သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးတာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း
HIV/AIDS ရောဂါများအပြင် တခြားကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးရဲ့ တာဝန်ဖြစ်တယ်လို့ HIV/AIDS ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်မှု ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မဖြူဖြူသင်း က ပြောဆိုလိုက်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီးတော့ HIV/AIDS ဝေဒနာရှင်တွေအတွက် နေစရာနဲ့ ဆေးဝါးကုသမှုတွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းတို့ရဲ့ ဂေဟာ (၃) ခုမှာ အခုဆိုရင် ဝေဒနာရှင် (၃၀၀) လောက်ကို စောင့်ရှောက်ပေးနေပါတယ်။ အဲဒီလို ပြုစုစောင့်ရှောက်တဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေ၊ တခါ လွှတ်တော်အမတ် (၁) ယောက်ရဲ့ တာဝန်ကြားက ဝေဒနာရှင်တွေအတွက် ဘယ်လိုအချိန်ပေးပြီးတော့ ကူညီနေရပါသလဲ။ ဝေဒနာရှင်တွေအတွက် ရေရှည်ဘယ်လို အစီအစဉ်တွေထားရှိသလဲဆိုတာကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က မဖြူဖြူသင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီဆေးခန်းတည်ရှိတဲ့ နေရာလေးနဲ့ ဘယ်လို၊ ဘာကြောင့် တည်ရှိနေရသလဲဆိုတာကို အရင်ပြောပြပါ။

မဖြူဖြူသင်း ။ ။ ဒီဆေးခန်းလေးကတော့ သူတို့တတွေ ဒီမှာတည်ဖို့၊ ဆေးကုသဖို့ နေစရာလေး တနေရာပေါ့။ ၂၀၀၅ နဲ့ ၂၀၀၆ ကြားထဲမှာ စပြီးတော့ လုပ်ဖြစ်တယ်။ တိုင်းနဲ့ပြည်နယ်မှာရှိနေတယ့် လူတွေက ရန်ကုန်မှာ ဆေးလာကုတဲ့အခါ နေဖို့အတွက် အရမ်းကို အခက်အခဲရှိတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဘယ်သူကမှ လက်မခံချင်ကြဘူး။ ဘုန်းကြီးကျောင်းတွေဆိုရင်လည်း အခက်အခဲရှိတယ်။ တစ်ရက်နှစ်ရက်ထက်ပိုပြီး တည်ခိုခွင့် မရဘူး။ နိုင်ငံရေးအခြေအနေကြောင့်လည်း ပါမှာပေါ့။ ကျမတို့တတွေ အိမ်တွေအများကြီးလည်း ငှားခဲ့တယ်။ ငှားခဲ့တဲ့နေရာမှာလည်း တနေရာပြီးတနေရာ ပြောင်းရွှေ့ရတယ်။ တချို့ကြတော့လည်း အာဏာပိုင်အဖွဲ့အစည်းတွေက အနောက်အယှက်ပေးလို့ ပြောင်းရတယ်။ တခါတလေကြတော့လည်း အိမ်ရှင်တွေကိုယ်တိုင်က ကြောက်ပြီးတော့ ပတ်ဝန်းကျင်တွေက ပြောင်းရွှေ့ခိုင်းလို့ ပြောင်းရွှေ့ခဲ့ရတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပြောင်းရတာ အိမ်ပေါင်း (၂၅) အိမ်လောက်ရှိတယ်။ နောက်ပိုင်းကြတော့ ဒီနေရာလေးက မိသားစုပိုင်အိမ်လည်း ဖြစ်နေတဲ့အခါကြတော့ ဒီမှာစပြီးထားတာပေါ့။ အဲဒါနဲ့စပြီးတော့ စထားဖြစ်ဖို့ ဖြစ်လာတာ။

ကိုဇော်ဝင်းလှိုင် ။ ။ အခုလောလောဆယ်ဆိုရင်ကော ဒီမှာလာနေတဲ့ လူနာတွေပဲ ဆိုကြပါစို့။ သူတို့က အရေအတွက် ဘယ်လောက်ရှိမယ် ထင်သလဲ။

မဖြူဖြူသင်း ။ ။ လောလောဆယ်တော့ (၃) နေရာရှိတယ်။ မြောက်ဒဂုံမှာ တစ်နေရာရှိတယ်။ ဒီမှာ တစ်နေရာရှိတယ်။ နောက် အရမ်းအခြေအနေ ဆိုးဝါးတယ်။ တချို့တလေကြတော့ ဒီကိုရောက်လာတဲ့အခါကြရင် ဒီကို မရောက်ခင်မှာ သူတို့ရဲ့ သက်ဆိုင်ရာနေရာတွေမှာ တော်တော်ကို အသဲအသန် ဖြစ်လာတဲ့လူနာတွေရှိတယ်။ အဲဒီအခါကြရင် ဆေးရုံတွေ ပို့ရတာရှိတယ်။ ဒါကတော့ အစိုးရဆေးရုံပေါ့။ မင်္ဂလာဒုံ အထူးကုဆေးရုံမှာတော့ အယောက် (၃၀) လောက်ရှိတယ်။ အားလုံးပေါင်းလိုက်ရင် အခုလောလောဆယ် အယောက် (၃၀၀) နီးပါးလောက်ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု မဖြူက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းမှာ အရွေးခံပြီးတော့ လွှတ်တော်အမတ် ဖြစ်သွားတယ်။ အရင်ကတော့ မဖြူကိုယ်တိုင် ဒီမှာလာပြီးတော့ အနီးကပ် အသေးစိတ်ကြီးကြပ်ကွပ်ကဲ နိုင်တာပေါ့။ ဟိုဖက်ကို ရောက်သွားတဲ့အခါကြတော့ ဒီဖက်မှာ နည်းနည်းလစ်ဟင်သလို ခံစားရသလား။ ဒီဖက်မှာ လုပ်နေတဲ့ လုပ်ငန်းတွေအပေါ်မှာ ဘယ်လိုရှိသလဲ။

မဖြူဖြူသင်း ။ ။ အဲဒါအတွက်တော့ ကျမတို့က အတွေ့အကြုံရှိခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ၂၀၀၇ တုန်းက ရှောင်လိုက်ရတယ်။ ဒါကလည်း လမ်းလျှောက်ပွဲတွေ ဘာတွေနဲ့ (၈) လလောက် ရှောင်လိုက်ရတယ်။ အဲဒီအချိန်မှာလည်း ကျမ ဒီလူနာတွေနဲ့ ပတ်သက်လို့ ရပ်မသွားခဲ့ဘူး။ အဲဒီတုန်းကဆိုရင် ဒီထက် အခြေအနေဆိုးတယ်။ လူနာတွေနဲ့ တွေ့ခွင့်မရဘူး။ နောက်ပြီးတော့ တည်ဖို့ခိုဖို့အတွက် အခက်အခဲရှိတဲ့ အချိန်မှာတောင် ကျမတို့ ဒီလုပ်ငန်းကို ဆက်ပြီးအလုပ်ဖြစ်အောင်လို့ ဖုန်းနဲ့ အလုပ်လုပ်ခဲ့ရတယ်။ အဲဒီအချိန်ကလည်း မပျက်ခဲ့ဘူး။ အခုအချိန်ကတော့ ကျမ နေပြည်တော်တော့ သွားနေရတာမှန်တယ်။ ဒါပေမဲ့ ရှောင်နေရတာလဲ မဟုတ်ဘူး။ တိမ်နေရတာလဲ မဟုတ်ဘူး။ စနေ၊ တနင်္ဂနွေဆိုရင် ကျမ ရန်ကုန်ကို ပြန်လာတယ်။ ပြန်လာပြီး လူနာကိစ္စတွေ၊ မြို့နယ်ကိစ္စတွေကိုတော့ ပုံမှန်ပြန်ပြီး အလုပ်လုပ်ဖြစ်တယ်။ နောက်ပြီးတော့ အခုနောက်ပိုင်း ဘယ်လိုဖြစ်လာသလဲဆိုတော့ ဒီမှာ ဝိုင်းဝန်ပြီး ကူညီစောင်ရွက်ပေးတဲ့လူ၊ လူနာတွေလည်းရှိတယ်။ volunteers တွေလည်းရှိတယ်။ သူ့ရဲ့အဖွဲ့ အဆင့်ဆင့် ဆရာဝန်၊ စာရင်းကိုင် အစရှိသဖြင့် ပုံစံလေးနဲ့ ဖြစ်လာတယ်အခါကြတော့ ကျမအနေနဲ့ ဒီကို မလာဘူးဆိုရင်လည်း ဆက်ပြီးတော့ နေ့ညတာဝန်ယူပေးတဲ့လူတွေ ရှိတယ်။ ကျမတို့က အဆက်အသွယ်လည်း ပျက်မသွားဘူးပေါ့။ ကံကောင်းတာက ကျမ နေပြည်တော်ကနေ ရန်ကုန်ကို အပတ်စဉ် ပြန်လာလို့ရပြီးတော့ ပြန်ပြီးတော့ ကြည့်ရှုလို့ ရတာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ လူနာတွေကိုကြတော့ကော ပုံမှန်လာကြည့်ပေးနေတဲ့ ဆရာဝန် ရှိသလား။ သဘောက သူ့ rotation နဲ့ပေါ့။

မဖြူဖြူသင်း ။ ။ ရှိပါတယ်။ ကျမတို့ ဒီမှာဆိုလို့ရှိရင် ဆရာဝန် (၁) ယောက်ရှိတယ်။ သူက (၃) ရက် လာထိုင်ပေးတယ်။ နောက်တချက်ကတော့ အပတ်စဉ်ဆိုလို့ရှိရင် specialist ဆရာဝန်။ အဲဒီ ဆရာဝန်က အနီးစပ်ဆုံး။ ဒီနေရာနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ထိုင်တယ်။ ဒီနေ့ဆိုရင် ဆေးခန်းပြရက်ပဲ။ သိပ်အရေးကြီးတဲ့ လူနာတွေဆိုရင် ကျမတို့ စုပြီးတော့ စနေနေ့တိုင်း specialist နဲ့ပြတယ်။ နောက် ဒီမှာ ဆရာဝန်တယောက်ကလည်း အမြဲတမ်းရှိတယ်။ နောက်တချက်က ဒီလူနာတွေ ART ရဖို့ဆိုလို့ရှိရင် NGO ဆေးခန်းတွေကို ဆက်သွယ်ပေးတယ်။ အဲဒီ NGO ဆေးခန်းမှာလည်း ဆရာဝန်တွေရှိတယ်ဆိုတော့ ပုံမှန်အားဖြင့်ဆိုလို့ရှိရင် (၃) (၄) ခုလောက် ချိတ်တွယ်ပြီး ဆောင်ရွက်လိုက်တဲ့အခါကြတော့ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ဒီမှာဆိုလို့ရှိရင်လည်း ဆရာဝန်မရှိတဲ့အချိန်မှာ ဆရာဝန်က ပြန်ပြီးတော့ train လုပ်ထားတဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ လူနာတွေကိုယ်တိုင်ကနေ နေ့ည (၂၄) နာရီ စောင့်ပြီးတော့ ကြည့်ပေးတာ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ အခု သွားလာရင် လူနာတွေ ကြည့်နေတာကို ကြည့်ရတာ မဖြူကိုယ်တိုင်က ကျွမ်းကျင်တဲ့ ဆရာဝန် (၁) ယောက်နီးပါး ဖြစ်နေပြီလေ။ စမ်းသပ်ကြည့်တယ်။ လူနာ အခြေအနေ ရောဂါလက္ခဏာတွေ လုပ်လာတဲ့သက်တမ်းအရပေါ့။ မဖြူ တော်တော်လေး နားလည်းနေပြီပေါ့။ လူနာတွေရဲ့ အခြေအနေကို။

မဖြူဖြူသင်း ။ ။ ပြောရရင်တော့ နှစ်ပေါင်းများစွာ ဒီလူနာတွေနဲ့ပဲ နေလာခဲ့တဲ့အခါကြတော့ ဥပမာ သူတို့ကို ကြည့်တာနဲ့ သိတာလေးတွေ ရှိတာပေါ့။ ဒါကတော့ ကျမတို့ လုပ်လာတဲ့ နှစ်တွေက ကြာလာတာပေါ့။ အစပိုင်းတော့ ကျမတို့ သိပ်နားမလည်းဘူး။ တဖြည်းဖြည်းနဲ့ ကျမတို့ specialist ဆရာဝန်တယောက်ဆိုရင် ကျမတို့ကို အားလုံးသင်ပေးထားတယ်။ ဓါတ်မှန်ကြည့်တာကစပြီး HIV နဲ့ ပတ်သက်ပြီး ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေအကုန်လုံး ကျမတို့ တော်တော်များများ ကုသနိုင်အောင်ဆိုပြီး ဆရာကိုယ်တိုင်က ပြန်ပြီးတော့ train လုပ်ထားတာရှိတယ်။ ကျမတို့က တဆင့်တဆင့် ပြန်ပြီးတော့ လုပ်ထားတာ။ အဲဒီအခါကြတော့ ကျမတို့ ဒီမှာ treatment ပေးတဲ့ဟာနဲ့ ဆိုလို့ရှိရင်လည်း ကျမတို့ကိုယ်တိုင်က ဒီအတိုင်းကြီး ပေးလိုက်တာ မဟုတ်ဘူး။ ဆရာဝန်တွေကို ချက်ချင်းအကြောင်းကြားပြီးတော့ ပေါင်းပြီးလုပ်တာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လူနာတယောက် ဖြစ်လာကတည်းက အစအဆုံး ART တိုက်တဲ့အထိတော့ တော်တော်လေးတော့ အားလုံး နားလည်းနေတာပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီမှာ မဖြူလုပ်လာတဲ့ သက်တမ်းတလျှောက် လူနာတွေနဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေ ဘယ်လိုမျိုး ကြုံခဲ့ရဖူးတာ ရှိသလဲ။ သဘောက အရေးပေါ် ဆေးရုံသွားရတာပဲဖြစ်ဖြစ်။ ရောက်လာတဲ့ အနေအထားတွေ။

မဖြူဖြူသင်း ။ ။ အဆိုးဆုံးအခြေအနေကတော့ အများကြီး ဖြတ်ကျော်လာခဲ့ရတာ။ ဘာကြောင့်လဲဆိုလို့ရှိရင် အခု ပြောရမယ်ဆိုရင်လည်း တလျှောက်လုံးလုံး စပြီးတော့ HIV ကိစ္စကို စပြီးလုပ်တဲ့အခါ ကျမတို့မှာ ပြောရရင် အဆိုးဆုံးအချိန်တွေကြီးပဲလို့ ပြောလို့ရတယ်။ ကျမတို့ စတွေ့ရတာ ပညာပေးအပိုင်းလုပ်မယ်။ ပညာပေးအပိုင်း လုပ်လို့ရသလားဆိုတော့လည်း လုပ်လို့မရခဲ့ဘူး။ အဲဒီအချိန်မှာ ကျမတို့ ဘာသွားတွေ့ရသလဲဆိုတော့ ၂၀၀၂ ခုနှစ်ကတည်းက ဆေးဝါးကုသမှုအပိုင်းကို သွားတွေ့ရတယ်။ လူနာတွေက အဲဒီအချိန်ကတည်းက ရောဂါဝေဒနာ ခံစားနေရတယ်။ အဲဒီအထဲက ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ စိုးရိမ်တာက ကျမတို့ သိနေတာက ပညာပေးအပိုင်း။ ဆေးကုသမှုပေးရမယ်ဆိုတော့ ကျမတို့ တော်တော်လေးကို စိုးရိမ်တယ်။ နောက် အဲဒီကနေတဆင့် လူနာတွေကို ဆေးကုသဖို့ ကြိုးစားပေးနေရင်ကနေ လူနာတွေ အများအပြား သေဆုံးသွားတာကိုလည်း ကျမတို့ ကြုံခဲ့ဘူးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက ကျမတို့ဆီမှာ ART ဆေးတွေဘာတွေ မရောက်သေးဘူး။ မရောက်သေးတဲ့အခါကြတော့ အဲဒီမှာလည်း လူနာတွေကို အားပေးတာလောက်ပဲ ဒီရောဂါနဲ့ ပတ်သက်ပြီး မကူးဘူး။ ဒီလို ရင်းရင်းနှီးနှီး သူတို့ကို ပြုစုလို့ရတယ်။ မိသားစုတွေ တချို့က မကိုင်ရဲမတွယ်ရဲဆိုတော့ ကျမတို့ သူတို့နဲ့ အတူတူ နေပေးတာမျိုး။ အဲဒီလို ပုံစံမျိုးပဲ ကျမတို့ counseling နှစ်သက်ဆွေးနွေးတာမျိုး၊ သူတို့နဲ့အတူတူ နေပေးတာမျိုး နေတဲ့အခါ အဲဒီလိုမျိုးပဲ လုပ်ပေးနိုင်တယ်။ အဲဒီအခြေအနေတုန်းက ပြောရမယ်ဆိုရင် ART ဆေးဝါးမရတဲ့အခါကြတော့ လူနာတွေ အတော်များများ သေဆုံးတာကတော့ တော်တော်လေးကို အခက်အခဲဆုံးလို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကြည့်နေရင်တန်းလန်းနဲ့ သေသွားတာမျိုး ရှိခဲ့ဖူးတယ်ပေါ့။

မဖြူဖြူသင်း ။ ။ အများကြီး ရှိပါတယ်။ အစပိုင်းကဆိုရင် တော်တော်များများ သေဆုံးနှုန်း များတယ်လို့ ပြောလို့ရပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ကူနေတဲ့ ဆေးဝါးတွေက ဘယ်သူတွေက ထောက်ပံ့သလဲ။ ဒါမှမဟုတ် တယောက်ချင်းဆီက ထောက်ပံ့တာကို စုပြီးတော့ ပြန်ပြီးတော့ လုပ်သလား။

မဖြူဖြူသင်း ။ ။ ကျမတို့ NGO တွေဆီကနေ တန်းစီးတဲ့စနစ်ပုံစံမျိုး ယူရတယ်။ ဒီကနေသွားပြီးတော့ NGO ဆေးခန်းတွေမှာ တန်းစီးတယ်။ ပြီးရင် သူတို့ ဆေးရတယ်ပေါ့။ ရလို့ရှိရင် တခါတလေ သူတို့ ဆေးစမ်းတယ်။ (၁၄) ရက် ဆေးစမ်းတယ်။ နှစ်ခါစမ်းတယ်။ ပြီးရင် (၁) လစာ ပေးတယ်။ နောက်ပြီး (၃) လစာ ပေးတယ်။ လူနာတွေကတော့ ချိန်တဲ့ရက် ရက်ပတ်မှန်အောင် လာလာပြီး ဆေးထုတ်ရတာပေါ့။ (၃) လတကြိမ်။ အဲဒီလိုပဲ ဆေးပေးနေရင်နဲ့ NGO ဆေးခန်းတွေမှာ သူတို့ ဘတ်ဂျက်တွေဘာတွေ မရှိလို့ ရပ်လိုက်တဲ့အခါလည်း ကျမတို့ကိုယ်တိုင် တိုက်ခဲ့ရတာတွေ ရှိပါတယ်။ အဲဒါတော့ ဒီနေ့ဒီအချိန်အထိ အယောက် (၅၀၀) လောက် တိုက်ခဲ့ပြီးပြီ။ နယ်တွေမှာပေါ့။ အဓိကတော့ နယ်ဖက်က လူနာတွေများတယ်။ နောက်ပိုင်းကြတော့ သူတို့ ပခုက္ကူဖက်က ဆေးပေးတာတို့၊ မိတ္ထီလာမှာ ဆေးပေးတာဆိုရင် အဲဒီအနားမှာ တိုက်တဲ့လူတွေကို အဲဒီလို ဆေးရုံတွေကို ကျမတို့ ပြန်လွှဲပေးလိုက်တယ်။ အခုဆိုရင် ကျမတို့ဆီမှာ (၁၀၀) ကျော်လောက်တော့ ဆေးတိုက်နေရတဲ့လူတွေ ရှိပါသေးတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဒီမှာ လူနာတွေကို နည်းနည်းကျန်းမာရေးကောင်းတဲ့ လူနာတွေကို အသက်မွေးဝမ်းကျောင်းသင်တန်းတွေ ပေးနေတယ်ဆိုတော့ အဲဒါ ဘယ်လိုမျိုးတွေလဲ။

မဖြူဖြူသင်း ။ ။ အဓိကတော့ ကျမတို့ဆီမှာ ဘယ်လိုမျိုးလဲဆိုတော့ ပထမပိုင်းကတော့ ဆေးကုသတာကိုပဲ အဓိကထားလုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ အဓိကလိုအပ်ချက် ရှိတာကလဲ သူတို့တွေ ကျန်းမာရေး ပြန်ကောင်းဖို့။ ဆေးဝါးမလုံလောက်တာနဲ့ ဆေးဝါးရရှိတာ ခက်တာနဲ့ ဆေးတွေကလည်း မလုံလောက်တဲ့အခါ ဒီဆေးတွေ ရရှိဖို့ကို ကြိုးစားခဲ့တယ်။ အခုနောက်ပိုင်းကြတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ ဆေးဝါးတွေက ရန်ကုန်မှာတော့ ရလာနိုင်တယ်။ နောက်ပြီးတော့ ကျန်းမာရေးကောင်းပြီးတော့ သူတို့ဒေသကို ပြန်သွားတဲ့အခါကြရင် တခါတလေ ပတ်ဝန်းကျင်က လက်မခံတာတွေရှိတယ်။ တခါတလေ မိသားစုက လက်မခံတဲ့အခါကြတော့ ဒီလူနာတွေက ဒီပဲပြန်လာကြတယ်။ နောက် အလုပ်အကိုင် အခွင့်အလမ်း။ မြန်မာပြည်မှာက ဒီနေ့ဒီအချိန်အထိ အလုပ်အကိုင် အခွင့်အလမ်း တော်တော်လေးကို နည်းပါးနေသေးတယ်။ နည်းပါးနေတယ်ဆိုတာက သာမန်ကျန်းမာတယ် သူတွေတောင် အလုပ်အကိုင်အတွက် အရမ်းခက်နေတော့ ဒီလို ရောဂါရှိတဲ့လူတွေအတွက်က အရမ်းကိုခက်ပါတယ်။ အဲဒါကြောင့် သူတို့က အလုပ်လုပ်ချင်ပေမယ့်လည်း သက်ဆိုင်ရာဒေသတွေက လက်မခံနိုင်တဲ့အခါကြတော့ ဒီကိုပဲ ပြန်လာကြတယ်။ အဲဒီအတွက် ရည်ရွယ်ပြီး အမျိုသမီးတွေအတွက်။ အခုတော့ အမျိုးသမီးတွေ ဖွံ့ဖြိုးမှုအတွက်ဆိုပြီး စက်ချုပ်သင်တန်းကျောင်းလေးကို လေးထောင့်ကန်ဖက်မှာ ဖွင့်ထားတာ ရှိပါတယ်။ အခုဆိုရင် ဒုတိယအကြိမ် အခု (၅) ရက်နေ့ဆိုရင် ဆင်းပါပြီ။ ဒုတိယအကြိမ်ပြီးရင်လည်း ပုံမှန်ဆက်ပြီးတော့ လုပ်သွားမှာပါ။ အဓိက ဘာကြောင့်လဲဆိုတော့ HIV Positive ဖြစ်နေတဲ့ အမျိုးသမီးတွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးတော့ အတတ်ပညာတခုရှိအောင်။ နောက် ဒီကနေ ဝင်ငွေရရှိအောင်လုပ်ဖို့ လိုသလို။ တခြားဒေသတွေမှာ ပြန်သိရတာတော့ အမျိုးသမီးတွေ နယ်စပ်ဖြတ်ကျော်ပြီးတော့ အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ။ (၁၃) နှစ် (၁၄) နှစ်လောက်ဆိုရင် ရောင်းစားခံရတာမျိုးတွေ။ နောက် ဒီနိုင်ငံမှာ အလုပ်မရှိတော့ သွားရတာတွေ ရှိပါတယ်။ အဲဒါကြောင့် အခု ကျမပြန်သိရတာကတော့ သူတို့တွေအတွက်လည်း တချို့ဒေသတွေက တောင်းဆိုတာတွေ ရှိပါတယ်။ ဥပမာ ပဲခူးတိုင်း အနောက်ခြမ်းဖက်၊ ဧရာဝတီတိုင်းဖက်တွေက အမျိုးသမီးတွေကိုလည်း ဒီလိုလုပ်ပေးပါဆိုလို့ HIV ရှိနေတဲ့လူတွေကို ဦးစားပေးမယ်။ နောက်ပြီးကြရင်တော့ သာမန်ကောင်းနေတယ့် လူတွေကိုလည်း အလှည့်ကျ ပြန်ပြီး အဆက်မပြတ် သင်တန်းဆက်ပေးသွားပါမယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု ဆိုင်ဘုတ်ချိတ်ထားတာ ဒီဆေးခန်း၊ ဆေးရုံကြီးကြီး ဆောက်ဖို့ အလှူခံနေတယ်ဆိုတာ။ အဲဒါ ဒီနေရာမှာ ဆောက်ဖို့လား။ ဘယ်လိုပုံစံ ဆောက်ဖို့လဲ။ အလှူခံနေတာ ဟုတ်လား။

မဖြူဖြူသင်း ။ ။ အဓိကတော့ နေရာကတော့ ကျမ မြောက်ဒဂုံမှာ တနေရာ ရှိပါတယ်။ အဲဒီမှာ လယ်ကွင်းတခုထဲမှာ တဲထိုးပြီးတော့ လူနာတွေ ထားရပါတယ်။ တခါတလေတော့ လူနာတွေက အရမ်းများတဲ့အခါ သမန်တလင်းပေါ်မှာလည်း အိပ်ရတဲ့အခါရှိတယ်။ နောက် အခုလည်း မြင်တဲ့အတိုင်းပဲ တယောက်ကို တနေရာ အိပ်ဖို့အတွက်ကို ကျမတို့ အတိအကျပဲ ပေးထားနိုင်တယ်။ ဖြစ်နိုင်ရင်တော့ နည်းနည်းအဆင်ပြေပြေလေးတော့ ထားချင်တယ်။ နောက်တခုက တနေရာထဲမှာပဲ အဆင်ပြေသွားစေချင်တယ်။ အဲဒီလို ပုံစံနဲ့ ကျမတို့ အရှေ့ဒဂုံမှာ မေတ္တာရှင်ဆရာတော်၊ ရွှေပြည်သာမေတ္တာရှင် ဆရာတော်က ဒီကိုကြွလာတယ်။ ကြွလာပြီးတော့ လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက သူ့မြေကွက် လေးကွက်ကို ကျမတို့ ယူသုံးပါဆိုပြီးတော့ သူလှူထားတာရှိတယ်။ ယူပါဆိုပြီး ပေးထားတာ ရှိပါတယ်။ အဲဒါနဲ့ ကျမက စပြီးတော့ အကောင်အထည်ဖော်မှာ။ ဒီ (၃) နေရာ (၂) နေရာမှာရှိတဲ့ လူတွေကို (၁) နေရာထဲမှာစုပြီးထားမယ်။ အဆင်ပြေလို့ရှိရင် အဲဒီမှာပဲ သင်တန်းပေးတာတွေ။ သူတို့အတွက် အခုဆိုရင် တနေရာဆီ သွားနေရတယ်။ ဟိုဖက်မှာ သင်တန်းတခု၊ ဒီဖက်မှာ တနေရာ။ နေရာတွေ အကုန်လုံး ခွဲနေရတော့ ကျမတို့ လူအများကြီးလည်း သုံးရတယ်။ တနေရာထဲမှာ စုထားခြင်းအားဖြင့် သူတို့အတွက် ပိုပြီးတော့ အဆင်ပြေနိုင်တယ်ပေါ့။ အဲဒါကြောင့်မို့ ကျမတို့အနေနဲ့ အဲဒီအဆောက်အဦးကို ဆောက်မယ်။ မိုးကုန်ရင်တော့ စပြီးတော့ အဆောက်အဦး ဆောက်ဖို့အတွက်ကို လုပ်နေပါပြီ။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ သူကတော့ ဆေးကုတာ၊ အသက်မွေးဝမ်းကျောင်းသင်တန်း၊ သူတို့ နေဖို့အတွက် one stop ပေါ့။ အကုန်လုံး အဲဒီလိုမျိုး ကြီးကြီးမားမား ဘယ်လောက်အထိ ကြီးကြီးမားမား ဆောက်ဖို့စီစဉ်ထားသလဲ။

မဖြူဖြူသင်း ။ ။ လောလောဆယ်တော့ ပေ ၁၂၀ x ပေ ၅၀ လေးထပ်လောက်တော့ ဖြစ်ဖို့များတယ်။ အခုလောလောဆယ် ရာထားတာတော့ သုံးထပ်ရာထားတယ်။ သုံးထပ်အဆောက်အဦး ရာထားတယ်။ မြေအောက်ခန်းတွေ လုပ်မယ်ဆိုတော့ အခုတော့ လေးထပ်အထိ ရာထားတယ်။ တနေရာထဲမှာပဲ သူတို့အတွက် အားလုံးအဆင်ပြေသွားအောင် ကြိုးစားနေတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ တခြား ဘာများဖြည့်စွက်ပြောချင်ပါသလဲ။

မဖြူဖြူသင်း ။ ။ အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက်တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူတဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့ အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက်ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။ ဥပမာအားဖြင့် လွှတ်တော်ပိုင်းကို ဘာတွေတင်ပြပေးနိုင်မလဲဆိုတာ ကိုယ်ကိုယ်တိုင် သိရမှာပေါ့။ အခုနောက်ပိုင်းတော့ ကျန်းမာရေးကိစ္စ၊ ပညာရေး၊ စီးပွားရေး အစရှိသဖြင့် အင်အားလေးတွေကတော့ ပေါ်ပေါက်လာပြီးပေါ့။ အခုဆိုရင် ဥပဒေပြုတဲ့နေရာမှာတောင် ပြင်ပအင်အားစုတွေက လွှတ်တော်ထဲလာပြီး ဆွေးနွေးတာမျိုးတွေ ရှိလာပြီ။ အခုနောက်ပိုင်းမှာလည်း ကျမတို့ရဲ့ ကျန်းမာရေးကိစ္စတွေပဲဖြစ်ဖြစ် ပညာရေးကိစ္စတွေပဲဖြစ်ဖြစ် သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းပြီးတော့ ကိုယ့်အခွင့်အရေးရရှိရေးအတွက် ဥပဒေတရပ် ဖြစ်ပေါ်လာဖို့အတွက် ဝိုင်းပြီးကြိုးစားရမယ့် အချိန်ရောက်ပြီလို့ ကျမက မြင်မိပါတယ်။
XS
SM
MD
LG