သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တစညရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး (ဒုတိယပိုင်း)


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အမွေးခံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးကို သဘောတူကြောင်း။ ဒီပုဒ်မပါ လူထုဆန္ဒခံယူပြီး ပြင်ဆင်ရမယ်ဆိုတဲ့အချက်ကိုလည်း လက်ခံကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီက ပြောဆိုပါတယ်။ ဒါပေမဲ့ ပုဒ်မ (၅၉ - စ) ပြင်ဆင်ရေးကိုတော့ ဘဝင်မကျကြောင်း။ လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြု PR စနစ်ကို ထောက်ခံကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဟန်ရွှေ က ပြောဆိုပါတယ်။ ရန်ကုန် ဗွီအိုအေရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း က ဦးဟန်ရွှေ ကို သီးသန့်တွေ့ဆုံ မေးမြန်းချက်အပိုင်း (၂) ကို တင်ပြပေးထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ၅၉ (စ) နဲ့ ပတ်သက်တဲ့ သဘောထားကြတော့ကော။

ဦးဟန်ရွှေ ။ ။ ၅၉ (စ) နဲ့ ပတ်သက်တဲ့ သဘောထားကလည်း ကျနော်တို့က အတိုပြောရရင်တော့ မပြင်ဖို့ ပြဌာန်းတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံ (၃) ချက် ရှိပါတယ်။ ပထမအချက်ကတော့ ကျနော်တို့နောက်ကြောင်းကို ပြန်ကြည့်ပါတယ်။ 47 Constitution, 74 Constitution … 47 Constitution မှာ သူ့ရဲ့ Strict of the Constitution, Strict of the Law ကို ကြည့်တဲ့အခါကြတော့ အဲဒီအချိန်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဖို့ မူချတဲ့ ပုဂ္ဂိုလ်တွေဟာ လွှတ်တော်ထဲမှာ နိုင်ငံခြားပရောဂပါတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်စေတဲ့ ဆန္ဒမရှိဘူး။ သူတို့ ပုဒ်မနဲ့ ပြဌာန်းထားတာ ရှိပါတယ်။ အဲဒီတော့ ဒါက လွှတ်တော်ကိုယ်စားလှယ်၊ နိုင်ငံအကြီးအကဲဖြစ်တဲ့ သမ္မတကြတော့ သူက သူတယောက်တည်းတင် မဟုတ်တော့ဘူး။ သူ့အသိုင်းအဝိုင်းပါ ပါလာပြီ။ မိဘ။ ဒီ မိဘနှစ်ပါးသည် နိုင်ငံသားဖြစ်ရမယ်။ နိုင်ငံခြားသြဇာသက်ရောက်မှု မရှိစေရဘူး။ ဒီလို ပါလာတယ်။ ဒါက နောက်ကြောင်းရာဇဝင်ကို ကျနော်တို့ ပြန်ကြည့်တဲ့အချက်ပါ။ ကျနော်တို့ပါတီက ကြည့်တာ။

ဒုတိယ သမ္မတရဲ့ လုပ်ငန်းတာဝန်ပါ။ အဲဒီတော့ ၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတသည် နိုင်ငံရဲ့အကြီးအကဲ သက်သက်ဖြစ်ပါတယ်။ Head of the State. အဲဒီတော့ တနည်းအားဖြင့်ပြောရရင် အဆောင်အယောင် သမ္မတပေါ့။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြတော့ ဒီလိုမဟုတ်တော့ဘူး။ ဘာဖြစ်လာလဲဆိုရင် သူသည် ပုဒ်မ (၁၆) ကြည့်ပါ။ ပုဒ်မ (၅၈) ကြည့်ပါ။ ဘာတွေ့လာလဲဆိုရင် ၂၀၀၈ မှာ သမ္မတသည် နိုင်ငံတော်ရဲ့ အကြီးအကဲလည်းဖြစ်တယ်။ ဒါ့အပြင် အုပ်ချုပ်ရေးအာဏာ Head of the Executive, Head of the Government, Head of the Administration လည်းဖြစ်တယ်။ ဒီ အာဏာပါ ပေးထားတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အချုပ်အခြာအာဏာမှာပါတဲ့ အုပ်ချုပ်မှုအာဏာဆိုတဲ့ ခက်မ (၁) ဖြာကိုပါ နိုင်ငံတော်အကြီးအကဲကို ပေးထားတယ်။ ဒါကြောင့်မို့ ဟိုဖွဲ့စည်းပုံအခြေခံတွေနဲ့ မတူဘူး။ ဥပမာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့အပြင်ကို အုပ်ချုပ်ရေးအာဏာကိုပါ ကိုင်ထားတဲ့အကြီးအကဲဖြစ်တယ်။ ဒါကြောင့်မို့ ပိုအရေးကြီးပါတယ်။ ဒါက ဒုတိယအချက်။

တတိယအချက်ကတော့ လက်တွေ့နိုင်ငံရေးဘဝ။ ကျနော်တို့နိုင်ငံမှာ ဖြစ်လာတာ ဖြတ်သန်းမှု့အရ နိုင်ငံတော်အကြီးအကဲ (သို့မဟုတ်) အခုနလို ဖြစ်လာရင် သူတင်မဟုတ်ဘူး၊ သူ့အသိုင်းအဝိုင်းကပင် ဒုက္ခပေးတာကို တွေ့ရပါတယ်။ ဖြတ်သန်းလာရတဲ့ဘဝ။ ဒါကြောင့်မို့လို့ ဒီလို သမ္မတအရည်အချင်းကို သတ်မှတ်လို့ရှိရင် သူ့တယောက်တည်းတင် မဟုတ်ဘူး။ သူ့အသိုင်းအဝိုင်းကိုပါ ကြည့်သင့်တယ်။ ကန့်သတ်သင့်တယ်ဆိုတဲ့ ဒီ Concept က ကျနော်တို့ ဖွဲစည်းပုံအခြေခံဥပဒေ အခြေခံမူတွေ ဆွေးနွေးစဉ်အခါတည်းက ကျနော်တို့ ပါတီက စဉ်းစားဆွေးနွေးကြတဲ့အချက်ပါ။ အဲဒီမှာ ကျနော်တို့က ဘယ်ပုဂ္ဂိုလ်၊ ဘယ်သူဘယ်ဝါဆိုတဲ့ ဒီဟာ မရှိပါဘူး။ Subjective မဖြစ်ပါဘူး။ မူအနေနဲ့ပဲ ကျနော်တို့ စဉ်းစားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီအနေနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ အမွေကိုဆက်ခံတဲ့သဘော ဖြစ်နေတာပေါ့။

ဦးဟန်ရွှေ ။ ။ ဟုတ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြင်မကြည်လင်ကြတဲ့ လူတွေလည်း အများကြီးရှိကြပါတယ်။ အများစုက မကြည်လင်ကြဘူးပေါ့။ အဲဒီတော့ ဒီ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဆိုးမွေကို ခံယူထားရတယ်လို့ ယူဆပါသလား။

ဦးဟန်ရွှေ ။ ။ အမွေခံတယ်ဆိုကတည်းက ကောင်းမွေလည်း ရှိပါတယ်။ ဆိုးမွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အမွေခံပါတီဖြစ်တယ်ဆိုတာ ရဲရဲဝံ့ဝံ့ ကြေညာထားပါတယ်။ တိုးတိုးတိတ်တိတ် မဟုတ်ပါဘူး။ အဲဒီတော့ အမွေခံဆိုတဲ့နေရာမှာ နိုင်ငံရေးအရ အမွေခံရပါတယ်။ နိုင်ငံရေးအရ လမ်းစဉ်ပါတီအနေနဲ့ ကောင်းတဲ့နိုင်ငံရေး ရှိသလို၊ ပြည်သူတွေ မနှစ်သက်တဲ့ နိုင်ငံရေးလည်းရှိခဲ့တဲ့အတွက် ဒီကောင်းတဲ့အမွေ၊ ဆိုးတယ်အမွေကို ကျနော်တို့ဆက်ပြီးတော့ ခံပါမယ်ဆိုတဲ့ သံဓိဋ္ဌာန်ချပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီကိုဆက်ပြီး ထူထောင်တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ပါတီရဲ့ အင်အားက ဘယ်လောက်လောက် ရှိပါသလဲရှင့်။

ဦးဟန်ရွှေ ။ ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ကျနော်တို့ ပါတီက (၇) သိန်း (၅) သောင်းကျော် ရှိပါတယ်။ ရွေးကောက်ပွဲပြီးသွားတဲ့အခါကြတော့ ပါတီအင်အား ပြန်စီစစ်တဲ့အခါမှာ အခု ပြီးခဲ့တဲ့ ၂၀၁၄ ဇန်နဝါရီလအထိ စီစစ်ချက်အရဆိုရင် (၄) သိန်းနဲ့ (၄) သောင်းကျော် ရှိပါတယ်။ အဲဒီတော့ ဒီမှာ ဘာချို့ယွင်းချက် ရှိသလဲဆိုရင် ကျနော်တို့ ကချင်ပြည်နယ်မှာ အခြေအနေက စီစစ်လို့မရပါဘူး။ နောက်တခုက ရခိုင်ပြည်နယ်မှာ အထူးသဖြင့် မြောက်ပိုင်းမြို့နယ်တွေ ကျနော်တို့ စီစစ်လို့ မရပါဘူး။ နောက်တခါ ရှမ်းပြည်၊ ကရင်ပြည်နယ် အဲဒီနေရာတွေဟာ ကျနော်တို့ စီစစ်လို့ မရတဲ့အတွက် အဲဒီရဲ့ ကိန်းဂဏန်းအတိအကျကို မရပါဘူး။ ဒါကြောင့်မို့ လောလောဆယ် ပြောမယ်ဆိုရင်တော့ ကျနော်တို့ဟာ မြို့နယ်ပေါင်း (၃၀၄) မြို့နယ် ဖွဲ့စည်းထားနိုင်ပါတယ်။ နောက် ပါတီဝင်အင်အားအနေနဲ့ (၄) သိန်း (၄) သောင်းကျော် လောလောဆယ်စာရင်းအရ ရှိပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ရန်ပုံငွေတွေ ဘာတွေနဲ့ ပတ်သက်လို့ အင်အားတောင့်တင်းမှု ရှိပါရဲ့လား။

ဦးဟန်ရွှေ ။ ။ ရန်ပုံငွေကတော့ တခြားပါတီတွေ ရင်ဆိုင်နေရသလိုပဲ ကျနော်တို့ပါတီလည်း ရင်ဆိုင်ရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီနေရာမှာလည်း ကျနော်က တစ်ခု ပြောချင်တယ်။ ကျနော်တို့ ပြောနေကြတာ တချို့ကလည်း ဂျာနယ်တွေ ဘာတွေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကြံ့ခိုင်ရေးနဲ့ တွဲပြီးတော့ အစိုးရငွေတွေနဲ့ ရပ်တည်နေတယ်။ ဒါလေးနည်းနည်းတော့ ကျနော်က ဒေါ်ခင်စိုးဝင်း မေးလို့ ရှင်းပြချင်ပါတယ်။ လမ်းစဉ်ပါတီကာလမှာ ပါတီဝင်အင်အား (၃) သန်းကျော် ရှိပါတယ်။ ဟိုတုန်းက ပါတီလစဉ်ကြေးဟာ တစ်လတစ်ခါ ပေးရပါတယ်။ တစ်မတ် (၂၅ ပြား) ကနေ ငါးဆယ် (၅၀) အထိ ပေးရတာ ရှိပါတယ်။ အဲဒီတော့က ကျနော်တို့ အကြမ်းမျဉ်း ဆိုလို့ရှိရင် ပျှမ်မျှ ပါတီဝင်တစ်ယောက်ကို ငါးမူး (၅၀) ပေးလို့ရှိရင် လမ်းစဉ်ပါတီ (၁) လကို တစ်သန်းခွဲ ပါတီရန်ပုံငွေရှိပါတယ်။ ဒါက အကြမ်းမျဉ်း ကျနော် ပြောတာပါ။ အဲဒီကမှ မလောက်ရင် နိုင်ငံတော်အစိုးရကို အဲဒီကနေ လမ်းစဉ်ပါတီကို ထောက်ပံ့ကြေးပေးတဲ့ ပေးဖို့ဆိုပြီး ဖြစ်လာတာ။ ဖြစ်လာတဲ့အခါမှာ ဥပဒေပြဌာန်းပြီးတော့ လုပ်ရတယ်။ လွှတ်တော်ကို တင်ပြီးတော့မှ ဘယ်လောက်ဆိုတာ နိုင်ငံတော်က ဘတ်ဂျက်ထဲထည့်ပြီးတော့မှ ပေးရတယ်။ တနည်းအားဖြင့်ပြောရရင် တိတ်တိတ်လေးပေးလို့ မရဘူး။ ဒါက လုပ်ခဲ့တဲ့ဟာပါ။ အဲဒီတော့ ကျနော်တို့ပါတီအနေနဲ့က တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ ဖွဲ့စည်းပြီဆိုတဲ့အခါကြတော့ ဒီဟာတွေ ရှိလာတယ်။ ရှိတဲ့အခါမှာ ကျနော်တို့က ရှေ့နေချုပ်စာရေးပြီးတော့ ကျနော်တို့မှာ ဟော့ဒီလို အခြေအနေတွေရှိတယ်။ ဒါကြောင့်မို့လို့ ဥပဒေအရ ကင်းလွတ်တဲ့ နိုင်ငံရေးပါတီတရပ်ရဲ့ fund ထူထောင်ဖို့ ရှိပါတယ်။ အဲဒါကြောင့်မို့ အခုနက ဆုံးဖြတ်ပေးပါ။ အဲဒီမှာ ကျနော်တို့ သံသယရှိတဲ့ ငွေ (၄) ကုဋေကျော် နိုင်ငံတော်ကို ပြန်အပ်ခဲ့တယ်။ ဒါ့အပြင် ပစ္စည်းပစ္စယ ရုံးဘာညာ၊ ကားတွေ အကုန်လုံး သံသယရှိတဲ့ဟာတွေကို ပြန်အပ်ပြီးမှ ကျနော်တို့ပါတီအနေနဲ့ သန့်သန့်ရှင်းရှင်း ရန်ပုံငွေ ရပ်တည်နေတယ်ဆိုတဲ့တချက်ကို ပြောချင်ပါတယ်။

ဒါ့အပြင် ဒီကနေ့လည်းပဲ ကျနော်တို့ပါတီရဲ့ နှစ်စဉ် audit fund တစ်ခုကို ငှားပြီးတော့ အမြဲတမ်း auditable account ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ဟာကို ပဏမ ရှင်းချင်ပါတယ်။ အဲဒီတော့က အခြား အခုမှ ဖွဲ့တဲ့ ပါတီတွေနဲ့စာလို့ရှိရင်တော့ ကျနော်တို့ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ ဟိုတုန်းက … နောက်တချက် ကျန်သွားတာရှိတယ်။ ဘာလဲဆိုတော့ ကျနော်တို့ ဟိုတုန်းက လမ်းစဉ်ပါတီ publications တွေရှိတယ်။ ထုတ်ဝေတဲ့စာအုပ်တွေ။ ဒါလဲ ကျနော်တို့ ရပါတယ်။ နိုင်ငံတကာဆိုရင် ထွက်ရင် တန်းစီးပြီးတော့တောင် ဝယ်ရတဲ့ အခြေအနေတွေရှိတယ်။ နောက်ကောင်းတာက လုံးချင်း။ ဒါတွေကရတဲ့ အမြတ်တွေလည်းရှိတယ်။ ဆိုတော့ အဲဒါတွေ ဆက်အမွေခံပြီးတော့ လုပ်လာတဲ့အခါမှာ ဒီကနေ့အထိတော့ ရန်ပုံငွေ အနေနဲ့က - ပါတီကြီး (၃) ခုနဲ့ ယှဉ်ကြည့်ရင်တော့ ကျနော်တို့ ပါတီက အဆင်းရဲဆုံးပါတီပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ မဟာမိတ်အဖြစ်နဲ့ လက်တွဲဖို့ ရှိပါသလား။

ဦးဟန်ရွှေ ။ ။ ကျနော်တို့ အဲဒီဟာကတော့ အခုအထိတော့ အစီအစဉ် မရှိသေးပါဘူး။ သို့သော် ကျနော်တို့ပါတီရဲ့ လမ်းစဉ်အနေနဲ့ နိုင်ငံရေးလမ်းစဉ်အနေနဲ့ နိုင်ငံရေးပါတီတွေအပေါ်ထားတဲ့ သဘောထားအနေနဲ့ကတော့ ကျနော်တို့က ဘယ်ပါတီပဲဖြစ်ဖြစ် ပြိုင်ဖက်ပါတီတွေပဲ။ ပြိုင်ဖက်ဆိုတာက ပြည်သူတွေကို ဘယ်သူက ပိုအကျိုးပြုနိုင်မလဲ။ ပြည်သူတွေအပေါ် ဘယ်သူက စေတနာ ထားနိုင်မလဲ ဆိုတဲ့ အဲဒီလို ပြိုင်တဲ့ ပြိုင်ဖက်။ ရန်ဖက်မဟုတ်ဘူး ပြိုင်ဖက်ပါတီလို့ ဒီလို သဘောထားပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ တူတဲ့ကိစ္စရပ်တွေ ကျနော်တို့ လက်တွဲလုပ်ပြီး၊ မတူတဲ့ကိစ္စရပ်တွေ ကိုယ့်ပါတီနဲ့ကိုယ်လုပ်ပေါ့။ ဥပမာ ကျနော်တို့ (၄၃၆) ဆိုရင် NLD ကလည်း ပြင်ဖို့လုပ်တယ်။ သူ particular မပြောဘူး။ ဘယ်ဟာ ပြင်မလဲ။ ၄၃၆ မှာရှိတယ် Referendum တွေမှာ ၇၅% ကျော်ပါတယ်။ ဘယ်ဟာကို သူပြင်မလဲ ၄၃၆ က။ ကျနော်တို့ကတော့ ၇၅% ကို ကျော်ပြင်မယ်။ Referendum က ဒါကို အတည်ပြုပြီး လုပ်လာလို့ရှိရင် ပြန်ပြီးတော့ ပြင်ရင်လည်း Referendum နဲ့လုပ်မယ်။ ဒီအချက် ဒီအချက်ပြောတာ။ သူကတော့ အဲဒီလို မပြောသေးဘူး။ ဒါက တူတယ်။ တူတော့ ၄၃၆ ပြင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းမဟုတ်ဘူး။ အဲဒီ သဘောပေါ့။ အဲဒီတော့ အခုန ၅၉ (စ) ပတ်သက်လို့ ကျနော်တို့ရဲ့ သဘောထား ဒေါ်ခင်စိုးဝင်းကို ရှင်းပြသလို၊ ဒီရပ်တည်ချက်ပေါ်မှာ ကျနော်တို့ရပ်ထားတယ်။ ဆိုတော့ သူက ၅၉ (စ) ပါ ပြင်ဖို့တော့ မတူဘူးပေါ့။ ဒါကြတော့လဲ ကိုယ့်ပါတီနဲ့ကိုယ်။ ဒီလို ရပ်တည်ချက်မျိုးနဲ့ ကျနော်တို့ သွားနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ ဒီလို အချိန်ပေးပြီးတော့ စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက်ကို။

XS
SM
MD
LG