သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်မျက်နှာဖုံး ဖြုတ်ခွာလိုက်သူနဲ့ စကားပြောဆိုခြင်း


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတ္ထုပ္ပတ္တိစာအုပ် မျက်နှာဖုံးပုံ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အတ္ထုပ္ပတ္တိစာအုပ် မျက်နှာဖုံးပုံ။

မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဟာ တကယ်တမ်း အနားယူသွားတာ မဟုတ်ဘဲ လက်ရှိနိုင်ငံရေး အခြေအနေတွေကို နောက်ကွယ်ကနေ ကြိုးကိုင်နေဆဲဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ရေးသားခဲ့သူ ဗြိတိန်နိုင်ငံသား စာရေးဆရာ Benedict Rogers က ပြောဆိုပါတယ်။ "Than Shwe: Unmasking Burma's Tyrant = မြန်မာပြည်က အာဏာရှင်ရဲ့ မျက်နှာဖုံးကို ခွာချခြင်း" ဆိုတဲ့ အမည်နဲ့ ရေးသားခဲ့တဲ့ သူ့ရဲ့ စာအုပ်ကြောင့် စာရေးဆရာ Benedict Rogers ဟာ မြန်မာနိုင်ငံကို ဒီနှစ်ဆန်း မတ်လအတွင်းက အလည်အပတ် သွားရောက်စဉ်မှာ တိုင်းပြည်ကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ မကြာသေးခင်က ဝါရှင်တန်မြို့တော်ကို ရောက်ရှိလာခဲ့တဲ့ Benedict Rogers ကို ဦးသန်းလွင်ထွန်းက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်မှာ အာဏာရှင်တဦးရဲ့ မျက်နှာဖုံးကို ခွာချခြင်းဆိုတော့ ဒီအာဏာရှင်ရဲ့ ဘယ်လို အကြောင်းအချက်တွေကို ပေါ်လွင်အောင် ရေးသားထားနိုင်ခဲ့သလဲ။

Benedict Rogers ။ ။ မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံး အာဏာရှင် တဦး ဖြစ်ပေမဲ့ သူ့အကြောင်းကို လူသိနည်းပါတယ်။ ဝါရှင်တန်၊ လန်ဒန်၊ နယူးရော့ခ်မြို့ကြီးတွေမှာ လမ်းမပေါ်က လူတွေမေးလိုက်ရင် Robert Mugabe, Kim Jong-il, Fidel Castro တို့နဲ့ တခြား အာဏာရှင်တွေကို သိကြပေမဲ့ သန်းရွှေ ဘယ်သူလဲ ဆိုတာကို သိသူ သိပ်မရှိကြပါဘူး။ ဒါကြောင့် ဒီစာအုပ်ဟာ သူ့အကြောင်းကို လူသိအောင်၊ ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့အကြောင်း၊ မြန်မာ နိုင်ငံသားတွေ ခံစားနေကြရတဲ့ ဒုက္ခတွေအကြောင်း လူတွေကျယ်ကျယ်ပြန့်ပြန့် သိလာအောင် မိတ်ဆက်ပေးတဲ့ သဘောပါ။

သူ့အကြောင်း ဘာတွေ ဖော်ထုတ်နိုင်ခဲ့သလဲဆိုရင်တော့ သူ့ရဲ့ လုပ်ပုံကိုင်ပုံ၊ စရိုက်လက္ခဏာ၊ စစ်တပ်ထဲမှာ ဘယ်လို အဆင့်ဆင့် ရာထူးတွေ ရလာခဲ့သလဲ စတာတွေပါဝင်ပါတယ်။ စစ်တပ်ထဲမှာ သူဟာ တကယ် တိုက်ရည် ခိုက်ရည် အရည်အသွေးမြင့်တဲ့ စစ်သားတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူဟာ အထက် လူကြီးတွေအပေါ် ရိုရိုသေသေနဲ့ သစ္စာရှိကြောင်း ပြတတ်တယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို သိုသိုဝှက်ဝှက် ထားတတ်တယ်။ ဒါကြောင့် လူကြီးတွေကို သူ့ကို အန္တရာယ်ရှိသူအဖြစ် မမြင်ကြတာပေါ့။ တဖြည်းဖြည်း အထက်ကို ရောက်လာသူပါ။ နောက်ဆုံး ထိပ်ဆုံးကို ရောက်လာမှပဲ သူက အပိုင်းပိုင်း ခွဲခြားပြီးတော့ အပေါ်က အသာစီးယူ အုပ်ချုပ်မှု၊ Psych-war စိတ်ဓာတ်ရေးရာ စစ်ဆင်မှု၊ နေရာပေး အသုံးချတတ်မှုစတဲ့ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို ပြသလာခဲ့ပါတယ်။ ဒါကြောင့် သူဟာ အရည်အချင်းပြည့်တဲ့ စစ်သားတယောက် မဟုတ်ပေမဲ့ အများ ထင်ထားသလောက် မညံ့တဲ့ ပါးရည်နပ်ရည်ရှိသူတဦး ဖြစ်တယ်ဆိုတာ ဖော်ပြနိုင်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်ကို ရေးသားပြုစုနေတဲ့အချိန်က ဘယ်လောက်အထိ သုတေသနပြုဖို့ အချိန်ရခဲ့သလဲ။ အတွင်းက အချက်အလက်တွေနဲ့ ပတ်သက်လို့ ပံ့ပိုးပေးခဲ့သူတွေ ဘယ်လောက်များ ရှိခဲ့ပါသလဲ။ အထူးသဖြင့်တော့ နောက်ပိုင်းမှာ စွတ်စွဲလာတာက အစိုးရပိုင်းက စွတ်စွဲလာတာက ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက်တွေက တိကျမှန်ကန်မှု မရှိဘူးလို့ ပြောနေကြတယ်။ အဲဒါလေးကို နည်းနည်းလေး ရှင်းပြပေးပါ။

Benedict Rogers ။ ။ ဒီစာအုပ်ကို ပြည့်စုံတိကျတဲ့ အတ္ထုပ္ပတ္တိစာအုပ်လို့ မဆိုချင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းကို ပြုစုရတာ အလွန်ခက်ပါတယ်။ သူနဲ့ တွေ့ဆုံဖို့ စာရေး ခွင့်ပန်ပေမယ့် ပြန်ကြားချက် မရခဲ့ပါဘူး။

ဒါကြောင့် သူနဲ့ သူ့မိသားစုနဲ့ရော သူနဲ့လက်ရှိနီးစပ်တဲ့ လူတွေကို မေးမြန်းခွင့်မရခဲ့ပါဘူး။ ဒီစာအုပ် အတွက် ဘယ်သူတွေက ကူညီပေးခဲ့ကြသလဲဆိုရင်တော့ (၁) စစ်တပ်ထဲက ဘက်ပြောင်းလာသူတွေ။ (၂) အတိုက်အခံ အသိုင်းအဝိုင်းနဲ့ (၃) နိုင်ငံရပ်ခြား သံတမန်တွေ ဆိုပြီး သုံးမျိုးသုံးစား ပြောနိုင်ပါတယ်။ တချိန်က စစ်တပ်ထဲမှာ သူနဲ့ နီးနီးကပ်ကပ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူတွေ သူကို သိခဲ့ဘူးသူတွေနဲ့ သူအစိုးရလက်ထက်မှာ ဖိနှိပ်မှုနဲ့ ပြဿနာတွေ ကြုံတွေ့ခံစားခဲ့ရတဲ့ အတိုက်အခံတွေ ပြောပြကြတဲ့ အကြောင်းအရာတွေ အများကြီးရှိသလို။ မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံခြားသံတမန်တွေ၊ ကုလသမဂ္ဂဝန်ထမ်းတွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Razali Ismail နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် ပါမောက္ခ Yozo Yokota တို့ တတွေက သူတို့ သိခဲ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းကို ပြောပြခဲ့ကြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်က သူ့ရဲ့အကြောင်း ကိုယ်ရေး အချက်အလက်တွေနဲ့ ပတ်သက်လို့ သိပ်ပြီးလျှို့ဝှက်လှတဲ့အတွက်ကြောင့်မို့ ဗမာပြည်သူတွေ အနေနဲ့ရော ပြည်ပကလူတွေအနေနဲ့ သိခွင့်မရကြတော့ ဒီအကြောင်းအချက်တွေကို ကိုးကားဖို့တော့ အတော်လေး အခက်အခဲရှိခဲ့မှာပေါ့။

Benedict Rogers ။ ။ အကြောင်းအရာတချို့ဆိုရင် တကယ်တမ်း မှန်မမှန် စီစစ်လို့မရခဲ့ပါဘူး။ ဒါကြောင့် ဒါဟာ လူတော်တော်များများ ပြောနေကြတဲ့အကြောင်း၊ စီစစ်လို့မရသေးတဲ့ ကောလာဟလ စသဖြင့် စာအုပ်ထဲမှာ ခွဲခြားပြီတော့ ဖော်ပြထားပါတယ်။ ဥပမာအားဖြင့် သူ့ရဲ့ မွေးသက္ကရာဇ်၊ မွေးရာဇာတိလို ဟာမျိုးတွေမှာပဲ အမျိုးမျိုးငြင်းခုန်နေကြတာတွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျနော့် စာအုပ် ထဲက အကြောင်းအရာ အများစုဟာ အချက်အလက်တွေကို အခြေခံထားတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် မြန်မာနိုင်ငံ စစ်တပ်နဲ့ အစိုးရအပိုင်းကတော့ မကျေနပ်ချက်တွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒီစာအုပ်ကြောင့်ပဲ Benedict Rogers ကိုယ်တိုင် မကြာသေးခင်ကပဲ ဗမာပြည်ကို အလည်အပတ် ရောက်ရှိနေတုန်း အထိန်းအသိမ်းခံရပြီး တိုင်းပြည်ကနေ နှင်ထုတ်ခံရတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ အဲဒီအကြောင်းကို နည်းနည်းလေးပြောပြပါ။

Benedict Rogers ။ ။ အတော်စိတ်လှုပ်ရှားကောင်းတဲ့ အတွေ့အကြုံပါ။ မြန်မာနိုင်ငံကို ကျနော် ရောက်ပြီးတော့ တပတ်အကြာမှာ ပြန်ခါနီး နောက်ဆုံးည (၁၁) နာရီလောက်မှာ ဟော်တယ်ဘားခန်း (hotel bar) ထဲက ဂျက်စ်ဂီတတီးဝိုင်း (Jazz concert) မှာ နားထောင်နေတုန်း ထောက်လှမ်းရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ ရောက်လာကြပါတယ်။

ကျနော့်အခန်းမှာ မေးကြမြန်းကြ၊ ရှာဖွေကြလုပ်ပြီး ကျနော့်ကို နောက်နေ့မှာ ပြည်နှင်ဒဏ်ပေးဖို့ နေပြည်တော်က ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဘာအကြောင်းကြောင့်လဲလို့ မေးတော့ သူတို့က မဖြေပါဘူး။ ဒါပေမဲ့ အဲဒီ ထောက်လှမ်းရေးတွေ ကိုင်ထားတဲ့ ဖိုင်ထဲမှာ ကျနော့် ဒီစာအုပ်ရဲ့ မျက်နှာဖုံးကော်ပီကို တွေ့ရလို့ ဘာကြောင့်လဲ ဆိုတာကို ကျနော် ခန့်မှန်းမိပါတယ်။

နောက်တနေ့ လေယာဉ်ကွင်းမှာ ကျနော်ကို လေယာဉ်ပေါ် မတင်ပေးခင်မှာ စကားစမြည်ပြောကြ တော့မှ ထောက်လှမ်းရေးတာဝန်ရှိသူတွေက မြန်မာပြည်က အာဏာရှင်ရဲ့ မျက်နှာဖုံးကို ခွာချခြင်း ဆိုတဲ့ စာအုပ်ကြောင့် တိုင်းပြည်က နှင်ထုတ်ခဲ့ဖို့ ညွှန်ကြားချက် ရခဲ့တယ်ဆိုတာကို ရှင်းပြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စာအုပ်ကို ရေးလို့ဆိုတဲ့ အကြောင်းပြပြီးတော့ နိုင်ငံတနိုင်ငံကနေ နှင်ထုတ်ခံရတယ် ဆိုတော့ ဒါဟာ မျှတတဲ့အကြောင်း ပြချက်လို့ ယူဆပါသလား။

Benedict Rogers ။ ။ ကျနော့်အမြင်က မတရားဘူးလို့ ယူဆပါတယ်။ ဒီမိုကရေစီနဲ့ ဒီမိုကရက်တစ် လူ့ဘောင်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စာအုပ်တအုပ်ကို ရေးသားခွင့်ဆိုတာ တကယ့် အခြေခံ လွတ်လပ်ခွင့်တခု ဖြစ်တယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီစာအုပ်ကြောင့် ပြည်နှင်ဒဏ် ပေးတာလို့ သိရတော့ ချက်ချင်းပဲ အဲဒီထောက်လှမ်းရေးအရာရှိကို ပြန်မေးမိတာက စာအုပ်တအုပ် ရေးတာဟာ ရာဇဝတ်မှုလားဆိုတဲ့ မေးခွန်းပါ။ သူတို့လည်း အဲဒီမေးခွန်းကို ချက်ချင်း ပြန်မဖြေနိုင်ခဲ့ ပါဘူး။

ရာဇဝတ်မှု မကျူးလွန်ဘဲ အခုလို ပြည်နှင်ဒဏ်ပေးတာဟာ တရားသလားလို့ ကျနော်က ဆက်မေးတော့မှ ထောက်လှမ်းရေးအရာရှိက ဒီစာအုပ်ကို ကျနော်တို့ မဖတ်ရသေးလို့ တရားသလား၊ မတရားသလား ဆိုတာကို မှတ်ချက်မပေးနိုင်သေးပါဘူး။ ကျနော်တို့လည်း အထက်က ညွှန်ကြားချက် အတိုင်း လုပ်ရတာပါလို့ ဖြေပါတယ်။ နောက်တယောက်ကတော့ စာအုပ်ကော်ပီ အပိုပါသေးလားလို့ ကျနော့်ကို မေးပါတယ်။ ကျနော်က အခုတော့ မရှိသေးဘူး။ လိုချင်ရင် စာတိုက်က ပြန်ပို့ပေးလိုက်မယ် ခင်များတို့ လိပ်စာပေးပါလို့ ဟာသနှောပြီး ပြောလိုက်ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗမာနိုင်ငံက လူအများစုကတော့ ဒီစာအုပ်ကို ဖတ်ရသေးမယ် မဟုတ်ပါဘူး။ အထူးသဖြင့်ကတော့ ဒီစာအုပ်က အင်္ဂလိပ်လို ရေးထားတယ်။ ဗမာပြည်မှာလည်း ထုတ်ဝေခွင့် မရှိဘူးပေါ့။ အဲဒီတော့ ဒီစာအုပ်ကို နောက်ပိုင်းမှာ ဗမာလို ဘာသာပြန်ဖို့ အစီအစဉ်ရှိပါသလား။

Benedict Rogers ။ ။ လတ်တလောတော့ အစီအစဉ် အတိအကျမရှိသေးပါဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို မြန်မာဘာသာပြန်ပြီး ထုတ်ဝေရင်ကောင်းမယ်လို့ တယောက်နှစ်ယောက်က အကြံပြုထားတာ ရှိပါတယ်။ ဖြစ်လာရင်တော့ ကောင်းပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တဆက်တည်း မေးချင်တာက အခု ဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာအနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းကို သေချာလေ့လာထားတော့ အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအနေအထားအရဆိုရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ရာထူးကနေ တကယ် အငြိမ်းစား ယူသွားပြီလား။ ဒါမှမဟုတ်လို့ရှိရင် နောက်ကွယ်ကနေ ကြိုးကိုင်နေသလားဆိုတဲ့ မေးခွန်းရှိပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။

Benedict Rogers ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တကယ့်ကို အငြိမ်းစားယူသွားပြီ။ အေးအေးလူလူ ဂေါက်သီး ကစားနေတယ်။ မြေးထိန်းနေတယ်လို့ ကျနော်မယူဆပါဘူး။ ဒါဟာ သူ့ရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး။ သူက နောက်ကွယ်က ကြိုးကိုင်နေဆဲပါပဲ။ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ထိပ်တန်း ပုဂ္ဂိုလ်တွေအားလုံးကို ကြည့်ရင် သူရွေးထားတဲ့လူတွေချည်းပါ။ သူတို့ဟာ တကယ်တမ်း အာဏာမရှိသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ အစဉ်အလာကို ထိန်းသိမ်းထားဖို့၊ သူနဲ့ သူ့မိသားစု၊ နီးစပ်သူအသိုင်းအဝိုင်း အိုးအိမ်စည်စိမ်တွေကို ကာကွယ်ဖို့ အမြဲစိုးရိမ်တကြီး ရှိနေပါတယ်။ ဒါကြောင့် သူအနားမယူနိုင်သေးပါဘူး။

ဒါ့အပြင် သူ့ရှေ့က ဗိုလ်ချုပ်ကြီးနေဝင်း ဘာဖြစ်သွားသလဲဆိုတာကို ကိုယ်တိုင်သိခဲ့သူ ဖြစ်တာမို့ အလားတူအဖြစ်မျိုး သူကိုယ်တိုင် မကြုံတွေ့ရအောင် သူနောက်ကွယ်ကနေ အတတ်နိုင်ဆုံး ကြိုးကိုင် နေအုံးပါမယ်။ ဘယ်လောက်အထိ ဒီအတိုင်း ဆက်သွားမယ်ဆိုတာကို မသိနိုင်သေးပေမဲ့ လောလောဆယ်မှာတော့ သူက ကန့်လန့်ကားနောက်ကွယ်က ရုပ်သေးဆရာကြီးပါ။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ ဗမာပြည်မှာရောက်နေတဲ့ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အဖွဲ့ဝင်တွေနဲ့ တွေ့ဖို့ကြိုးစားခဲ့သလား။ တွေ့ဖြစ်ခဲ့သေးသလား။

Benedict Rogers ။ ။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေထဲမှာ တခြားစိတ်ဝင်စားစရာလူတွေ အတော်များများကို တွေ့ခွင့်ရခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မတွေ့ခဲ့ရပါဘူး။ မတွေ့ခဲ့ရခင် တရက်အလိုမှာပဲ ကျနော်ကို တိုင်းပြည်က နှင်ထုတ်ခံခဲ့ရတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီစာအုပ်ကို ဖတ်ပြီးပြီလို့ ထင်ပါသလား။

Benedict Rogers ။ ။ ဖတ်ပြီးမပြီးတော့ ကျနော်မသိပါဘူး။ ဒါပေမဲ့ ဒီစာအုပ်အကြောင်းကိုတော့ ဒေါ်စု သိပါလိမ့်မယ်။ ကော်ပီတအုပ်တောင် ရထားပြီးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဖတ်ပြီးမပြီးတော့ မသိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရှိ အာဏာရှင်ရဲ့ မျက်နှာဖုံးကို ခွာချခြင်းအမည်ရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သူ Benedict Rogers ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG