အားမကောင်းဘူးဆိုလို့ရှိရင် ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီစံကို တိုင်းလို့ရမယ်။ ဒီနိုင်ငံရဲ့ civil society က ဘယ်လောက်အထိ အားကောင်းလဲ။ ဒီနိုင်ငံရဲ့ မီဒီယာတွေ ဘယ်လောက်အထိ အားကောင်းသလဲ။ ဒီအပေါ်မှာ မူတည်ပြီး ကျနော်တို့ရဲ့ ဒီမိုကရေစီက ဘယ်အတိုင်းအတားအထိ မြှင့်တက်နေပြီလဲ။ ဘယ်အတိုင်းအတာအထိ နှိမ့်နေသေးသလဲ။ ဒါတွေကို တိုင်းတာလို့ရတယ် ဆိုတဲ့အခါကြတော့ ဒီ လွှတ်တော်ပြင်ပ နိုင်ငံရေးလို့ပဲပြောပြော၊ civil society အဖွဲ့အစည်းတွေကို အားကောင်းမောင်းသန် ဆောင်ရွက်ရေးကိုပဲပြောပြော ဒီကိစ္စက အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်အနေနဲ့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်အချိန်အထိကတော့ ပြည်တွင်းမှာ နိုင်ငံရေးပါတီဝင်ပြီး မထောင်နိုင်သေးတဲ့ အခြေအနေ။ ပြင်ပမှာရှိတဲ့ကာလမှာလည်း ပြီးခဲ့တဲ့ ကာလတလျှောက်လုံးမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေကို အမြဲတမ်းဝိုင်းရံပေးတယ်။ ထောက်ခံအားပေးခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း လွှတ်တော်ထဲကို ဝင်သွားပြီ။ လွှတ်တော်အတွင်းမှာ လုပ်ပိုင်ခွင့် တစုံတရာရှိလာနေပြီ။ သူ့ရဲ့ မူဝါဒ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပိုင်ခွင့်၊ ထောက်ပြပိုင်ခွင့် ရှိလာနေပြီ။ အဲဒီနေရာမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ထားရှိတဲ့ သဘောထား ဘယ်လိုအပြောင်းအလဲများ ရှိလာပါသလဲ။ ဥပမာအားဖြင့် ဝိုင်းရံမယ်၊ အားပေးမယ်ဆိုတဲ့အစား ဝေဖန်မယ်၊ ထောက်ပြမယ်ဆိုတဲ့ အနေအထားမျိုးကို ပိုပြီးရောက်လာနိုင်သလား။

ဦးအောင်မိုးဇော် ။ ။ ဝိုင်းရံတယ်ဆိုတာကို ကျနော့်ရဲ့ နားလည်းမှုကတော့ ဝိုင်းရံတာက ဝေဖန်တာရယ်၊ ထောက်ခံတာရယ်၊ နောက်က သေသေချာချာ လိုက်လုပ်တာရယ် စသဖြင့် ဒီကိစ္စတွေကို မှန်မှန်ကန်ကန် ပေါင်းစပ်တာလို့ ယူဆတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလုပ်တိုင်း ကိစ္စတိုင်းကို ကျနော်တို့က အမြဲတမ်း လိုက်ပြီးထောက်ခံပေးမယ့်ဆိုလို့ရှိရင် အဲဒါက နည်းနည်း၊ ဒီကိစ္စက ဝိုင်းရံရာရောက်ဖို့ခက်တယ်လို့ ထင်တယ်။ သေသေချာချာ ဝိုင်းရံတယ်၊ ထောက်ခံတယ်ဆိုတာ ကိုယ့်ခေါင်းဆောင်မှုကို ဝေဖန်တာလည်းပါတယ်။ အကြံပေးတာလည်းပါမယ်။ ဆုံးဖြတ်ချက်ကျပြီဆိုရင် ကျတဲ့အတိုင်း လိုက်လုပ်တာလည်းပါမယ်။ ဒီဟာတွေကို မှန်မှန်ကန်ကန် ပေါင်းစပ်တာကို ဝိုင်းရံတာလို့ ကျနော့်အနေနဲ့ နားလည်းတယ်။ ကနေ့ နိုင်ငံရေးအခြေအနေအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ရှေ့ဆုံးမှာပဲရှိသေးတယ်။ တပ်ဦးပါတီတခုအနေနဲ့ပဲ ရှိသေးတယ်။ ကျနော်တို့ လှုပ်ရှားမှုကလည်း မပြီးသေးဘူး။ ဆိုတဲ့အခါကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထပ်ပြီးဝိုင်းရံသွားရအုန်းမယ်ဖြစ်တယ်။ ကျနော်တို့ကိုယ် ကျနော်တို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြိုင်ဖက်တခုလို့ ကြည့်လို့မရသေးတဲ့ အခြေအနေဖြစ်တယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ယှဉ်ပြိုင်ဖက်လို့ ကြည့်လို့မရသေးတဲ့ အခြေအနေဖြစ်တယ်။ ကျနော်တို့ဆက်ပြီး ဝိုင်းရံသွားရမယ်။ ဆက်ထောက်ခံသွားရမယ်။ တပြိုင်နက်ထဲမှာလည်း ကိုယ်မြင်တဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ချပြပေးပြီးတော့ ဝေဖန်သင့်တာ ဝေဖန်ရမယ်။ အကြံပေးသင့်တာ အကြံပေးရမယ်လို့ ကျနော့်အနေနဲ့ အဲဒီလိုပဲ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို ဝေဖန်တာတွေ၊ အကြံပြုခဲ့တာတွေကို တလေးတစာ လက်ခံခဲ့တာ၊ အသိအမှတ်ပြုခဲ့တာတွေရှိလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ရဲ့ အမြင်တွေကို အခုလို မီဒီယာတွေကတဆင့် ပြောတာရှိမယ်။ ကျနော်တို့ရဲ့ အမြင်တွေကို ရေးသားတာတွေရှိမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်မှုအနေနဲ့တော့ ကျနော်တို့ပြောတဲ့အမြင်တွေ၊ ကျနော်တို့ ရေးတဲ့ပြောတဲ့ကိစ္စတွေကို ဂရုစိုက်ပြီး နားထောင်လိမ့်မယ်၊ ဂရုစိုက်ပြီး လေ့လာလိမ့်မယ်လို့ ကျနော်အနေနဲ့ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့တော်မှာ ရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ဦးအောင်မိုးဇော် နဲ့ တွေ့ဆုံမေးမြန်းခဲ့တာပါ။

XS
SM
MD
LG