သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တည်ငြိမ်အာမခံရှိမယ့် ဘဏ်စနစ် ပေါ်ပေါက်ရေး


ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံတကာ ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းစဉ်အဖြစ် မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံမျိုးတွေမှာ အသေးစား ချေးငွေလုပ်ငန်းလေးတွေ မတည်ပြီးဆောင်ရွက်သွားရေးကို နည်းလမ်းတရပ်အနေနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ နှီးနှောဆွေးနွေးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပုဂ္ဂလိက ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့တဲ့ ကမ္ဘောဇဘဏ် ဒု ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားပါတယ်။ VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ဘဏ်တိုးနှုန်းတွေ အိမ်နီးချင်းနိုင်ငံတွေထက် မြင့်မားနေရတဲ့အကြောင်းရင်းဟာ ပြည်တွင်းငွေကြေးဖောင်းပွမှုနှုန်းထား မြင့်မားနေမှုကြောင့်ဖြစ်ပြီး မြန်မာ့ဘဏ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးမှုအတွက် ဗဟိုဘဏ်ရဲ့ လွတ်လပ်တဲ့ စီမံခန့်ခွဲနိုင်မှုအပြင်၊ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေကနေ ပြည်တွင်းလုပ်ငန်းနဲ့ ဝင်ငွေအရင်းအမြစ်တွေအပေါ် ပိုမိုခိုင်မာလာစေရေး အရေးကြီးတယ်လို့ ပုဂ္ဂလိကပိုင် ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင် က ပြောဆိုပါတယ်။

ဦးသန်းလွင် ။ ။ အတိုးနှုန်းက ဘာလဲဆိုတော့ သဘောတရားက အတိုးနှုန်းကို ဘဏ်က ပေးတယ့် deposit rate အပ်နံှတဲ့ငွေပေါ်ပေးတဲ့ အတိုးနှုန်းက စီးပွားရေးအခြေခံ သဘောတရားအရဆိုရင် ငွေကြေးဖောင်းပွမှုအောက်ကို မရောက်စေရဘူး။ အဲဒီ သဘောတရားတော့ ရှိတယ်။ ဥပမာ inflation rate က ၅% ရှိမယ်။ အတိုးနှုန်းက ၃% ဆိုရင် မသင့်တော့ဘူး။ Negative interest rate ဒါက minus အနှုတ်ဖြစ်သွားပြီ။

ဦးသန်းလွင်ထွန်း ။ ။ ၅ ရာခိုင်နှုန်းထက် မလျော့ရဘူးပေါ့။

ဦးသန်းလွင် ။ ။ ဟုတ်တယ်။ တကယ်တော့ inflation rate က ၅% ထက် မလျော့ဘူး။ တကယ်လို့ inflation rate က ဆိုပါစို့ ၃% အတိုးနှုန်းက ၄% ဆိုရင် မဆိုးဘူးပေါ့။ ဒါက positive ဖြစ်တဲ့ လက္ခဏာကို ပြတာ။ အဲဒီ သဘောမျိုးတော့ ရှိပါတယ်။ မြန်မာနိုင်ငံ အနေအထားကို ကြည့်လို့ရှိရင် ကျနော်တို့က လက်ရှိမြန်မာနိုင်ငံ နိုင်ငံတော်အစိုးရက ကြေညာထားတဲ့ ငွေကြေးဖောင်းပွနှုန်းကို ၆ နဲ့ ၇ ကြားလောက်မှာ ရှိတယ်။ ဒီနှုန်းကို ကြည့်လို့ရှိရင် အတိုးနှုန်းက လက်ရှိဘဏ်က ပေးနေတဲ့ အတိုးနှုန်းက ၈ ရာခိုင်နှုန်း။ တကယ်လို့ ချရင်လဲ ၇% ပေါ့။ ၇ ပတ်ဝန်းကျင်လောက်ကို ချမယ်။

ဦးသန်းလွင်ထွန်း ။ ။ အစိုးရ ကြေညာထားတဲ့ ငွေကြေးဖောင်းပွမှု နှုန်းတွေရဲ့ အထက်မှာတော့ ရှိနေသေးတယ်။

ဦးသန်းလွင် ။ ။ လောလောဆယ် ရှိနေသေးတယ်။ ရှိနေတဲ့ဆိုတော့ အဲဒီလောက် ပတ်ဝန်းကျင်လောက်ကို ချနိုင်ရင် မဆိုးဘူး။ တချို့ကလည်း ဘယ်လို argue လုပ်လဲဆိုတော့ လက်ရှိ မြန်မာနိုင်ငံက အခြေခံအားဖြင့်တော့ ရင်းနှီးဈေးကွက် capital market မရှိသေးဘူး။ ရှိတာက ငွေကြေးဈေးကွက် money market မှာတောင် ဘဏ်ပဲ ရှိတယ်။ တခြားအဖွဲ့အစည်း မရှိသေးဘူး။ အဲဒီတော့ ပြည်သူအနေနဲ့က ငွေစုချင်တယ်ဆိုရင် ဘဏ်ကိုပဲ လာတယ်။ တခြားမှာသွားပြီးတော့ ရင်းနှီးလို့မရဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဘဏ်မှာ ပိုက်ဆံအပ်ထားပြီးတော့ အတိုးနှုန်း ထုတ်စားတယ်ဆိုတဲ့ သဘောပဲ ရှိသေးတယ်။

ဦးသန်းလွင် ။ ။ အများအားဖြင့် အခြေခံသဘောတရားက ဘယ်လိုရှိသလဲဆိုတော့ နိုင်ငံခြားမှာတော့ money market ရှိတယ်။ Capital market ရှိတာပေါ့။ Money market မှာ ဘဏ်တွေရှိတယ်။ ဘဏ်မှာ စုရင်စု မစုရင် ဟိုဘက်က အစုရှယ်ယာဈေး stock market မှာသွားပြီးတော့ ရင်းတာပေါ့။ အဲဒီမှာ ပိုပြီးတော့ စုနိုင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါကြတော့ ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းတွေနဲ့ ဆိုင်သွားတယ်။

ဦးသန်းလွင် ။ ။ အတိုးနှုန်းကကျပြီဆိုရင် ဟိုဘက်ကို ပြောင်းကြတာပေါ့။ မြန်မာနိုင်ငံကြတော့ တကယ်လို့ ဘဏ်က အတိုးနှုန်းအပြင်ကို တခြားမှာ တရားဝင် ရင်းစရာ မရှိဘူး။ လတ်တလောမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အပြင်မှာ စီးပွားရေး သွားလုပ်ရင် ဘဏ်တိုးနှုန်းလောက် မကိုက်ဘူး။

ဦးသန်းလွင် ။ ။ ကိုက်ချင်လည်းကိုက်မယ်။ မကိုက်ချင်လည်း မကိုက်ဘူး။ ဒါက risk များတယ်။ ဒါကို ပြောလို့မရဘူး။ တရားဝင်ဈေးကွက်က မရှိဘူး။ အတိုးနှုန်း ချလိုက်လို့ရှိရင်လည်း ပြည်သူကတော့ ငွေ ဘဏ်မှာအပ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အတိုးနှုန်း တချက်တည်းနဲ့ ဘဏ်မှာအပ်တာ မဟုတ်ဘူး။ တချို့ကြတော့လဲ ငွေစိတ်မချကြဘူးပေါ့။ ရန်သူမျိုး (၅) ပါး အန္တရာယ်ရှိတယ်ဆိုတော့ ဘဏ်မှာ ငွေလာအပ်တာပေါ့။ ကျနော့်အနေနဲ့ကတော့ အတိုးနှုန်းကိုလျှော့ရင် ဖြေးဖြေးချင်း လျှော့တာကောင်းတယ်။ အတိုးနှုန်းတင်ရင်လည်း ဖြေးဖြေးချင်းတင်း။ ကျနော်တို့ဆီမှာ ခက်တာက အတိုးနှုန်းချရင်လဲ one percent, two percent ဝုန်းကနဲ့ ချလိုက်တယ်။ တင်းရင်လည်း အဲဒီလို တင်းတာ။ သူများနိုင်ငံတွေမှာ point နဲ့သွားတယ်။ ကျနော် သိသလောက်တော့ decimal point two places ပေါ့။ .25 decimal point ဆိုရင် .25 percent အတိုးနှုန်းချတယ်။ .50 decimal point ဆိုရင် တဝက်ချတာ။ Half percent ပေါ့။ ဒါဆိုရင် တော်တော်များနေပြီ။ တခါတလေ ten percent ချတယ်။ ဒီလိုလေးတွေ ရှိတယ်။ ဒီလိုလေးတွေ ကစားတာ။ နည်းနည်းချင်း ချတယ်။ ကစားကြည့်တယ် market က လက်ခံတယ်။ နည်းနည်းချင်း တိုးကြည့်တယ်။ ဒါကတော့ အရေးကြီးတာက အတိုးနှုန်း ကစားဖို့ ပြောတာပါ။ အဓိက main player က ဘယ်သူလဲဆိုတော့ ဗဟိုဘဏ်။ ဗဟိုဘဏ် က ကစားတတ်ရင် ဗဟိုဘဏ်က သူ့ရဲ့ အတိုးနှုန်းကို ကစားသွားရင် ပုဂ္ဂလိကဘဏ်လည်း လိုက်လျောညီထွေ လိုက်ရမှာ။ ဗဟိုဘဏ်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိတော့ သူတို့လိုက်ကစားပေးရမယ်။ အဲဒီ သဘောတရား။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါတွေကတော့ အပ်နံှငွေပေါ်မှာ ပေးနေတဲ့ အတိုးနှုန်းနဲ့ သက်ဆိုင်တာပေါ့။ အခုဟာက ချေးငွေတွေနဲ့ ပတ်သက်လို့လည်း အတိုးနှုန်းက မြင့်နေတော့ တော်ရုံတန်ရုံ ငွေချေးငှားပြီးတော့ လုပ်ငန်းတွေ ထူထောင်ဖို့ကိစ္စတွေ၊ ရေရှည်ချေးငွေတွေ ပေးနိုင်မယ်ကိစ္စတွေက အတော်လေး ခက်ခက်ခဲခဲ မဖြစ်နေဘူးလား။

ဦးသန်းလွင် ။ ။ လောလောဆယ်တော့ အထိုက်အလျောက်တော့ ခဲယဉ်းတယ်လို့ ပြောလို့ရတယ်။ အတိုးနှုန်းက အခုနပြောတဲ့ အိမ်နီးနားချင်း နိုင်ငံတွေနဲ့စာရင် အများစုနဲ့စာရင်တော့ ကျနော်တို့က မြင့်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘဏ်ကနေ ငွေချေးပြီးတော့ လုပ်ငန်းကြီးတခု ထူထောင်ဖို့ဆိုရင် ဒီဘဏ်ကို ပြန်ပေးရမယ့် အတိုးနှုန်းနဲ့ဆိုရင် ဘယ်သူမှ ထူထောင်နိုင်မယ် မထင်ဘူး။ အခုလောလောဆယ် အချိန်မှာတော့။

ဦးသန်းလွင် ။ ။ ဒါကတော့ နှစ်ချက်ရှိတယ်။ တချက်က ဘာလဲဆိုတော့ လုပ်ငန်းကြီးတွေ ထောင်လို့ရှိရင် ရေရှည်ကြည့်ရမယ်။ နှစ်တိုနဲ့တော့ မရဘူး။ (၁) နှစ် (၂) နှစ် လုပ်လို့မရဘူး။ (၅) နှစ်၊ (၁၀) နှစ်။ အဲဒီလို ချေးနိုင်အောင်လို့ ဘဏ်တွေကနေ သူ့ရဲ့ အပ်ငွေကလည်း ရေရှည်သွားတဲ့ အပ်ငွေလို ဖြစ်ရမယ်။ မဟုတ်ရင်တော့ ရေတိုအပ်ငွေ - ကနေ့လာထုတ်ရင် ကနေ့ ပြန်အပ်ရမယ်ဆိုတဲ့ ငွေမျိုးနဲ့ ငွေသွားချေးမိရင် mismatch ဖြစ်တာပေါ့။ အဲဒါတွေက crisis ဖြစ်တာ အဲဒါကြောင့် အများကြီးဖြစ်တာ။ အရေးကြီးတာကတော့ ဘဏ်တွေမှာလည်း နှစ်ရှည်အပ်တဲ့ အပ်ငွေအမျိုးအစားတွေ ပွားလာဖို့၊ တိုးတက်လာဖို့ လိုတယ်။ တပိုင်းကလည်း အစိုးရပိုင်းကလည်း အားပေးဖို့ လိုတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘဏ်တွေက ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကရော မြေယာ၊ အိမ်၊ အိုးအိမ်တွေကိစ္စတွေက ဘဏ်တွေကို ကျောထောက်နောက်ခံ ပေးထားနိုင်ဖို့။

ဦးသန်းလွင် ။ ။ ဒါကတော့လဲ ဘဏ်မှာလည်း အထိုက်အလျောက် ရှိပါတယ်။ အရင်တုန်းက (၁၀) နှစ်။ အန်ကယ်တို့ ကမ္ဘောဇဘဏ် လုပ်ခဲ့တဲ့ နှစ်ပေါင်း (၂၀) လောက်ကတည်းက တည်ထောင်ထားတော့ ဟိုကထဲကနေ ဝယ်ထားတဲ့ မြေတို့၊ အိမ်တို့၊ ဘာတို့ဆိုတာ အခုဆိုရင် တန်းဖိုး (၁၀) ဆမက၊ အဆ (၂၀) မက တက်လာပြီ။ သူဖက်ကလည်း ကြည့်ရင် အထိုက်အလျောက် ခိုင်ပါတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမှာက assets တွေက တန်းဖိုးရှိတယ်လေ။ ဒါပေမဲ့ အခုဟာက တခုလိုနေတာက ဗဟိုဘဏ်က ဒီ assets တွေကို revalue ပြန်လုပ်ရမယ်။ ပြန်လည်တန်းဖိုး သတ်မှတ်ပေးရမယ်။ သတ်မှတ်ပေးမှလဲ ဥပမာဆိုပါစို့ လွန်ခဲ့တဲ့ (၁၀) နှစ်က သိန်းတစ်ရာလောက်တန်တဲ့ မြေကွက်တခုက အခုဆိုရင် သိန်း တစ်ထောင်မကဘူးတန်တယ်။ သိန်း နှစ်ထောင်မကဘူး ဖြစ်နေပြီ။ အဲဒါလေးတွေ ပြန်ပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ နှုန်းနဲ့ သတ်မှတ်ပေးရင် ဘဏ်တွေရဲ့ ခိုင်မာမှုလည်း တိုးလာမယ်လို့ ကျနော် ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်မှာ ဆိုလို့ရှိရင် အိမ်ထောင်တိုင်း၊ လူတိုင်းရဲ့ အိမ်မက် dream က ကိုယ်ပိုင်အိမ် ပိုင်ဆိုင်ဖို့။ ဗမာနိုင်ငံမှာ အခုလို မြေယာဈေးကွက်က လွန်ခဲ့တဲ့ ဆယ်နှစ်က သိန်း တစ်ထောင်တန်တဲ့အိမ်၊ မြေယာကွက်တကွက် အခုဆိုရင် သိန်းပေါင်း တစ်သောင်းလောက် တန်နေပြီ။ ဆိုတော့ ဆယ်ဆမက တက်နေပြီဆိုတော့ လက်ရှိ ဝင်ငွေအားဖြင့် ကြည့်လို့ရှိရင် ဘဏ်တွေကနေ နှစ်ရှည်အတိုးနှုန်းနဲ့ ဒီနိုင်ငံမှာတော့ mortgage ခေါ်တာပေါ့။ အဲဒါမျိုး ငွေမချေးနိုင်ဘဲနဲ့ ဗမာပြည်မှာ သာမန်လက်လုပ်လက်စား လူတန်းစားတွေ အိမ်ပိုင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါမလား။

ဦးသန်းလွင် ။ ။ နည်းနည်းတော့ ခက်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာလဲ mortgage ချေးတဲ့ အိမ်ယာချေးငွေဆိုတာ တခါတည်း အမေရိကန်မှာ ပြိုလဲသွားပြီလေ။ ဒါက အခြေခိုင်ဖို့ အရေးကြီးတယ်။ အဓိက ရွေးစရာ ကိုယ်က အိုးပိုင်အိမ်ပိုင် ဖြစ်စေချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝင်ငွေနည်းတဲ့ လခစား ဝန်ထမ်းတွေလည်း အိမ်ပိုင်ယာပိုင် ဖြစ်စေချင်လို့ ရှိရင် သူ့ခိုင်မာတဲ့ လစာဝင်ငွေ ရှိဖို့လိုတယ်။ ဒါလေးတွေ အရေးကြီးတယ်။ အဲဒါတွေ အရင်ပျိုးထောင်ဖို့လိုတယ်။ အဲဒါကို ပျိုးထောင်ဖို့ အတွက်ကတော့ ဘာလိုသလဲဆိုတော့ မြန်မာနိုင်ငံမျိုးကတော့ အခုလောလောဆယ်မှာတော့ FDI နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု အရေးကြီးတယ်။ ဝင်လာလို့ရှိရင် သူတို့က လခ အကောင်းပေးတာ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းမှာရှိတဲ့ ကုမ္မဏီထက် လခကောင်း ပေးနိုင်တယ်။ ပေးလည်းပေးမှာပါ။ ရေရှည်လည်း ဖြစ်မယ်။ အဲဒီတော့ ဒီဟာမျိုးကို ခိုင်ခိုင်မာမာ ဖြစ်လာလို့ရှိရင်တော့ အခုန အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့တော့ အဆင်ပြေတာပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေလည်းကောင်းတယ်။ အိမ်ပိုင်ယာပိုင်လည်း ဖြစ်နိုင်တယ့် အလားအလာ ရှိတယ်။ အခုန အိုးမဲ့အိမ်မဲ့ကြတော့လဲ အခက်အခဲတခုက ဘာလဲဆိုတော့ အခုလဲ နိုင်ငံတော်က တတ်နိုင်သမျှ ဖြေရှင်းပေးနေတာပဲ။ ဒါပေမဲ့ တခုရှိတာက အခုနလို အိုးမဲအိမ်မဲ့ကြတော့ အိမ်ပိုင်ယာပိုင်ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲဆိုတော့ အခုနပြောတဲ့ တိုက်ခန်းတွေမှာ။ တိုက်ခန်းတွေကိ အထပ်မြင့်မြင့် ဆောက်ပြီးတော့ အခုနလို တန်းဖိုးနည်းအိမ်ယာတွေ လုပ်ပေးနိုင်ရင်လည်း ရတာပဲ။ တချိန်တုန်းက ဦးနုတို့ ခေတ်တုန်းကလည်း လုပ်ခဲ့တာပဲ။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တော်သား စီမံကိန်း။

ဦးသန်းလွင် ။ ။ အဲဒါလဲ ဝင်ငွေနည်းတဲ့ ဝန်ထမ်းတွေ၊ ဝင်ငွေနည်းတဲ့ ပြည်သူတွေကိုလည်း ပေးခဲ့တာ။ ဒီလိုလေးတွေ ရှိခဲ့တဲ့ အစဉ်အလာလည်း ရှိတယ်။ ဒါပေမဲ့ အဓိက အရေးကြီးတာကတော့ အခုနပြောတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဝင်လာဖို့ အရေးကြီးတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု ဝင်လာလို့ရှိရင် ပြည်တွင်းဝင်ငွေနဲ့ ပေါင်းစပ်ပြီး လုပ်ချင်လုပ်။ Joint Venture - ဒါပေမဲ့ သူ့ဘာသာ သီးခြားလာချင်ရင်လာ။ သူတို့လာလို့ရှိရင်တော့ ပိုခိုင်မယ်။ ဥပမာ Toyota ကား ဝင်လာတယ်ဆိုပါစို့။ ကုမ္မဏီက တအား တော်တော်လေး ခိုင်မာတဲ့ ကုမ္မဏီ ဖြစ်တဲ့အတွက်။ အဲဒီမှာလုပ်တဲ့ ဝန်ထမ်းဆိုရင်တော့ ငွေချေးဖို့ နည်းနည်းလွယ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အနည်းဆုံး နောက်ထပ် (၁၀) နှစ် သူ ဝင်ငွေရှိနေမယ်။ အနည်းဆုံး နောက်ထပ် အနှစ် (၂၀) ဝင်ငွေရှိနေမယ်။

ဦးသန်းလွင် ။ ။ အဲဒီလောက် ဖြစ်သွားနိုင်တယ်။ ကုမ္မဏီကလည်း ထောက်ခံမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ တခုရှိတာက ဘဏ်ကတော့ အခုနပြောတဲ့ ရေရှည်ငွေချေးနိုင်အောင် တဆင့်ပြီးတဆင့်တော့ သွားရမယ်ဖြစ်တယ်။ အခုလောလောဆယ် အန်ကယ်တို့ ဘာလုပ်နေသလဲဆိုတော့ Higher purchase တန်းဖိုးနည်းအိမ်ယာတွေကို ပြန်ပြီးတော့ ချေးပေးတဲ့ လစဉ်အကြွေးဆပ်တာကိုလည်း လုပ်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ နှစ်တိုးပေါ့။

ဦးသန်းလွင် ။ ။ အများဆုံး ချေးနိုင်တာက (၃၆) လ။ (၃) နှစ်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ သိန်း (၁၀၀၀) တန် အိမ်ဝယ်ထားပြီး (၃၆) လနဲ့ ဘယ်လိုဆပ်မလဲ။

ဦးသန်းလွင် ။ ။ အဲဒါကြောင့် ပြောတာ ဒါက နှစ်ရှည်သွားရမှာ။ အဲဒါကြတော့လဲ အစိုးရရဲ့ funding တဖတ်တလမ်းကနေ အစိုးရနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်မှ အဆင်ပြေမယ်ထင်တယ်။ အစိုးရရဲ့ funding လည်း ပါဖို့တော့ လိုတယ်။ ပုဂ္ဂလိက funding တခုတည်းကြတော့လည်း နည်းနည်းအခက်အခဲ ရှိတယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်အောင် ပြောတာပါ။ လောလောဆယ် အန်ကယ်တို့ ကျယ်ကျယ်ပြန်ပြန် မလုပ်နိုင်တာ ကိုယ့် funding က သိပ်ပြီးတော့ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ long term funding က မရှိသေးဘူး။ Long term deposit က မရှိသေးဘူး။ နည်းသေးတယ်။ အဲဒါကို ဦးတည်ပြီးလုပ်ဖို့ လိုနေတယ်။ ဒါက ဗဟိုဘဏ်ပိုင်းက အတော်လေး စဉ်းစားရမယ့်ကိစ္စ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီအချက်တွေကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှည်ချေးငွေတွေနဲ့ အိမ်တွေဝယ်နိုင်ဖို့အရေး။ ဒါမှမဟုတ်လို့ရှိရင် နောက်ပိုင်းမှာ ဘဏ်တွေကနေ ကျောထောက်နောက်ခံနဲ့ လူတွေရဲ့ အသက်အာမခံ၊ ကျန်းမာရေးအာမခံတွေကိုပါ လုပ်ပေးနိုင်မယ့် အခြေအနေမျိုး ဘဏ်လုပ်ငန်းစနစ် တည်ငြိမ်မှုရအောင် ဘယ်လောက်အထိ အချိန်ယူရအုံးမယ်လို့ ထင်သလဲ။

ဦးသန်းလွင် ။ ။ အဓိကတော့ အခုန ဦးသန်းလွင်ထွန်း ပြောသလို ဘဏ်လုပ်ငန်းအပေါ် အဓိကတည်တယ်။ ဘဏ်လုပ်ငန်းက financing ဆိုတော့ ငွေကြေးအထောက်အကူပြုတဲ့ လုပ်ငန်းတခုဖြစ်နေတဲ့အတွက် ဥပမာ အာမခံလုပ်ငန်း လုပ်တာပဲဖြစ်ဖြစ်၊ Healthcare ခေါ်တဲ့ ကျန်းမာရေး၊ ပြည်သူလူထုရဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးတာဖြစ်ဖြစ်၊ ဘဏ်ရဲ့ အခန်းကဏ္ဍက အဓိကကျပါတယ်။ ဘဏ်တွေကလည်း ပြည်သူ ယုံကြည်မှု ပျိုးထောင်နေတဲ့အချိန်လည်း ဖြစ်တယ်။ ပိုအရေးကြီးတာကတော့ ဘဏ်တွေကတော့ အခုနပြောတဲ့ ဝင်ငွေ။ အတိုးနှုန်းကျရင် လူထုက မစုမှာလဲစိုးရတယ်။ အဲဒီတော့ ဘဏ်တွေအပိုင်းက ပြန်ကြည့်ရင် ကမ္ဘောဇလည်း ပြန်ကြည့်လို့ရှိရင် ဘာတွေ့မလဲဆိုရင်တော့ နှစ်ပိုင်းပေါ့။ တပိုင်းက ဘာလဲဆိုတော့ ငွေအပ်တဲ့ customer နဲ့ ငွေချေးတဲ့ customer - ဒီ customer နှစ်ရပ်စလုံးကလည်း အန်ကယ်တို့ဘဏ်ရဲ့ ကျေးဇူးရှင်တွေ။ ကျေးဇူးရှင်တွေ ဖြစ်တဲ့အတွက် ငွေလာအပ်တဲ့ ပြည်သူလူထုကိုလည်း သူ့အကျိုးကျေးဇူးကိုလည်း ကြည့်ရအုံးမယ်။ သူလည်း ဘာပဲပြောပြော အတိုးနှုန်း ပိုလိုချင်တာပဲ။ တဖတ်က ငွေချေးတဲ့ customer ကိုယ့်ရဲ့ ကျေးဇူးရှင်ပဲ။ သူကလည်း အတိုးနည်းနည်းနဲ့ ချေးချင်တယ်။ အတိုးကို ကျစေချင်တယ်။ ဒါကလည်း ကိုယ့် customer ဆိုတော့ သူ့ကျေးဇူးကို ကိုယ်ကပြန်ကြည့်ရမယ်။ အဲဒီတော့ အရေးကြီးတာကတော့ အတိုးနှုန်းကျတဲ့အခါမှာ အခြေခံအချက်တွေအပြင်ကို သင့်တင့်မျှတတဲ့ အတိုးနှုန်းတခု ဘယ်သွားမလဲဆိုတာကို အဲဒါ အရေးကြီးတာပေါ့။ ဗဟိုဘဏ်ကနေ ချိန်ထိုးပေးရမယ်။ နှစ်ဖက်စလုံး အကျိုးရှိတဲ့ အတိုးနှုန်းတရပ်ကို တဖြည်းဖြည်း ရွေ့သွားရမယ့်သဘောတော့ ရှိတယ်။ နေရာတိုင်းမှာ အခုနလို ချက်ချင်းလက်ငင်းတော့ မဖြစ်နိုင်သေးဘူး။ တဖြည်းဖြည်းတော့ သွားရမယ်။

ဦးသန်းလွင်ထွန်း ။ ။ ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင် ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။
XS
SM
MD
LG