သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဘာကြောင့် အရေးကြီး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ ကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်ပြီး ပြုုပြင်ပြောင်းလဲဖို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုးပမ်းလုပ်ဆောင်ချက်များကို ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် လိုအပ်ချက်တွေကို အခုလာမယ့် မေလ ၁၇ ရက်နေ့ နဲ့ ၁၈ ရက်နေ့တွေမှာ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်တို့က လူထုဟောပြောပွဲကြီးတွေလုပ်ပြီး ဟောပြောဖို့ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုတဲ့အထဲက ပုဒ်မ (၄၃၆) ကို ပြင်ဆင်နိုင်မှပဲ တခြားလိုအပ်တဲ့ပြင်ဆင်မှုတွေ ဆက်လုပ်နိုင်မှာ ဖြစ်တယ်လို့ အခုကျင်းပတဲ့ ဟောပြောပွဲတွေကို ဦးဆောင်စီစဉ်နေတဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီ က ရှင်းပြပါတယ်။

ဦးဂျင်မီ ။ ။ ပုဒ်မ (၄၃၆) နဲ့ ပတ်သက်ပြီးတော့ ပြည်သူကြားထဲမှာက ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်ဆိုပြီး လုပ်နေတာကတော့ ကြာပါပြီ။ အဲဒါက ကိုသန်းလွင်ထွန်းတို့ သတိထားမိပါလိမ့်မယ်။ ကျနော်တို့ မကြာသေးခင်က ပူးတွဲကြေညာချက် နှစ်စောင်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ စတင်လုပ်နေတာပါ။ လုပ်တဲ့နေရာမှာ မီဒီယာကမ်ပိုင် (media campaign) တွေပါတယ်။ ကျနော်တို့ တဦးချင်းဟောပြောပွဲတို့၊ နောက် မြို့နယ်အဆင့် စာပေဟောပြောပွဲကအစ (၄၃၆)နဲ့ ပတ်သက်ပြီး အများပြည်သူနားလည်းအောင် ကြိုးစားနေပါတယ်။ ဆိုလိုချင်တဲ့သဘောက (၄၃၆) ကို လိုက်ပြင်ရတာမဟုတ်ဘဲနဲ့ သူတို့က ဒါကိုပြင်သင်ပါလားဆိုတာကို နားလည်းပြီးတော့ တကယ်လက်ခံပြီးတော့ ပြင်ရတဲ့အခြေအနေမျိုးကို ကျနော်တို့ လိုချင်ခဲ့တယ်။ ကျနော်တို့ ကြိုးစားနေခဲ့တယ်။ လွန်ခဲ့တဲ့ (၃) လလောက်ကတည်းကလို့ ပြောရမှာပေါ့။ အခုကတော့ ဒါက ဒီထက်ပိုပြီး အရှိန်မြင့်လိုက်တဲ့သဘော၊ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင် ရှေ့ကိုဆက်သွားတော့မယ် သဘောပေါ့။ အဲဒီတော့ ပြည်သူလူထုကနေပြီး ဒီပုဒ်မ (၄၃၆) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ ဟောပြောမှုတွေရှိမယ်။ နောက်ထပ် ဒီလို ဟောပြောမှုတွေလည်း ရှိလာနိုင်တယ်။ အဲဒီကနေ သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိလာနိုင်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ (၄၃၆) ဆိုတဲ့ အသုံးနဲ့ ပတ်သက်လို့ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ အပိုင်း (၁၂) ထဲမှာပါတဲ့ ဥပဒေတခုကို ဆိုလိုတယ်လို့ ကျနော် သိပါတယ်။ သဘောကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပြဌာန်းချက်ကို ပြင်ဆင်ဖို့ဆိုတဲ့အချက်ပေါ့။ ဒါပေမဲ့လဲ အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီဖက်မှာ ၈၈ ပွင့်လင်းအဖွဲ့အစည်း၊ ဗမာပြည်မှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကပါ မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရေးနဲ့ ပတ်သက်ပြီးပြောတဲ့နေရာတွေမှာ ဥပမာအားဖြင့် ပြည်သူ့လွှတ်တော်ထဲမှာ တပ်မတော်ကနေ ကိုယ်စားလှယ်တွေ အချိုးအကျပါနေတဲ့ကိစ္စတွေ၊ နောက်ပြီးတော့ (၅၉) (စ) လို မိသားစုထဲမှာ နိုင်ငံခြားသားဝင်ဖြစ်နေတဲ့ လူတွေကို နိုင်ငံအကြီးအကဲမဖြစ်စေရဆိုတဲ့ သတ်မှတ်ချက်မျိုးတွေ။ အဲဒါမျိုးတွေကိုပြင်ဖို့လောက်ကိုပဲ အာရုံထားနေတာကနေ ဒီဥပဒေတွေကို ပြင်ဆင်ဖို့ဆိုပြီး စည်းကမ်းသတ်မှတ်ထားတဲ့ ဥပဒေပြင်ဆင်ရေး စည်းကမ်းကြီးကို ပြင်ဆင်ဖို့အကြောင်းကြတော့ ဘာကြောင့်မို့ အခုနောက်ပိုင်းမှ အရေးတကြီး ဖြစ်လာရတာလဲ။

ဦးဂျင်မီ ။ ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အတည်ပြုပြီးကတည်းက စတင်လေ့လာခဲ့ပြီးပြီ။ အဲဒီတော့ တကယ်လို့ ပြင်ဆင်ရေးဆိုရင် (၄၃၆) မှ စတင်မှရမယ်ဆိုတာကို ကျနော်တို့ ထောင်ထဲမှာထဲက စိတ်ကူးခဲ့ကြတာ။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ပြင်ဆင်တဲ့အချိန်မှာ ဘယ်ဟာပြင်သင့်သလဲဆိုတဲ့ အချက်အလက်တွေပေးပါဆိုပြီး ကော်မတီဖွဲ့ပြီး တောင်းတဲ့အချိန်မှာ ကျနော်တို့က ထူးထူးခြားခြား ဘယ်ဟာကိုပြင်ပါ၊ ဘယ်ပုဒ်မကိုပြင်ပါ။ ပုဒ်မတခုတည်းကို ပတ်ပြီးပြောခဲ့တာ မရှိဘူး။ ကျနော်တို့က အရင်ကတည်းက (၄၃၆) ပြင်ဖို့ အဓိကအချက်အဖြစ် ထောက်ပြခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့ အများပြည်သူကြားမှာ ဖြစ်ပေါ်နေတဲ့ ပုဒ်မတွေပေါ့။ ကျနော် ပြောချင်တာက ဒီအခန်း (၁၂) မှာ (၄၃၆) က ဘာကြောင့် ပြင်သင့်သလဲဆိုတာ - ကမ္ဘာပေါ်မှာ အကြမ်းမျဉ်းခွဲလို့ရှိရင် နှစ်မျိုးရှိတယ်။ ပြုပြင်ပြောင်းလဲရလွယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြုပြင်ပြောင်းလဲရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နှစ်မျိုးရှိတယ်။ အဲဒီတော့ ဗမာပြည်မှာက ဘာဖြစ်လဲဆိုတော့ သမိုင်းတလျှောက်လုံးမှာ ပြုပြင်ပြောင်းလဲရခက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကြုံကြတယ်။ ဆိုကြပါစို့ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ။ အခုနောက်ရေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ။ အဲဒီတော့ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာနဲ့ပြင်ရသလဲဆိုတော့ နောင်လာနောင်သားတွေ ပြင်ချင်တဲ့အခါကြတော့ ကြွေးကြော်သံတွေနဲ့ ပြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူက အလွယ်တကူ ပြင်ဖို့မပေးထားဘူး။ အခုလဲ လာပြန်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ။ လွှတ်တော်ထဲမှာ ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ် ၇၅% ရှိတယ်။ သူတို့နဲ့လဲ မပြီးဘူးဗျ။ တပ်မတော်က ခန့်ထားတဲ့ တဦးတယောက်က သဘောမတူဘူးဆိုရင် အဲဒါ ဘယ်တော့မှ ပြင်လို့မရဘူး။ အဲဒီတော့ ကျနော်တို့က ဒါကိုက ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်သေးဘူး။ နောက်တချက်က ဘာလဲဆိုတော့ ပြည်သူ့ဆန္ဒ၊ လွှတ်တော်အသံ ပြည်သူ့အသံလို့ ပြောနေတယ်။ တကယ်တမ်း ပြည်သူက အဲဒီ ၇၅% ကနေ ပြင်ပါမယ်လို့ ပြောတဲ့ဟာတွေကို ဘာတခုမှ လုပ်လို့မရဘူး။ အဲဒီတော့ ကျန်တဲ့ ပုဒ်မတွေ ဘာကိုပဲပြင်ပြင် အဲဒီ (၄၃၆) မူအရပဲ ပြင်ရမယ်။ ပုဒ်မ (၄၃၆) က တပ်မတော် သဘောတူမှပြင်၊ တပ်မတော် သဘောတူမှပြင်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဖြစ်နေတော့ ဘာဖြစ်နေလဲဆိုတော့ အဲဒီမှာ ရင်ဆိုင်ရတာ တစ်အချက် လူထုက ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကလည်း မှေးမှိန်နေတယ်။ အဲဒီတော့ သေချာတာတခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာဟာ ဘယ်သူရှိမှာ ရှိရမလဲဆိုရင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေရဲ့ လက်ထဲမှာပဲ ရှိရမယ်။ အဲဒါကို ဝိုင်းပြီးစောင့်ရှောက်ရမယ့်တာဝန်သည် ပြည်သူရဲ့တာဝန်၊ တပ်မတော်ရဲ့ တာဝန်ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ်အားဖြင့်တော့ ပြည်သူတွေကို ဒီဥပဒေပုဒ်မ (၄၃၆) ကို ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိနိုင်ဖို့ ဟောပြောပွဲတွေ လုပ်နေပြီ။ နောက်ပြီးတော့ ကျနော်တို့ ကြားနေရတဲ့အချက်က လူထုရဲ့ ဆန္ဒသဘောထား ကောက်ယူမှုတွေ၊ လက်မှတ်တွေ စုဆောင်းမှုတွေလုပ်မယ်လို့လည်း ကြားရပါတယ်။ အဲဒီတော့ ဒီလို လူထုရဲ့ သဘောထားလက်မှတ်တွေ ရယူပြီးလို့ရှိရင် ဘာဆက်လုပ်မလဲ။ ဒါကို လွှတ်တော်ကိုပဲ ပြန်ပြီးတင်ပြမလား။ လူထုက ပိုပြီး သဘောပေါက်လာပြီးတဲ့အခါကြတော့ ပြင်ဖို့တခဲနက် သဘောတူညီကြတယ် ဆိုပါစို့။ ဘာဆက်လုပ်မလဲဆိုတာကို တချက်လောက် ပြောပြပါလား။

ဦးဂျင်မီ ။ ။ အဲဒါက သက်ဆိုင်ရာတွေရဲ့ အခန်းကဏ္ဍ အရေးကြီးလာပြီပေါ့။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ပြည်သူ့အသံကို လွှတ်တော်မှာ တင်ပြဖို့ လိုလာတယ်။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီပုဒ်မ (၄၃၆) ဟာ ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီညွှတ်လို့ ပြင်ဆင်ရပါမယ်လို့ အဲဒီလို ပြောဆိုလာပြီဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေကို မေတ္တာရပ်ခံဖို့ လိုလာပြီပေါ့။ ပြည်သူတွေရဲ့ ဆန္ဒကတော့ ဒီလိုရှိနေပါပြီ။ ဒီကိစ္စကို တပ်မတော်သားများကလည်း ကူညီပေးပါ။ ပြုပြင်ပြောင်းလဲရေးအတွက် အကူအညီပေးပါဆိုတဲ့ကိစ္စကို ပြောရတော့မှပေါ့။ နောက်ပြီးတော့ သေချာတာတခုကတော့ အဲဒါကို မပြင်နိုင်ဘူးဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် ဘယ်လိုမှ မတိုးတက်နိုင်ပါဘူး။ အဖက်ဖက်က မျှော်လင့်နေကြတဲ့ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ စီးပွားရေးတိုးတက်မှုတို့ စသဖြင့် အဲဒါတွေဟာ တခုမှမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကို တပ်မတော်သားကိုယ်စားလှယ်များ ရှင်းပြရတော့မှာပါ။ အဲဒီတော့ ဒီနေရာမှာ ပြောစရာတော့တခုရှိတယ်။ သူတို့က လက်မခံဘူးဆိုရင် ဘာဖြစ်မလဲဆိုရင် ကျနော်တို့ ဆက်ပြီးကြိုးစားကြရအုံးမှာပေါ့။ တိုင်းပြည်ကလည်း ဒီထက်ဒုက္ခရောက်ကြရအုံးမှာပေါ့။ ဒါကို ပြည်သူလူထုကလည်း ရင်ဆိုင်ကြရအုံးမှာပေါ့။ နောင့်နောင်ဖြစ်လာမယ့် ကိစ္စရပ်တွေက ကျနော်တို့ တာဝန်မဟုတ်တော့ဘူးပေါ့။ အဲဒီတော့ ဒီမှာ ၄၃၆ ဟာ ပြင်ရမယ်ဆိုတဲ့ကိစ္စကို ပြည်သူလူထုရဲ့ သဘောတူညီချက်၊ ပြည်သူလူထုရဲ့ဆန္ဒ ရှိနေပြီဆိုရင် ပြည်သူ့ကိုယ်စားလှယ်များနဲ့ တပ်မတော်သားကိုယ်စားလှယ်များဟာ ပြည်သူရဲ့ဆန္ဒညီညီ လိုက်လုပ်ပေးဖို့ပဲ ကျနော်တို့က တိုက်တွန်းကြရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ အရေးကြီးဆုံး နောက်တချက်မေးချင်တာက ဒီပုဒ်မ (၄၃၆) ကို ပြင်မယ်ဆိုတဲ့နေရာမှာ ပုဒ်မ (၄၃၆) ရဲ့ သဘောသဘာဝက အထဲထဲမှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတဲ့ အရေးကြီးတဲ့ဥပဒေတွေကို ပြင်မယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅% ကျော်က ထောက်ခံရမယ်။ အဲဒါပြီးမှ ပြည်သူလူထုရဲ့ ဆန္ဒခံယူပွဲလုပ်ပြီးတော့ ဒီဆန္ဒခံယူပွဲရဲ့ အများစုရဲ့ မဲနဲ့ဆုံးဖြတ်ရမယ်ဆိုပြီး အဆင့်ဆင့်လုပ်ထားတာတွေရှိတယ်။ အဲဒီတော့ ဒီအချက်တွေကို ပြင်မယ်ဆိုရင် အစောကပြောခဲ့တဲ့ ၇၅% ဆိုတာကို ဘယ်လိုပြင်ချင်တာလဲ။

ဦးဂျင်မီ ။ ။ ပြင်ဖို့ရာ စဉ်းစားချက်တွေတော့ ရှိပါတယ်။ ပြင်ဖို့စဉ်းစားချက်တွေ ရှိတယ်ဆိုတာက ကျနော်တို့ ဒါလဲ ဆွေးနွေးညှိနှိုင်းဖို့တော့ လိုတာပေါ့။ အဲဒီလိုဆိုရင် ကျနော်တို့က နိုင်ငံတကာ ထုံးတမ်းစဉ်လာနဲ့အညီ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့ကဏ္ဍက အရေးကြီးတာပေါ့။ အဲဒီတော့ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့ သဘောတူညီချက်နဲ့ ဥပမာဆိုကြပါစို့ နိုင်ငံတကာလွှတ်တော်တွေမှာလည်း ရှိပါတယ်။ ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်များရဲ့ သုံးပုံတပုံနဲ့အညီ သဘောတူညီချက်ရခဲ့ပြီဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ကြတာပေါ့။ ဒါမျိုးတွေလည်း ရှိပါတယ်။ အဲဒီတော့ နည်းလမ်းတွေကတော့ အများကြီး ရှိတာပေါ့။ ဗမာပြည်နဲ့ -နည်းလမ်းတခုကိုတော့ ကျနော်တို့ ရွေးချယ်ပြီး တင်ကြရမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကိုဂျင်မီရဲ့ သဘောအရဆိုလို့ရှိရင် ပြင်ဆင်ဖို့လွယ်တဲ့ ပြင်သာပြုသာရှိတဲ့ ဥပဒေဆိုတာဟာ ဘယ်နှစ်ရာခိုင်နှုန်းလောက်ဆိုရင် သဘောတူညီချက်ရမှ ပြင်လို့ရမယ်ဆိုတဲ့ ဥပဒေမျိုးဟာ ပြင်ဖို့လွယ်တယ်ဆိုတဲ့ ဥပဒေလို့ သတ်မှတ်နိုင်မလဲ။

ဦးဂျင်မီ ။ ။ ကျနော်တို့က simple majority လိုဟာမျိုး ၅၀ အထက်ဆိုရင် ပြင်ဆိုတယ်ဆိုရင် သိပ်ပြီးတော့ လျော့ရဲလွန်းတာပေါ့။ အဲဒီတော့ သုံးပုံနှစ်ပုံကနေ ထောက်ခံတယ်ဆိုလို့ရှိရင် ပြုလို့ပြင်လို့ရတဲ့ကိစ္စမျိုးဆိုရင်တော့ ရွေးချယ်တင်မြှောက်ခံကိုယ်စားလှယ်တွေကလည်း role တက်လာမှာပေါ့။ ဒါက ကျနော့်ရဲ့ ကိုယ်ပိုင်အမြင်ပါ။ နိုင်ငံတကာ စံနှုန်းစံညွှန်းတွေနဲ့ ကျနော် ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အခုဒီကိစ္စကြတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းနဲ့ ပူးပေါင်းပြီးလုပ်နေတဲ့ကိစ္စဆိုတော့ စောစောက ကိုဂျင်မီပြောတဲ့သဘော အတိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ဖက်က သဘောတူထားတာရှိလား။ သူတို့ဖက်က ဘယ်လိုရာခိုင်နှုန်းမျိုး စဉ်းစားထားတာရှိတယ်လို့ ကြားသိရလဲ။

ဦးဂျင်မီ ။ ။ အဲဒါကတော့ ဒီလိုရှိတယ် ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အမြဲတမ်း အားဖြည့်ဝိုင်းရံပေးကြတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင်ဖြစ်တယ်။ ပြီးတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာကလဲ မြန်မာနိုင်ငံမှာ အကြီးဆုံးပါတီဖြစ်တယ်။ ကျန်တဲ့အပိုင်းကတော့ ဆွေးနွေးရမယ်၊ စကားပြောရမယ် ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ တိုက်ရိုက်သွားလေမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် အခု ဒီကိစ္စတွေက ကိုဂျင်မီတို့ လုပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေက လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအမှီ ဖြစ်လာနိုင်မယ်လို့ ယူဆရဲ့လား။

ဦးဂျင်မီ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သိထားတာကတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် (၆) လအလိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို လုပ်မယ်လို့ ကျနော်တို့ သိထားရတယ်။ ဒါကတော့ ကြားထားရတဲ့သတင်းပေါ့။ အဲဒီတော့ ပြောချင်တဲ့ အဓိပ္ပါယ်က ရွေးကောက်ပွဲမတိုင်ခင်က ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကတော့ ဖြစ်လာမှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လိုများ ဖြစ်မလာခဲ့ဘူးဆိုရင်ရော။

ဦးဂျင်မီ ။ ။ ဖြစ်လာရမှာပေါ့။ မဖြစ်လာဘူးဆိုရင်တော့ ဘာဖြစ်မလဲ မေးလို့ရှိရင် ပြည်တွင်း အကူအညီတွေလည်း ကျသွားမှာပေါ့။ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းပြည်ပ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေကတော့ ဆုတ်ယုတ်သွားမှာပေါ့။ ယုံကြည်မှုတွေ လျော့သွားမှာပေါ့။ အဲဒီလို ယုံကြည်မှုတွေ လျော့သွားရင် ဘာဖြစ်မလဲဆိုတော့ နိုင်ငံတကာဆက်ဆံရေး၊ ရင်းနှီးမြှုပ်နံှမှုတွေကအစ အကုန်လုံး နောက်ကိုဆုတ်သွားမှာပေါ့။ နောက်ကိုဆုတ်သွားရင် ဘာဖြစ်မလဲ ပြည်သူက ဒီထက်ပိုပြီး ဆင်းရဲမှာပေါ့။ ဒီထက်ပိုပြီး ဒုက္ခရောက်မှာပေါ့။ အဖြေကတော့ ဒါပဲ ထွက်လာမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လူထုဆက်ဆံရေးတာဝန်ခံ ဦးဂျင်မီကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြခဲ့တာပါ။
XS
SM
MD
LG