သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီး၊ အလုပ်သမားများ အခွင့်အရေးရရှိရေး ဆန္ဒပြပွဲများ


ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံတဝှမ်း ရန်ကုန်၊ မန္တလေး၊ ပြည်စတဲ့ မြို့ကြီးတွေ ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ ရန်ကုန်မြို့အနီးတဝိုက် စက်ရုံအလုပ်ရုံတွေမှာ ဖြစ်ပွားနေတဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးမြှင့်ပေးရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက ပကတိဖြစ်စဉ်အတိုင်း ရှုမြင်ပြီး ပြေလည်အောင်ဖြေရှင်းပေးလိုတဲ့ ဆန္ဒနဲ့သာ ကိုင်တွယ်ဖြေရှင်းပေးသင့်ပြီး အားလုံးအနေနဲ့လည်း လက်ရှိမြန်မာနိုင်ငံအတွင်း အသွင်ကူးပြောင်းနေတဲ့ ဖြစ်စဉ်တွေ၊ အသွင်ကူးပြောင်းနေတဲ့ ဆောင်ရွက်ချက်တွေကို မထိခိုက်အောင် ဝိုင်းပြီးသတိထားသင့်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီး က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဦးကိုကိုကြီး ကို ကျနော်ဆက်သွယ်မေးမြန်းထားတာပါ။

ဦးကိုကိုကြီး ။ ။ အခု ဒီ မီးပျက်တဲ့ကိစ္စတွေကတော့ အထူးသဖြင့် မြို့ကြီးတွေမှာ ဒီဒုက္ခခံနေရတာ တော်တော်ကြာပါပြီ။ တိုင်းပြည်က အထိုက်အလျောက်လေး ပွင့်လင်းလာတော့ လူထုကလည်း သူတို့နစ်နာချက်တွေ၊ သူတို့ လိုအပ်ချက်တွေကို တင်ပြတောင်းဆိုတာတွေ ဆန္ဒပြထုတ်ဖော်တာတွေ လုပ်လာတော့ ပွင့်လင်းတဲ့လူအဖွဲ့အစည်းမှာ ကြိုဆိုရမယ့်ကိစ္စပေါ့။ နောက်တချိန်တည်းမှာပဲ သတင်းစာထဲမှာ ဝန်ကြီးက လျှပ်စစ်နဲ့ပတ်သက်လို့ လူထုရဲ့တင်ပြမှုတွေ၊ ဆန္ဒပြမှုတွေအပေါ်မှာ တုံ့ပြန်တဲ့ ကြေညာချက်ကိုလည်း တွေ့ရတယ်။ ဆိုတော့ ဘာပဲပြောပြော လူထုရဲ့ လိုအပ်ချက်ကို အလေးထားလာတယ်၊ ဂရုတစိုက်နဲ့ ပြန်ပြီးတုံ့ပြန်လာတယ်ဆိုတာ ဒါလည်း ကြိုဆိုရမယ့်အချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် သတိထားမိတဲ့ကိစ္စတခု။ လွန်ခဲ့တဲ့ စုစုပေါင်း (၅) နှစ်လောက်က ၂၀၀၇ ခုနှစ်ကဆိုရင်လည်း ကုန်ဈေးနှုန်းကြီးတဲ့ကိစ္စ၊ ဓါတ်ဆီဈေးတက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကိုထင်ကျော်တို့ ဆန္ဒပြတဲ့ကိစ္စတွေ။ အလားတူပဲ ကိုကိုကြီး၊ မင်းကိုနိုင်တို့ အပါအဝင် ကျောင်းသားထုလည်းထွက်ပြီး စီတန်းဆန္ဒပြတဲ့ကိစ္စတွေ ဖြစ်ခဲ့တယ်။ ဖြစ်တဲ့အချိန်တုန်းကတော့ အစိုးရအနေနဲ့ အားလုံးကို ထိန်းသိမ်းခဲ့တယ်။ ဖမ်းဆီးခဲ့တယ့်ကိစ္စမျိုးတွေ ဖြစ်လာခဲ့တယ်။ အဲဒီတော့ ဒီလို ဖြစ်လာနိုင်တယ့် အလားအလာတွေရှိမယ်လို့ ယူဆပါသလား။

ဦးကိုကိုကြီး ။ ။ အခြေအနေချင်း နည်းနည်းတော့ ကွာသွားတယ်။ ကွာသွားတယ်ဆိုတာက ကျနော်တို့ အဲဒီကာလတုန်းက စစ်အစိုးရ အခြေအနေ။ အခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ အစိုးရအဖွဲ့ ပေါ်လာတယ်ဆိုတော့ ဒီလို ပြဿနာတွေကို ကိုင်တွယ်တဲ့ပုံစံလည်း ပြောင်းလာလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ တဖတ်ကလည်း အခုလူထုကို သည်းခံဖို့ မေတ္တာရပ်ခံတဲ့ ကြေညာချက်လည်း ပေါ်ထွက်လာတော့။ သည်းခံဖို့ဆိုတာကတော့ ကျနော်တို့က သည်းခံလာခဲ့တာ တလျှောက်လုံးပဲ။ အဲဒီတော့ အခုလည်းပဲ ညတွင်းချင်း နေချင်းညချင်း ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကို ကျနော်တို့ နားလည်းပါတယ်။ ဒါပေမဲ့လို့ သာမန်လူထုရဲ့ အမြင်မှာတော့ ကျနော်တို့ နိုင်ငံမှာ သဘာဝဓါတ်ငွေ့တွေ အပြင်ထုတ်ရောင်းနေတယ်။ ရေအားလျှပ်စစ်၊ အရင်းအမြစ်တွေလည်း အများကြီးရှိနေတယ်။ ဒီလို ပြည်ပကို ထုတ်ရောင်းနေတဲ့ အခြေအနေမှာ ပြည်တွင်းမှာ အမှောင်ထဲ ငုတ်တုပ်ထိုင်နေရမယ်ဆိုတဲ့ ကိစ္စကိုတော့ မကျေနပ်တာ အမှန်ပဲ။ အဲဒီတော့ နိုင်ငံတော်အနေနဲ့ good governance ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို သမ္မတကလည်း အကြိမ်ကြိမ်ပြောထားတော့ အဓိက နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို အထူးပြုပြီး ဆောင်ရွက်တဲ့ စီမံချက်တွေ ရှေ့ဆက်ပြီးတော့ ဒီလိုမျိုး လျှပ်စစ်မီးတင်မဟုတ်ဘဲ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုဘယ်ပုံ ဖြေရှင်းမယ်ဆိုတာကို လူထုနားလည်း လက်ခံလာအောင် ရှင်းပြတာမျိုးတွေပါ၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်ရေးကို ကျင့်သုံးတာတွေ ဆက်ပြီးလုပ်သင့်တယ်လို့ ကျနော်တော့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့ ကြားရသလောက်တော့ ဥပမာအားဖြင့် မန္တလေးမှာဆိုရင် မန္တလေးမှာ ဆန္ဒပြတဲ့လူတချို့ကို ရဲက ခေါ်ပြီး စစ်ဆေးမေးမြန်းခဲ့တာတွေ ရှိပါတယ်။ အဲဒီအခါမှာ သူတို့ သိချင်တဲ့ကိစ္စကတော့ ဒီကိစ္စတွေ၊ ဆန္ဒပြမှုတွေ၊ လှုပ်ရှားမှုတွေ နောက်ကွယ်မှာ ဘယ်သူရှိသလဲဆိုတဲ့ အချက်ကိုမေးတယ်၊ စုံစမ်းတယ်ဆိုတယ်ဆိုတာကို ကြားသိရပါတယ်။ သဘောကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ အခုလိုကိစ္စတွေပေါ်မှာ အာဏာပိုင်တွေရဲ့ အခု ဖြစ်နေတဲ့ လက်ရှိအားနည်းချက်တွေကို ထောက်ပြီးတော့ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ ဆန္ဒရှိတယ်ဆိုတဲ့ လူတချို့ ရှိနေတယ်လို့ အာဏာပိုင်တွေက ယူဆလာတာတွေ ဖြစ်လာနိုင်မလား။

ဦးကိုကိုကြီး ။ ။ ကျနော်ကတော့ နိုင်ငံတော်အကြီးအကဲတွေရဲ့ မိန့်ခွန်းတွေမှာ ထပ်ခါတလဲလဲပြောနေတဲ့ အချက်က အမှုအကျင့်ဟောင်းတွေ၊ အတွေးအခေါ်ဟောင်းတွေကို ပြင်ဆင်ဖို့ ဆိုတာကို ကျနော်လည်း သတိထားမိပါတယ်။ အဲဒီတော့ ဒီလိုမျိုး နိုင်ငံသားတွေ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ထုတ်ဖော်တဲ့ နေရာမှာ တဖတ်က တာဝန်ရှိသူတွေအဖို့ ကိုယ်တိုင်ကလည်း ရှုမြင်တဲ့ပုံစံတွေ ပြောင်းသင့်တယ်လို့ မြင်တယ်။ တခုခု ဖြစ်တိုင်းဖြစ်တိုင်းမှာ နောက်ကွယ်ကနေ ဘယ်သူလှုံဆော်သလဲ။ ဘယ်သူကနေ စီမံဖန်တီးသလဲဆိုတာကို။ သဘောကတော့ အပြစ်ရှာတဲ့ ပုံစံ၊ တရားခံရှာတဲ့ ပုံစံ ချဉ်းကပ်တာထက်ကို ဒီပြဿနာတွေဟာ တိုင်းပြည်မှာ တကယ်ဖြစ်ပျက်နေတဲ့ ပြဿနာတွေဆိုတာကို အရှိအတိုင်း လက်ခံဖို့လိုတယ်။ အဲဒါကို ဖြေရှင်းမယ့် နည်းလမ်းကို စနစ်တကျနဲ့ ထိထိရောက်ရောက် ကြိုးပမ်းသင့်တယ်၊ ပြင်ဆင်သင့်တယ်လို့ မြင်တယ်။ အဲဒီလိုမှ မဟုတ်ဘဲနဲ့ လူထုက အရင်တုန်းက တခါမှ ဆန္ဒထုတ်ဖော်ခွင့် မရခဲ့ဘူး။ အခု အစိုးရသစ်အပေါ်မှာ ယုံကြည်မျှော်လင့်ပြီးတော့ သူတို့ ဒီလိုမျိုး ဆန္ဒထုတ်ဖော်ပြသလိုက်ရင်တော့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးမှာပဲဆိုတဲ့ မျှော်လင့်ချက်ကို ချိုးနှိမ်ပြစ်တဲ့ ချဉ်းကပ်မှုမျိုး၊ ဖြေရှင်းမှုမျိုး မလုပ်သင့်ဘူးလို့ ကျနော်မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုရင် ဆန္ဒပြတဲ့ လူထုဖက်ကရော။ ဆန္ဒပြတဲ့ကိစ္စတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ဖို့ပဲ ပြင်ဆင်ထားကြသလား။ တခြား ဘာတွေများ ထပ်ပိုပြီးတော့ နိုင်ငံရေးအရ တောင်းဆိုမှုတွေ တိုးတက်လာမှုတွေ ရှိလာနိုင်သလဲ။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ ဆန္ဒထုတ်ဖော်တဲ့လူတွေအပိုင်းကလည်း သတိထားရမှာက ကျနော်တို့က တကယ် လိုအပ်တဲ့၊ နစ်နာတဲ့ဟာတွေကို အထက်အဖွဲ့အစည်းအဆင့်ဆင့်ကနေ အရေးတယူ ဆောင်ရွက်ပေးလာအောင် ဆန္ဒထုတ်ဖော်တာပဲ ဖြစ်သင့်တယ်။ အဲဒီကနေ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ။ ဒါက ကိုယ်ကိုတိုင်က မလုပ်ရုံတင်မကဘူး၊ အဲဒီလို အခြေအနေရောက်အောင် တွန်းပို့နိုင်တဲ့ ဖန်တီးမှုမျိုးတွေဟာ ဘက်အသီးသီးကနေ ဖြစ်လာနိုင်တယ်။ အဲဒါမျိုးတွေကိုလည်း ကျနော်တို့ သတိကြီးစွာထားပြီးတော့ ရှောင်ရှားသင့်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးကိုကိုကြီးတို့ရဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက်ကျောင်းသားအဖွဲ့တွေအနေနဲ့ ဒီကိစ္စမှာ ဘယ်လိုကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့၊ ကူညီပေးဖို့ ဆန္ဒရှိပါသလဲ။

ဦးကိုကိုကြီး ။ ။ အဓိကတော့ ကျနော်တို့မှာ ဘာမှ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့၊ လုပ်ပေးနိုင်တဲ့ အခွင့်အဏာတော့ ကျနော်တို့မှာ မရှိဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ တကယ်လိုအပ်နေတဲ့ လိုအပ်ချက်တွေ၊ သူတို့ နစ်နာချက်တွေကို အထက်အဖွဲ့အစည်းအဆင့်ဆင့်က သိသွားရင် ကိုင်တွယ်ဖြေရှင်းရမှာက အထက်အဖွဲ့အစည်းတွေပဲ။ အဲဒီတော့ ကျနော်တို့ လုပ်ပေးနိုင်တာကတော့ အဲဒီ ပြည်သူတွေရဲ့ နစ်နာချက်တွေ၊ လိုအပ်ချက်တွေကို သိလာအောင် ကျနော်တို့ ဆောင်ရွက်ပေးနိုင်တယ်။ ကျနော်တို့အပိုင်းက ဒီလောက်ပဲ။ နောက်တခုက ကျနော်တို့ကိုယ်၌ကလည်း သတိထားတာက ဒီအခြေအနေတွေဟာ လက်ရှိ အသွင်ကူးပြောင်းနေတဲ့ ဖြစ်စဉ်တွေ၊ အသွင်ကူးပြောင်းနေတဲ့ ဆောင်ရွက်ချက်တွေကို မထိခိုက်အောင် အားလုံးကဝိုင်းပြီး သတိထားသင့်တယ်လို့မြင်တယ်။ ဒီအထက်အဖွဲ့အစည်းတွေ၊ တာဝန်ရှိတဲ့လူတွေကလည်း ဒီဟာတွေဟာ တကယ်လိုအပ်လို့၊ လူထုရဲ့ တကယ်စစ်မှန်တဲ့ ဆန္ဒသဘောထားတွေဆိုတာကို အလေးအနက်ထားဖို့ ဖြေရှင်းပေးဖို့ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် ပြောနေကြတာက လူထုရဲ့ ဆန္ဒပြထုတ်ဖော်ခွင့်တွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ အခြေခံဥပဒေမှာ ပြဌာန်းထားပြီးပြီဆိုပေမယ့် လက်တွေ့အားဖြင့် လုပ်နည်းလုပ်ဟန်တွေမှာ အသေအချာသတ်မှတ်ပေးထားတာတွေ မရှိသေးဘူးလို့လည်း ပြောပါတယ်။ အဲဒီတော့ အဲဒီအချက်ပေါ်မှာ ဦးကိုကိုကြီးအနေနဲ့ နားလည်းသဘောပေါက်ပါသလဲ။

ဦးကိုကိုကြီး ။ ။ အခုဟာက လွှတ်တော်ကနေ တချို့ဥပဒေတွေ ပြဌာန်းလိုက်ပေမယ့်လို့ လက်တွေ့မခံစားရသေးတဲ့ဟာကတော့ နယ်ပယ်အသီးသီးမှာ ကြုံနေရပါတယ်။ အဲဒီတော့ ဥပမာအားဖြင့် မီးပျက်တဲ့ကိစ္စလိုမျိုး အရေးတကြီးဖြစ်တဲ့ကိစ္စမျိုးမှာ အဲဒါကို ဆိုကြပါစို့ ခွင့်ပြုချက်ယူပြီး (၁၄) ရက်ကြာမှဆိုတာထက်ကို ဆိုတော့ မီးက (၁၄) ရက်လုံးလုံး ခွင့်ပြုချက်မရမချင်း အမှောင်ထဲမှာ ငုတ်တုပ်ထိုင်နေရမယ့်သဘောမျိုး ဖြစ်နေတယ်။ ဆိုတော့ အဲဒါ တာဝန်ရှိတဲ့လူတွေအပိုင်းက ဘာကြောင့် ဒီလိုအခြေအနေဖြစ်နေတယ်။ ကျနော်တို့ ဘယ်နှစ်ရက်အတွင်းမှာ၊ ဘယ်လောက်အတောအတွင်းမှာတော့ ကျနော်တို့ ပုံမှန်မီးရအောင် ဆောင်ရွက်နေပါတယ် စသဖြင့် လူထုဆက်သွယ်ရေးနည်းလမ်းတွေကို သုံးပြီးတော့ ထိထိရောက်ရောက် ပြန်ပြီးဖြေရှင်းပေးသင့်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု လတ်တလောအားဖြင့် ဒီ မီးမလာတဲ့၊ လျှပ်စစ်မီးပုံမှန်မရတဲ့ကိစ္စကို ထွက်ပြီးဆန္ဒပြတာကတမျိုး။ ဒီ့မတိုင်ခင် အခုရက်ပိုင်းအတွင်းမှာ စက်ရုံအလုပ်ရုံတွေမှာ ဖြစ်နေတဲ့ လုပ်ခလစာတွေနဲ့ ပတ်သက်တဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ရော။ ဒါတွေကိုလည်း သက်ဆိုင်ရာအစိုးရအနေနဲ့ လိုလိုလျားလျား ဝင်ပြီးဖြေရှင်းပေးချင်တဲ့သဘောမျိုးတွေ တွေ့ရဲလား။

ဦးကိုကိုကြီး ။ ။ အခုဟာကတော့ သက်ဆိုင်ရာ လုပ်ငန်းရှင်တဦးချင်း၊ ကုမ္မဏီတခုချင်း ဖြေရှင်းနေတဲ့ ပုံစံတွေပဲ တွေ့ရတယ်။ အခု စာအုပ်လေးတအုပ်ထွက်လာတာရှိတယ်။ အလုပ်သမား အငြင်းပွားခြင်းတွေကို ဖြေရှင်းခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေ နည်းဥပဒေတွေ။ အဲဒီတော့ အလုပ်ရှင်၊ အလုပ်သမား ညှိုနှိုင်းဖြေရှင်းပေးတဲ့ အဖွဲ့လေးတွေဖွဲ့ရမယ်။ အဖွဲ့ဖွဲ့ရမယ်။ အဲဒါကို သက်ဆိုင်ရာ တိုင်းဒေသကြီးကနေ တာဝန်ပေးတဲ့သူ စသဖြင့် သူတို့က ဦးဆောင်ပြီးဖွဲ့ရမယ်။ ဆိုတော့ လက်ရှိ ပြဿနာတွေမှာလည်း အဲဒီလိုမျိုး အလုပ်ရှင်၊ အလုပ်သမားကြားမှာ ညှိုနှိုင်းဖြန့်ဖြေပေးတဲ့အဖွဲ့တွေကို အမြန်ဆုံးဖွဲ့စည်းပြီးတော့ ထိထိရောက်ရောက် ဖြေရှင်းပေးသင့်တယ်လို့မြင်တယ်။ ကျနော်တို့က တကယ့်တကယ်မှာ ကျနော်တို့နိုင်ငံမှာရှိတဲ့ လုပ်ခလစာအနှိမ့်ဆုံး လစာနဲ့ ဒေသအတွင်း အိမ်နီးချင်းနိုင်ငံတွေမှာရှိနေတဲ့ အမျိုးတူကုမ္မဏီတွေက အလုပ်သမားတွေကို ပေးတဲ့လစာတွေကို နှိုင်းယှဉ်ပြီးတော့ ကိုယ့်နိုင်ငံသားတွေကို ထိုက်ထိုက်တန်တန် ခံစားခွင့်ရအောင် ကျနော်တို့ ဝိုင်းပြီး စီစဉ်ပေးသင့်တယ်၊ ဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ အလုပ်သမားတွေဖြစ်နေတဲ့ ဆန ္ဒပြမှုတွေနဲ့ နောက်ဆုံးဖြစ်တဲ့ လျှပ်စစ်မီးပုံမှန် ရရှိရေးဆန္ဒပြမှုတွေက အပြင်က ကျနော်တို့မြင်ရသလောက်တော့ ဒါက ကိုယ့်ရဲ့ နစ်နာချက်တွေကိုတည်ပြီးတော့ သူ့အလိုအလျှောက်၊ သဘောဆန္ဒအလျှောက် နစ်နာနေသူတွေထွက်ပြီး ဆန္ဒပြကြတယ်လို့ပဲ မြင်ရပါတယ်။ ဒါပေမဲ့ တချို့အာဏာပိုင်တွေ သံသယရှိနေသလို နောက်ကွယ်ကနေ လှုံဆော်ပေးတဲ့လူတွေကော ရှိတယ်လို့ ယူဆပါသလား။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ ကြည့်တဲ့လူရဲ့ အမြင်နဲ့ပဲဆိုင်လိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်စလုံးက ဒီပြဿနာတွေ တကယ် ဖြစ်နေသလား၊ တကယ် ရှိနေသလားဆိုတာကို ပြဿနာအချက်အလက်ကို လက်ခံဖို့လိုတယ်။ လက်ခံပြီးပြီမှ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေဖော်ထုတ်ရမယ်။ ဆိုတော့ ကျနော်တို့နိုင်ငံမှာ ဒီအကူးအပြောင်းကာလမှာ ရင်ဆိုင်ရမယ့် ပြဿနာတွေကတော့ အများကြီးပဲ။ တချိန်တုန်းက လုံးဝပြောခွင့်ဆိုခွင့် မရှိခဲ့၊ ပိတ်ပင်ခံထားရတဲ့ အခြေအနေ။ အခု နည်းနည်းလေး ပွင့်လာတော့ ပြောချင်ဆိုချင်တယ်။ ဆန္ဒသဘောထား ထုတ်ဖော်ချင်တယ်ဆိုတဲ့ ဆန္ဒတွေက ရှိလာမှာပဲ။ ရှိလာတာကို နိုင်ငံရေး ဆူပူမှု၊ လှုံဆော်မှုနဲ့ တဖတ်က ကြည့်နေတာက သဘာဝမကျဘူး။ ကျနော်တို့ ဒီဘက်က နစ်နာချက်တွေကို ထုတ်ဖော်နေတဲ့ သူတွေကလည်း ဒါသည် issue တခုချင်း၊ ပြဿနာတခုချင်းစီမှာ တကယ် လိုအပ်လို့၊ တကယ်ဖြေရှင်းပေးချင်လို့ ရိုးရိုးသားသား ကြိုးပမ်းတာ၊ ဆောင်ရွက်တာဖြစ်တယ်ဆိုတာကို ကျနော်တို့ ပေါ်လွှင်အောင်လုပ်ဖို့ လိုတယ်။ တယောက်နဲ့တယောက်ကြားမှာ ဒီ သံသယ၊ အထင်အမြင်လွှဲမှုတွေဟာ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘဲနဲ့ ပြဿနာတွေကို ပုံစံပြောင်းသွားနိုင်တယ်။ အဲဒါကို ကျနော်တို့အားလုံး ဘက်အားလုံးက ဂရုစိုက်သင့်တယ်လို့ပဲ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်မြို့မှာ ရှိနေတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင် ဦးကိုကိုကြီးကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG