သုံးရလွယ်ကူစေသည့် Link များ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရဲ့  အခြေအနေအရပ်ရပ်နဲ့ အလားအလာ။ မေလ (၂၄) ရက်နေ့မှာ ကျင်းပမယ့် (၂၁) ရာစု ပင်လုံ ဒုတိယအကြိမ် ညီလာခံကနေ ဘာတွေကို မျှော်လင့်နိုင်မလဲ စတာတွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်တို့နဲ့အတူ ရန်ကုန်မြို့  VOA Studio မှာ ကိုကျော်ကျော်သိန်း က တွေ့ဆုံဆွေးနွေးထားတာကို တင်ပြလိုက်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းတွေအရပ်ရပ် ဆွေးနွေးကြမယ်။ အဲဒီမှာ ပထမဦးဆုံး စလိုက်ချင်တာက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်လာတဲ့သတင်းက .. သေချာတော့ အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ ညီညွှတ်သော တိုင်းရင်းသားများကောင်စီ UNFC က KIO ကချင်အဖွဲ့နဲ့ SSPP, SSA ရှမ်းအဖွဲ့တို့ ထွက်မယ်ဆိုတဲ့အသံ သတင်းထွက်လာပါတယ်။ တကယ်လို့များ KIO, SSPP, SSA တို့ ထွက်သွားခဲ့ရင် UNFC ရဲ့  ရှေ့ အလားအလာ ဘယ်လိုများ ဖြစ်လာနိုင်ပါလဲ။

ဦးသန်းစိုးနိုင် ။ ။ ကျနော့်အမြင်ကတော့ အဲဒီလို ဖြစ်နိုင်တဲ့ အလားအလာ ရှိပါတယ်။ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်ဆိုတော့ အခုက ဝအဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ဆိုတဲ့အထဲမှာ သူက ပါဝင်လိုက်တယ်။ ပါဝင်လိုက်တဲ့အခါကြတော့ သူ့အနေနဲ့ UNFC အနေနဲ့ ဘယ်လို သဘောထားမယ်ဆိုတဲ့ကိစ္စမှာ တဘက်ကလဲ ဒီကိစ္စမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီပါတီတို့က သဝဏ်လွှာ ပို့ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်း သူက NCA နဲ့ မတူတဲ့လမ်းကြောင်းတခု သွားတော့မယ်လို့ သူတို့ ကြေညာလိုက်တဲ့အခါကြတော့ မွန်ပြည်သစ်ပါတီနဲ့ ကရင်နီပါတီက ပါလို့မရဘူး။ ဒါပေမဲ့ အခုနပြောတဲ့ KIA, SSPP တို့ကြတော့ အခု မြောက်ပိုင်းက စစ်လှုပ်ရှားမှု အများဆုံးနေရာ ဖြစ်မယ်။ စစ်ရေးလှုပ်ရှားမှု များနေတဲ့အခါ သဘာဝကျကျ ဝအဖွဲ့တွေရဲ့  အကူအညီနဲ့ စစ်ရေးကူညီပံ့ပိုးမှုတွေ ရှိရင်လည်း ရှိမှာပေါ့။ အဲဒီအောက်မှာ သူတို့က မလွှဲမသွေ သူတို့ဘဝအရ ဒီဘက်က ပြတ်ပြတ်သားသားရမယ့် အနေအထား ရှိပါတယ်။ အဲဒီအခါကြတော့ စိတ်မကောင်းစရာက ဗမာပြည်မှာ တောင်ခြမ်းမြောက်ခြမ်းဆိုတဲ့ ပြဿနာ ပေါ်လာတယ်။ အခု မြောက်ခြမ်းက အဖွဲ့တွေက NCA နဲ့မတူတဲ့ လမ်းကြောင်းနဲ့ လျှောက်မယ်။ နောက်တခုက သူတို့က ဆက်လက်ပြီးမှ အစိုးရနဲ့ သီးသန့်ဆွေးနွေးမယ်ဆိုတဲ့ သဘောထားတွေ ဖြစ်လာတာပေါ့။ အဲဒီလို ဖြစ်လာတဲ့အခါကြတော့ တောင်ပိုင်းကကြတော့ အခု အဓိကအားဖြင့် (၅) ဖွဲ့ ဆိုပေမယ့် အဓိက (၂) ဖွဲ့ခွဲတယ်။ မွန်ပြည်သစ် နဲ့ ကရင်နီပါတီတို့ကြတော့ သူတို့က UNFC နဲ့ တောက်လျှောက်ပါဝင်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ နောက်ပြီးတော့ စစ်ရေးလှုပ်ရှားမှုလည်း တောင်ပိုင်းမှာ သိပ်မရှိခဲ့ဘူး။ သူကတော့ UNFC နဲ့ ဆက်လက်ရပ်တည်မယ့်သဘော ရှိပါတယ်။ အဲဒီတော့ ဗမာပြည်မှာ ဝအဖွဲ့ ဦးဆောင်တဲ့အဖွဲ့ နဲ့ မြောက်ပိုင်းအဖွဲ့ နဲ့ တောင်ပိုင်းက မွန်ပြည်သစ်ကလည်း ကျနော် ကြည့်ရတာ NCA လက်မှတ်ထိုးမယ့်သဘော ရှိပါတယ်။ အဲဒီတော့ လက်မှတ်ထိုးတဲ့အဖွဲ့ နှစ်ဖွဲ့မှာ တောင်ခြမ်းမြောက်ခြမ်း ဆိုတာမျိုး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတဲ့အတွက် ဒါကတော့ ငြိမ်းချမ်းရေးအတွက် စိတ်မကောင်းစရာ အနေအထားမျိုးလို့ မြင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဦးစည်သူအောင်မြင် သဘောတူလား။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ အဲဒီလို မမြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ဝအဖွဲ့ ဦးဆောင်ပြီး ကျင်းပတဲ့ အဖွဲ့အစည်းအဝေးက ပထမဦးဆုံးအကြိမ် မဟုတ်ဘူး။ သူ့ရှေ့ မှာ တကြိမ် လုပ်ထားတယ်။ သူ့ရှေ့ မှာ လုပ်ထားတဲ့ဟာက သူတို့အခေါ်တော့ တတိယအကြိမ်ပေါ့။ တတိယအကြိမ်မှာကတည်းက စပြီးတော့ ကြေညာလိုက်ပြီး NCA လမ်းကြောင်းကို မသွားဘူး။ NCA စာချုပ်ရဲ့  အပြစ်အနာစာတွေကို ထုတ်ဖော်ပြောဆိုတယ်။ ပြောဆိုတဲ့အခါကြတော့ အဲဒီအချိန်ကတည်းက KIA နဲ့ SSA တို့က လက်မှတ်ထိုးပြီးတော့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပါထားပြီသား။ အဲဒီလိုပါသွားတဲ့အတွက်ကြောင့်မို့ UNFC အဖွဲ့က DPI ဖွဲ့ထားတာရှိတယ်။ အစိုးရနဲ့ညှိတာ။ အဲဒီအချိန်မှာ သူတို့ DPI ကလည်း အစိုးရနဲ့ ပြန်ပြီးတော့ ညှိတဲ့အခါမှာ အစိုးရဘက်ကလည်း လိုက်လိုက်လျောလျောနဲ့ စကားတွေပြောတယ်။ DPI ကလည်း နဂိုတုန်းက တောင်းဆိုထားတဲ့ အချက် (၉) ချက်နဲ့ ပတ်သက်လို့ ဆက်ဆွေးနွေးတာတွေ ရှိတယ်။ ရှိတော့ အဲဒီမှာ အသံတွေ ထွက်လာတယ်။ အသံတွေ ဘာထွက်လာလဲဆိုတော့ UNFC တဖွဲ့လုံးရဲ့  ဖြစ်စေ သို့မဟုတ် အဖွဲ့တချို့ ကဖြစ်စေ ဒီစာချုပ်မှာ လက်မှတ်ထိုးရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အဲဒီလို ဖြစ်လာမယ့် အစည်းအဝေးမှာ KIA က မပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ အခုနပြောတဲ့ UNFC အထူးအစည်းအဝေးဆိုပြီးတော့ အရေးပေါ်အစည်းအဝေးဆိုပြီးတော့ ခေါ်လိုက်တယ်။ ခေါ်ပြီးမှ ကျနော်လည်း KIA ကျနော်တို့လည်း ဒီ NCA လမ်းကြောင်းအတိုင်းပါပဲဆိုပြီးတော့ တခါ ပြန်ပြီးတော့ ဝင်လာတယ်။ ဝင်လာတဲ့အခါကြတော့ သူ့အနေထားက အခုလောလောဆယ် ဘယ်လိုဖြစ်နေသလဲဆိုတော့ ဟိုမှာ NCA လမ်းကြောင်းထဲမှာ မပါတော့ဘူးဆိုတဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်းပါတယ်။ ဒီဘက်က NCA နဲ့ သွားမယ်ဆိုတဲ့ထဲမှာလည်း ဝင်ပြီးတော့ ပါမိရက်သား ဖြစ်နေတယ်။ ပါနေတယ်။ အဲဒီတော့ အခု ကျနော်ပြောချင်တဲ့သဘောက နောက်ဆုံးအစည်းအဝေး ဝအဖွဲ့က ထုတ်ပြန်ကြေညာချက်တွေထဲမှာ သူပါဝင်တယ်ဆိုပေမယ့် တဖွဲ့ချင်းအနေနဲ့ သူ့ရဲ့  ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ပြောတာ အခုထိ ကျနော်တို့ မကြားရသေးဘူး။ ထုတ်ဖော်ပြောတာ မရှိသေးဘူး။ မရှိသေးဘူးဆိုတဲ့အခါကြတော့ UNFC ရဲ့  အလားအလာ KIO ရဲ့  ဆက်ပြီးရပ်တည်မယ့် အလားအလာက ရုတ်တရက်တွေးဖို့ မနိုင်သေးဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဒါပေမဲ့ အဲဒီလို ပြတ်ပြတ်သားသား မရှိသေးဘူးဆိုပေမယ့် တပိုင်းမှာကြတော့ UWSA ခေါင်းဆောင်နဲ့ NCA ပြင်ပလမ်းကြောင်းက သွားမယ်ဆိုတဲ့အဖွဲ့ ယေဘုယျ ရှိနေပြီ။ ဒီဘက်မှာလည်း NCA နဲ့ သွားမယ်ဆိုတဲ့အဖွဲ့ UNFC က ရှိနေပြီ။ တခါ NCA အပေါ်မှာ (၂၁) ရာစု ပင်လုံညီလာခံပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပဲဖြစ်ဖြစ် ဒီအပေါ်မှာ တပ်ရဲ့  သဘောထားက တခုရှိတယ်။ ကျနော် စဉ်းစားကြည့်တာက NCA လမ်းကြောင်း ပြင်ပကသွားမယ်။ ဒီဘက်ကလဲ ငြိမ်းချမ်းရေးအတွက် သွားတာလို့ ပြောကြတယ်။ NCA အတွင်းကသွားလည်း ငြိမ်းချမ်းရေးအတွက် သွားတယ်လို့ ပြောကြတယ်။ ညှိကြပါအုံးမလား။ ဆုံမှတ်တခုခု ရှိကြပါအုံးမလား။ ရှိနိုင်ပါသေးလား။

ဦးသန်းစိုးနိုင် ။ ။ ကျနော်တို့ကတော့ ရှိဖို့လိုအပ်တယ်လို့ ပြောချင်တာပါ။ တကယ်တော့ ဝအဖွဲ့ရဲ့  စာတမ်းကို ကျနော် ဖတ်ကြည့်တဲ့အခါကြတော့ တကယ်တမ်းတော့ သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခေါင်းဆောင်မှုနဲ့ NCA ရဲ့  အားနည်းချက်တွေ NCA ဖြစ်စဉ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်တာတွေ၊ ဆက်ဖြစ်နေတာတွေ NCA က မလုံလောက်တဲ့အကြောင်း အဲဒါကို အဓိက ပြောတာပါ။ ဒါပေမဲ့ သွားရမယ့် တဘက်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ (၂၁) ရာစု ပင်လုံ ငြိမ်းချမ်းရေးအစီအစဉ်ကို သူတို့ ပါဝင်မယ်ဆိုတဲ့ သဘောထားရှိတယ်။ အဲဒီတော့ ဆိုလိုတာက သူက NCA နဲ့ ပတ်သက်လို့ ခေါင်းတပ်ပြီးတော့ မတူတဲ့လမ်းကြောင်းလို့ ပြောပေမယ့် တကယ်သွားမယ့် အခြေခံတွေက သိပ်ပြီးတော့ မကွာလှပါဘူး။ အဲဒီအခါကြတော့ ဒီကိစ္စတွေမှာ အခုနလို ကျနော့်အနေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအထဲမှာ UNFC နဲ့ ပတ်သက်နေတဲ့ အဖွဲ့ (၅) ဖွဲ့။ ဒီဘက်က ဝအဖွဲ့ခေါင်းဆောင်တဲ့ (၇) ဖွဲ့။ အဲဒါတွေနဲ့ တဖွဲ့ချင်းဆွေးနွေး။ ပြီးတဲ့အခါ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ဆိုလိုတာက NCA Frame နဲ့လွန်တဲ့ ခြေလှမ်းမျိုးအထိ အလွန်အကျွံ ရောက်မသွားဖို့အတွက် ထိန်းသိမ်းတဲ့ အစည်းအဝေးတရပ်လည်း ညှိနှိုင်းမှု လုပ်သင့်တယ်လို့ ကျနော် မြင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆုံမှတ်ရှိနိုင်ပါအုံးမလား။

ဦးစည်သူအောင်မြင့် ။ ။ ကျနော် ထင်တယ် ဆုံမှတ်ကတော့ ရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ တက်လာတဲ့ အစိုးရက ငြိမ်းချမ်းရေးကို နှစ်ပေါင်းများစွာကတည်းက ကိုင်ဆွဲလာတဲ့ မူဝါဒ ဆိုတော့ သေသေချာချာကို လုပ်မယ်ဆိုတော့ ကျနော်တို့ ရိုးရိုးလေး ကြည့်လိုက်ရင်တော့ ခက်တာပေါ့။ အင်အားစုတချို့ ကြတော့ တပ်မတော်ဘက် ရှိမယ်။ နောက် တိုင်းရင်းသားအဖွဲ့တချို့  ရှိမယ်။ NCA လမ်းကြောင်းနဲ့သွားမယ်။ တဘက်က ဝအဖွဲ့က ဒီလမ်းကြောင်းအတိုင်း မသွားဘူးဆိုတော့ ခက်သလိုလို ထင်ရတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးရအောင်ယူတဲ့ဟာက ကျနော်ထင်တယ် ဒီထက်တောင် ခက်ကောင်းခက်နိုင်တယ်။ ရှုပ်ကောင်းရှုပ်နိုင်တယ်။ ဒါပေမဲ့ ဆုံမှတ်ကို ရောက်မှာပဲ။ ညှိတဲ့နည်းနာတွေကလဲ အမျိုးမျိုးပေါ်လာမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရအောင်ယူမယ်ဆိုပြီးတော့ လက်ရှိ အစိုးရက ကြွေးလည်းကြွေးကြော်တယ်။ ကြိုးလည်းကြိုးစားတယ်ဆိုတာ ပြည်သူတွေလည်းသိတယ်။ နိုင်ငံတကာလည်း သိတယ်ဆိုတော့ ဆုံမှတ် ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆုံမှတ်ရောက်မယ်ဆိုရင်တော့လဲ တပိုင်းကကြတော့ တလောက ပြီးခဲ့တဲ့ JICM – Joint Implementation Committee Meeting အစည်းအဝေးအပြီးမှာ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီးစိုးဝင်း က သတင်းထောက်တချို့ ကို ပြောတာရှိတယ်။ NCA ကို ပြင်တယ်။ ဘယ်လိုနည်းနဲ့မှပြင်တာ လက်မခံနိုင်ဘူး။ NCA လမ်းကြောင်းအတိုင်းပဲ သွားမယ်ဆိုတော့ ကျနော်ကတော့ ကိုယ်တိုင်ကြားတာ မဟုတ်ဘူး။ သတင်းတွေထဲမှာ ဖတ်ရသလောက်တော့ နည်းနည်းတင်းမာတဲ့ လေသံမျိုးလေး အဲဒီလို ကျနော်ရတယ်။ သူ အဲဒီအတိုင်း ပြောတာလဲ ဟုတ်ချင်မှဟုတ်မှာပါ။ ကျနော်ရတဲ့ သတင်းကို အာရုံရတာပေါ့။ အဲဒီတော့ တပ်ဘက်က NCA ပတ်သက်လို့ ဒီလို သဘောထားရှိနေချိန်မှာ တဘက်က (၇) ဖွဲ့က NCA အတိုင်း မသွားဘူးဆိုတော့ တပ်နဲ့ကော အခုနပြောတဲ့ NCA လမ်းကြောင်း ပြင်ပက သွားမယ်ဆိုတဲ့ (၇) ဖွဲ့ကြားထဲမှာ ထိဆက်မှု နီးစပ်မှု ဆုံမှတ် ရှိနိုင်ပါအုံးမလား။

ဦးသန်းစိုးနိုင် ။ ။ ဒီမှာလဲ ကျနော့်အမြင်ကို ပြောရရင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောတဲ့ အချက်အလက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားနဲ့ ကွာနေတယ်လို့ မြင်ပါတယ်။ ပြီးခဲ့တဲ့လ (၂၈) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် က UNFC က တင်သွင်းတဲ့ (၈) ချက်ကို ဆွေးနွေးပြီးမှ NCA ကို လက်မှတ်ထိုးကြမယ်ဆိုတဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က မူအရ သဘောတူတယ်။ အဲဒီတော့ ဆက်ဆွေးနွေးဖို့ (၈) ချက်က ဘာလဲဆိုတော့ NCA ဆွေးနွေးပွဲမှာ မလုံလောက် အချက် (၈) ချက်ကို UNFC က တင်ပြထားတာ။ အဲဒါကို သူတို့က ဒါကတော့ ပြင်ချင်တဲ့သဘောပေါ့။ အဲဒါကို ဆွေးနွေးပြီးမှ NCA လက်မှတ်ထိုးတဲ့ကိစ္စကို နံပတ် (၉) အနေနဲ့ လုပ်မယ်ဆိုတဲ့ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က မူအရ သဘောတူလိုက်တယ်ဆိုလို့ရှိရင် အခု ဒုချုပ်ပြောတဲ့ စကားနဲ့က အတော်လေး ကင်းကွာနေတယ်။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ အဲဒီလို မမြင်ဘူး။ အခုန ကိုသန်းစိုးလှိုင် ပြောသလို တင်းမာတယ်လို့ ပြောမယ်ဆိုရင် နှစ်ဘက်စလုံးကို ပြောရမယ့် အနေအထား ဖြစ်နေတယ်။ နှစ်ဘက်စလုံးဆိုတာ ပထမဦးဆုံး စပြောတာက ဝအဖွဲ့ ဦးဆောင်တဲ့ တပ်ပေါင်းစုက အရင်ဦးဆုံးပြောတာ။ NCA စာချုပ်ကို တကယ့်ကို ဆိုးဆိုးဝါးဝါး ဖြစ်အောင် ပြောတာ။ အဲဒီအဖွဲ့ဝင်တွေက ဆိုတော့ ဒါကလဲ အစွန်းတဘက်ပဲ။ အခုနတုန်းက တပ်မတော်ကပြောတဲ့ ဘယ်လိုမှ မဟုတ်ဘူးဆိုတာကလဲ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ဘယ်လိုမူပဲ ကိုင်စွဲကိုင်စွဲ ဘယ်လိုမူနဲ့ ရပ်တည်ထား ညှိရမှာပဲ။ ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင်တော့ နှစ်ဘက်စလုံးက အလျှော့ပေးရမှာပဲ။

ကိုကျော်ကျော်သိန်း ။ ။ သိပ်မကြာခင်ပဲ မေလ (၂၄) ဆိုရင် (၂၁) ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် လာတော့မယ်။ ဒုတိယအကြိမ်က ပထမအကြိမ်ထက် ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ဆွေးနွေးကြမယ်ဆိုတာတွေ ကျနော်တို့ သိထားတာတွေ ရှိတယ်။ အခုန ဆရာတို့ ဆွေးနွေးခဲ့ကြတဲ့ ထောက်ပြခဲ့ကြတဲ့ အချက်တွေအောက်မှာ ဒီအခြေအနေတွေအောက်မှာ ပင်လုံညီလာခံက ကျင်းပကြတော့မှာ။ ဒီ ပင်လုံညီလာခံကနေ လက်ရှိ အခြေအနေ အခင်းအကျင်းအောက်မှာ လုပ်ရမယ့် ပင်လုံညီလာခံကနေ ထူးထူးခြားခြား ဘယ်လိုရလဒ်တွေ မျှော်လင့်လို့ ရပါလိမ့်မယ်။

ဦးသန်းစိုးနိုင် ။ ။ ဒါကတော့ အခုန ကျနော်တို့ ပြောခဲ့ပြီးသလို အခုကတော့ ထူးခြားတာကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ရလဒ်အနည်းအကျဉ်း ရှိတာပေါ့။ အဲဒါတွေအပေါ်မှာ JIMC အနေနဲ့ ဒါတွေကို ဆွေးနွေးဆုံးဖြတ်တာတွေတော့ ရှိမယ်။ ဒါပေမဲ့ အဲဒီလို ထူးခြားချက်ရဲ့  နောက်တခုက အားနည်းသွားတဲ့ကိစ္စပါ။ အဲဒီတုန်းက (၃) ဖွဲ့ကလွဲလို့ရှိရင် လက်နက်အဖွဲ့အစည်းအားလုံး ပါဝင်ကြတယ်။ အခုကတော့ ကျနော် ထင်တာက မြောက်ပိုင်းအဖွဲ့ (၇) ဖွဲ့က ပါတော့မယ်လို့ မထင်ဘူး။ ဒီမြောက်ပိုင်းအဖွဲ့ (၇) ဖွဲ့ မပါဝင်ဘူးဆိုလို့ရှိရင် အရင် (၃) ဖွဲ့ မပါဝင်တာထက် ပိုပြီး ငြိမ်းချမ်းရေးအတွက် Impact က ပိုပြီးတော့ အားမရစရာ၊ စိတ်မကောင်းစရာ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ တိုးတက်မှုဆိုတဲ့ဥစ္စာက ကျနော်တို့ မျှော်မှန်းတာကတော့ တကယ့်ကို တတိုင်းပြည်လုံး လွှမ်းခြုံတဲ့ တိုင်းရင်းသားလူမျိုးစုံ လွှမ်းခြုံတဲ့ ငြိမ်းချမ်းရေးကို မျှော်မှန်းတာ။ အဲဒီအတွက်ကတော့ သေချာတယ် ဒီနေ့နက်ဖြန် အချိန်တိုကာလအတွင်းမှာ ရောက်အုံးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကြည့်လိုက်တယ်ဆိုရင်ပဲ ဥပမာ ကျနော်တို့ တောင်ပိုင်းမှာဆိုရင် KNU အဖွဲ့အစည်း နှစ်ပေါင်း (၆၀) ကျော်လောက် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်လာတဲ့ သမာအရင့်ဆုံးအဖွဲ့ကြီးက သူက ဦးဆောင်ပြီး အပစ်အခတ်ရပ်ဆဲရေးတွေ လုပ်ခဲ့တယ်။ NCA စာချုပ်တွေ လက်မှတ်ထိုးတယ်။ အခုလို နိုင်ငံရေးဆွေးနွေးမှုတွေ ပေါ်ပေါက်လာတယ်။ အဲဒီကာလမှာ တော်တော်ကို ထူးခြားတဲ့ အကျိုးဆက်ဆိုတာ နယ်မြေထဲမှာသွားကြည့်ရင်လည်း တွေ့နေရပြီ။ ဒီတကြိမ်မှာလည်း အခုနလို အခက်အခဲတွေ ရှိနေပေမယ့်လဲ အထိုက်အလျောက်တော့ တိုးတက်မှုတွေ များလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ရတဲ့အချိန်ကလည်း ဒီလောက်ပဲဆိုတော့ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG