သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ရောက် AAPP



ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ ထိုင်းအခြေစိုက် မြန်မာနိုင်ငံ အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှုး ဦးတိတ်နိုင် က ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသားဟောင်းတွေအတွက် လုပ်ဆောင်ပေးချင်တဲ့ လုပ်ငန်းတွေအကြောင်းကို ရန်ကုန်မြို့ရှိ ဗွီအိုအေ သတင်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်းနဲ့ တွေ့ဆုံပြီး ဆွေးနွေးရှင်းလင်း ပြောဆိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ကိုတိတ်နိုင်တို့ ဒီကိုလာခွင့်ရတာ (၁၆) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ်လို့ သိရပါတယ်။ ကိုတိတ်နိုင်အနေနဲ့ ရောက်ရောက်ချင်း မြန်မာပြည်ရဲ့ ရုပ်ပိုင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေတော့ မြင်ရပြီပေါ့။ အဲဒီတော့ တခြား အစိုးရပိုင်းနဲ့ ကိုယ်တွေ့နေရတဲ့ လူတွေအားလုံးရဲ့ အတွေးအခေါ်ပိုင်းတွေ ဘယ်လိုပြောင်းလဲနေတာကို မြင်ရပါသလဲရှင့်။

ဦးတိတ်နိုင် ။ ။ ကျနော်တို့က အခုရက်ပိုင်းမှာ (၅) ရက်လောက်ပဲ ရှိသေးတာကြောင့် အင်တာဗျူးတွေနဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့နေတာနဲ့ပဲ ကျနော်တို့ အပြင်ကိုသိပ်မရောက်ဖြစ်ဘူး။ ဒါပေမဲ့ လူတွေရဲ့ မျက်နှာတွေမှာတော့ သူတို့တွေရဲ့ မျက်နှာတွေက မကြည်လင်နေဘူးဆိုတာကိုတော့ ခန့်မှန်းလို့ရတယ်။ နောက်တခုက ကျနော်တို့ တွေ့ဆုံနေရင်နဲ့ သတိထားမိတဲ့တခုက လူတယောက်က တနေ့တာ သူလှုပ်ရှားတဲ့အကြောင်းလေးကို ပြောပြတာက ကောက်နုတ်ကြည့်လိုက်မယ်ဆိုရင်တော့ လူတယောက်က (၁၀) နာရီလောက် လှုပ်ရှားနေရာမှာ (၇) နာရီလောက်က မဟုတ်တဲ့ အပိုအလုပ်တွေ လုပ်နေရတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဆိုတော့ ဥပမာ ကား traffic ဖြစ်နေတဲ့ကိစ္စတွေ၊ နောက်တခါ ဘဏ်မှာတန်းစီးပြီးနေရတဲ့ကိစ္စတွေ၊ နောက်တော့ ထားလိုက်ပါတော့ အဲဒီနေ့က သူဆိုရင် ကညတ သွားရတယ်။ ကညတမှာ အကြာကြီးတန်းစီးနေရတဲ့ ကိစ္စတွေဆိုတော့ အဲဒီလိုမျိုး အချိန်တွေက အပိုအလုပ်တွေက လူတယောက်က (၁၀) နာရီ လှုပ်ရှားနေတဲ့အချိန်မှာ (၇) နာရီလောက်က အပိုအလုပ်တွေ ဖြစ်နေတယ်ဆိုတာကိုတော့ ကျနော် တကယ်သိလိုက်တယ်။ ဒါကတော့ ကျနော် လေ့လာမိရသလောက်ပေါ့။ နောက်တခုက တချို့ စည်းကမ်းအရဆိုရင်တော့ ကျနော်တို့ နေလာခဲ့တဲ့ အခြေအနေနဲ့ ပြောရရင်တော့ စည်းကမ်းတော့ တော်တော်လေး မရှိတာကို တွေ့ရတယ်။ ကျနော် သွားနေရင်နဲ့ ကားဘီးမှာ၊ ကိုယ်ပိုင်ကားတစီးမှာ မှန်ကိုချပြီးတော့ အထဲက ခွက်တွေ၊ ကွမ်းယာထုတ်တွေ၊ tissue တွေ လမ်းမပေါ် ပစ်ချနေတာတို့ ဘာတို့ တွေ့ရတော့ သိပ်တော့ စိတ်မကောင်းဘူးပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမလည်း ခဏခဏ ကြားဘူးပါတယ်။ အဆောက်အအုံတခု ပျက်စီးသွားလို့ရှိရင် ပြန်ပြင်ရတာ လွယ်ပါတယ်တဲ့။ ဒါပေမဲ့ လူတွေရဲ့ စိတ်ဓါတ်တွေ ပျက်စီးသွားတဲ့အခါမှာ အင်မတန်မှာ ပြုပြင်ဖို့ ခက်တယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီပြုပြင်ပြောင်းလဲရေးကာလမှာ ခေါင်းဆောင်ပိုင်းတင်မကဘဲနဲ့ လူတိုင်းလူတိုင်း ပါဝင်ဖို့လည်း လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဘူးပါတယ်။ ဒါကတော့ စကားမစပ် ပြောပြတာပေါ့။ အခု ကိုတိတ်နိုင်တို့ လာတာက အစိုးရရဲ့ ဖိတ်ကြားချက်အရ လာတာပါလားရှင့်။

ဦးတိတ်နိုင် ။ ။ မဟုတ်ပါဘူး။ ကျနော်တို့ကို အမည်မည်းစာရင်းကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပယ်လိုက်တယ်။ ပယ်လိုက်တဲ့အခါမှာ ကျနော်တို့ သွားလေ့လာသင့်မသင့်၊ သွားပြီးဆွေးနွေးသင့်မသင့်။ ဒီကိုပြန်ပြီးတော့ လေ့လာရေး ခရီးစဉ်ပဲပြောပြော။ ကျနော်တို့ ညှိနှိုင်းရေးခရီးစဉ်ပဲပြောပြော။ ညှိနှိုင်းရေးဆိုတာက နိုင်ငံရေးအကျဉ်းသားတွေ၊ အကျဉ်းသားဟောင်းတွေနဲ့ ပတ်သက်တဲ့ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ ကျနော်တို့ ဆွေးနွေးဖို့အတွက် သင့်မသင့်ဆိုတာကို ကျနော်တို့အဖွဲ့အစည်းမှာ အများကြီး စကားပြောခဲ့ရပါတယ်။ အများကြီး ညှိနှိုင်းခဲ့ရပါတယ်။ ညှိနှိုင်းခဲ့ပြီးမှ ဒီနှစ် ဇန်နဝါရီလ အစမှာ ကျနော်တို့ ဗီဇာသွားလျှောက်တယ်။ ရတဲ့အခါကြတော့ လာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလာတဲ့ ခရီးစဉ်အတောအတွင်းမှာ ဘယ်သူတွေနဲ့ တွေ့ဖြစ်ပါသလဲ။ အစိုးရဘက်က လူတွေနဲ့လည်း တွေ့ဖြစ်ခဲ့ပြီပြီလားရှင့်။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ရောက်တာ (၅) ရက်ရှိပါပြီ။ (၅) ရက်ရှိတဲ့အခါမှာတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ကျနော်တို့ တွေ့ခဲ့တယ်။ အဘဦးဝင်းတင်နဲ့ တွေ့ခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ လူမှု့အထောက်အကူပြုအဖွဲ့နဲ့ တွေ့ခဲ့တယ်။ နောက်တခု 141 Plus လို့ခေါ်တဲ့ ၈၈ တုန်းက 7 July မှာ ပြန်လွှတ်လာတဲ့လူတွေ။ အဲဒီအုပ်စုတွေနဲ့ ကျနော်တို့ တွေ့ခဲ့တယ်။ နောက်တခါ 10D လို့ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည် Nobel ဆု ငြိမ်းချမ်းရေးဆုရရှိတာနဲ့ ပတ်သက်ပြီးတော့ ထောက်ခံဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတဲ့လူတွေ။ အခု ပြန်ထွက်လာတဲ့အခါတော့ သူတို့ အဖွဲ့လေးတခု ဖွဲ့ထားပါတယ်။ သူတို့က 10D လို့ခေါ်တယ်။ အဲဒီအုပ်စုတွေနဲ့ တွေ့တယ်။ နောက်တော့ ICRC နဲ့ တွေ့ပါတယ်။ ဒီကနေ့ဆိုရင် NDF နဲ့ ကျနော်တို့ တွေ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကိုတိတ်နိုင်တို့ ပြုစုထားတဲ့ ပြည်ပကနေ ကိုယ့်ရတဲ့ သတင်းအချက်အလက်တွေ စုစည်းပြီးတော့ ပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းနဲ့ ဒီမှာရှိတဲ့ လူတွေသိထားတဲ့ ဗဟုသုတတွေနဲ့ ပေါင်းပြီးတော့ သူတို့ ရရှိတဲ့စာရင်းနဲ့ ကွာဟတာတွေ ရှိပါသလားရှင့်။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ လာရင်းအကြောင်းရင်းထဲမှာ ဒီဟာလည်း အဓိကအချက်တချက် ပါပါတယ်။ သို့ပေမဲ့ မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ တွေ့တဲ့အခါမှာ သူတို့ဆီမှာ ရှိနေတာက ၂၂၈ ယောက် ကျန်တယ်။ ကျနော်တို့ စာရင်းအရတော့ ၂၂၃ ယောက်ဆိုတော့ သူတို့ကတောင် ကျနော်တို့ထက် ငါးယောက်များနေတယ်။ ဒါမျိုးရှိပါတယ်။ အရင်တုန်းကတော့ သူတို့စာရင်းက ကျနော်တို့စာရင်းထက် တဝက်လောက် ကွာနေတဲ့ အခြေအနေမျိုး ရှိပေမယ့် အခုတော့ သိပ်မကွာတော့နဲ့ အနေအထားမျိုးရှိတယ်။ နောက်တခါ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သူတို့ဆီမှာ ရှိနေတဲ့ စာရင်းတွေနဲ့ ကျနော်တို့ဆီမှာ ရှိနေတဲ့ စာရင်းတွေကို တိုက်ဆိုင်ပြီးတော့ ဘာကြောင့်ကွာနေတာလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းနေပါတယ်။ အဲဒီကွာဟချက်ကြောင့် ဘာကြောင့်ကွာဟသလဲဆိုတဲ့ အဖြေတွေကို ထုတ်ကြည့်တဲ့အခါမှာတော့ လောလောဆယ်အချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်။ အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုချက်က ကျနော်တို့ဆီမှာ အားလုံးမှာ သတ်သတ်မှတ်မှတ် ရှိမနေဘူးဖြစ်နေတယ်ဆိုတာကို တွေ့ရတယ်။ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားဟောင်းများ အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် တညီတညွှတ်တည်း ရှိသင့်တယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ သဘောတူညီချက် ရခဲ့တယ်။ ဆိုတော့ ရှိအောင်လည်း ကျနော်တို့ သဘောတူညီချက်။ အဓိပ္ပါယ်ဖွင့်ဆိုချက် တခုတည်းဖြစ်အောင် ကျနော်တို့ ကြိုးစားသွားမယ်ဆိုတဲ့ ကိစ္စကိုလည်း ကျနော်တို့ သဘောတူကြပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကိုတိတ်နိုင်တို့ အဖွဲ့အစည်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ဆိုပြီး ရပ်တည်ခဲ့တာ အတော်လေးလည်း ကြာခဲ့ပါပြီ။ အဲဒီတော့ ကိုတိတ်နိုင်တို့နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အကျဉ်းထောင်တွေကိုလည်း သွားရောက်လေ့လာဖို့ ရှိပါသလားရှင့်။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ မလာခင်တုန်းကတော့ သွားလေ့လာမယ်ဆိုတဲ့ အာသိသ ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်တွေးကြည့်တဲ့အခါကြတော့ ကျနော်တို့က အကျဉ်းထောင်တခုတည်းကို ဝင်လိုက်ပြီဆိုရင် အဲဒီအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးပါတယ်။ ဆိုတော့ သူတို့က အကျဉ်းစခန်းတွေထဲမှာ နေရမယ်။ ကျနော်တို့က အကျဉ်းထောင်အပြင်ကနေ လမ်းလျှောက်ပြီးတော့ သွားလေ့လာရမယ်ဆိုရင် ဒီကိစ္စမျိုးတွေကို မခံစားနိုင်လို့ မသွားတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကိုတိတ်နိုင်လာတဲ့ ရည်ရွယ်ချက်။ အဲဒါ အထမြောက်မယ်လို့ ထင်ပါသလားရှင့်။

ဦးတိတ်နိုင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ကတော့ လာကတည်းက အဆုံးစွန်ထိ အဖြေတခုရဖို့အတွက် အလုပ်တခု လုပ်နိုင်ဖို့အတွက်ဆိုတဲ့ဟာမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့က ဆွေးနွေးမယ်။ ညှိနှိုင်းမယ်။ သဘောထားတွေ ကျနော်တို့ အမြင်တွေဖလှယ်မယ်။ သဘောထားတွေ စုစည်းမယ်။ ဆိုတဲ့ကိစ္စအပေါ်မှာ ကျနော်တို့ အဖြေတခုခုကို ထုတ်ကြည့်ကြမယ်။ အဖြေတခုကို ထုတ်ကြည့်တဲ့အခါမှာလည်း ကျနော်တို့ ပြန်သွားတဲ့အချိန်အထိ အဖြေက ရချင်မှရမှာပါ။ သို့ပေမဲ့ ကျနော်တို့က ဆက်ပြီးတော့ လုပ်စရာရှိတာတွေ ဆက်ပြီးတော့ ဆက်လုပ်သွားမှာပါ။ ဥပမာ ပြန်လည်ပြုစုရေးနဲ့ ပတ်သက်လာတယ်ဆိုရင် ကျနော်တို့ အများကြီး ပြင်ဆင်ကြရမှာပါ။ ဆိုတော့ ကျနော်တို့ပဲ ပြင်ဆင်ရမှာဖြစ်တယ်။ အထဲ ရန်ကုန်မှာရှိတဲ့၊ မြန်မာပြည်မှာရှိတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့အတွက် အများကြီးပြင်ဆင်ရမယ်။ ညှိနှိုင်းရမယ်ဆိုတဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ဆိုတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို လုပ်ရတဲ့အခါမှာတော့ နိုင်ငံတကာတွေမှာလည်း လေ့လာသုံးသပ်မှုအရဆိုရင်တော့ အချိန်အတော်ယူရမယ်။ ငွေကုန်ကြေးကျလည်း အရမ်းများပါတယ်။ အဲဒီဟာတွေကိုတော့ ကျနော်တို့ ဘယ်နေရာကစပြီး လုပ်နိုင်မလဲ။ အဖြစ်နိုင်ဆုံးအရာကနေ စပြီးလုပ်သွားကြဖို့တော့ ရှိပါတယ်။ အခုလည်း ဆွေးနွေးနေတဲ့အခါမှာ သဘောတူညီချက်တွေ တော်တော်ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု နိုင်ငံတော်အစိုးရကနေပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်နေတဲ့ တချိန်တည်းမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်လာဖို့ဆိုပြီး လက်ကမ်းထားတာ ရှိပါတယ်။ ကိုတိတ်နိုင်တို့အနေနဲ့ ဒီမြန်မာနိုင်ငံထဲကို ပြန်လာပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ ကူညီစောင့်ရှောက်တာ ပိုပြီးထိရောက်မယ်လို့ မယူဆပါဘူးလားရှင့်။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ကျနော်တို့ထိုင်ပြီးတော့ လုပ်ခွင့်ရရင်တော့ ကျနော်တို့ ပိုပြီးတော့ အထောက်အကူဖြစ်မှာ သေချာပါတယ်။ အလေအလွင့်တွေ နည်းမှာ သေချာပါတယ်။ သို့ပေမဲ့ ကျနော်တို့က ဘယ်လောက်လုပ်ခွင့် ရမလဲဆိုတဲ့ ကိစ္စမှာတော့ ကျနော်တို့ အများကြီး ဆက်ပြီးဆွေးနွေးစရာ ရှိပါသေးတယ်။ ဒါကြောင့်မို့ ကျနော်တို့ လောလောဆယ်မှာတော့ ဒီနေ့ကာလမှာတော့ ဒီမှာ ရုံးခန်းဖွင့်ဖို့ ဒီကို ပြောင်းလိုက်ဖို့ဆိုတဲ့ ကိစ္စကတော့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။ ကျနော်တို့ စဉ်းစားမှုတွေတော့ ရှိပါတယ်။ တဖြည်းဖြည်းနဲ့တော့ ဆွေးနွေးညှိနှိုင်းမှုတွေအရ ဘယ်လောက်လုပ်ပိုင်ခွင့် ရမလဲဆိုတဲ့ အခြေအနေပေါ်မှာ ကျနော်တို့ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာဖို့တော့ ရှိမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီနေ့သွားပြီးတော့ တွေ့ခဲ့တဲ့၊ ဆွေးနွေးခဲ့တဲ့ ICRC အဖွဲ့နဲ့ဆိုရင် အရင်တုန်းကဆို သူတို့က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွေမှာ သွားတွေ့ခွင့် မရပါဘူး။ အခုနောက်ပိုင်းမှာ သူတို့ကော ဝင်ခွင့်ရပါပြီလာရှင့်။

ဦးတိတ်နိုင် ။ ။ အစိုးရကတော့ ပထမဦးဆုံးအကြိမ် သူတို့ကိုပြန်ပြီးတော့ ဖိတ်ခေါ်တဲ့အခြေအနေမျိုး ရှိပါတယ်။ သူတို့က ထောင် (၄) ထောင်မှာ သူတို့ သွားပြီးတော့ ရေသန့်စက်၊ ရေစီမံကိန်းတွေ လုပ်ခဲ့တယ်။ နောက် ပြည်ထောင်ကို လာမယ့်အပတ်ထဲမှာသွားဖို့ လေ့လာဖို့ရှိတယ်လို့ ပြောပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါက သူတို့က ရေနဲ့ မိလ္လာ သန့်ရှင်းရေးအတွက်ကိုပဲ သွားတာလား။ နိုင်ငံရေးအကျဉ်းသားတွေကို သွားပြီးတွေ့ဖို့ရှိတာလား။ သူတို့ ကျန်းမာရေးတွေဘာတွေ သွားပြီးစီစစ်ဖို့ ရှိတာလားရှင်။

ဦးတိတ်နိုင် ။ ။ အခုတခေါက် ပြည်ထောင်ကိုသွားတယ်ဆိုရင်တော့ ဒါတွေပါ ပါလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကိုတိတ်နိုင်တို့က ဒီခရီးစဉ်ကို အခွင့်အရေးတရပ်၊ အခွင့်ကောင်းတခုအနေနဲ့ ယူပြီးတော့ လုပ်နေတဲ့လုပ်ငန်း ပိုပြီးတော့ ထိရောက်အောင် ဘာတွေများလုပ်ဖို့ စဉ်းစားထားပါသလဲ။

ဦးတိတ်နိုင် ။ ။ ကျနော်တို့ ဒီမှာရှိနေစဉ်ကာလမှာတော့ ထူးထူးခြားခြား လုပ်ဆောင်မယ့်ကိစ္စလို့တော့ ပြောလို့ရတာပေါ့။ ကျနော်တို့ AAPP ကနေ နိုင်ငံတကာကနေ ပေးအပ်ထားတဲ့ဆုတွေရှိပါတယ်။ အဲဒါကို AAPP အနေနဲ့ လက်ခံထားတာရှိတယ်။ ဆိုတော့ ဥပမာ ၈၈ မျိုးဆက်ကျောင်းသားတွေကို ပေးတဲ့ အမေရိကန်နိုင်ငံရဲ့ ဆရာများသမဂ္ဂက ပေးတဲ့ဆု၊ ကိုမင်းကိုနိုင်ကိုပေးတဲ့ နိုင်ငံသားသတ္တိရှင်ဆု၊ နောက်တခါ စုစုနွေး၊ မဖြူဖြူသင်း၊ မနီလာသိန်း တို့ကို ပေးထားတဲ့ ချက်သမ္မတနိုင်ငံက ပေးထားတဲ့ဆုတွေ ရှိပါတယ်။ နောက်တခါ မန္တလေးအကျဉ်းထောင်ထဲမှာ သေဆုံးသွားတဲ့ ကိုသက်ဝင်းအောင် ကို အင်္ဂလန်နိုင်ငံတက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌအဖြစ် ဆုချီးမြှင့်ထားတာရှိပါတယ်။ နောက်တခါ ကိုမင်းကိုနိုင် ကို ကျောင်းသားငြိမ်းချမ်းရေးဆု - Student’s Peace Prize ကို နော်ဝေးနိုင်ငံက ပေးထာတာ ရှိပါတယ်။ အဲဒါတွေကို ပြန်လွှဲအပ်တဲ့ ပွဲလေးတခုလောက် လုပ်ချင်ပါတယ်။ နောက်တခုကတော့ မနေ့ကပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ ဆွေးနွေးတဲ့အခါမှာ ပြန်လည်ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်ပြီးတော့ အခုမကြာသေးခင်ကမှ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိပါတယ်။ သူတို့က စီးပွားရေးအရ အင်မတန်ခက်ခဲနေတဲ့ လူအများအပြား ဖြစ်နေတဲ့အခါကြတော့ သူတို့ရဲ့ ခလေးတွေကို ပညာဆက်သင်နိုင်ဖို့အတွက် ကျနော်တို့ ထောက်ပံ့မှုလေးတခု လုပ်ဖို့အတွက် ကျနော်တို့ စဉ်းစားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ AAPP တို့ ပူးတွဲပြီးတော့ လုပ်ဖို့အတွက်ကို ကျနော်တို့ ပြန်လည်ထူထောင်ရေး၊ ပညာရေး ပရိုဂရမ်လေးတခု လုပ်ဖို့အတွက် တိုင်ပင်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အခုလို အချိန်ယူပြီးတော့ လာပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။
XS
SM
MD
LG