သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ ဥရောပခရီးစဉ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲမှာ နိုင်ငံရေးပါတီထောင်ဖို့ စတင်နေပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို အဖွဲ့ရဲ့ ပြန်ကြားရေးက အတိအကျသတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့ ပြင်သစ်နိုင်ငံမှာ ခေတ္တရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီး က ပြောပါတယ်။ သူ့အနေနဲ့ကတော့ နိုင်ငံရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားဖို့ပဲ ဆန္ဒရှိပါတယ်လို့ ဆိုပါတယ်။ အခု တနင်္ဂနွေနေ့ ချက်သမ္မတနိုင်ငံ Prague မြို့ Forum 2000 (www.forum2000.cz) တက်ရောက်ဖို့ရှိနေတဲ့ ဦးကိုကိုကြီး ကို ဗွီအိုအေသတင်းဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကိုကိုကြီးက လောလောဆယ်အချိန်မှာတော့ သောကြာနေ့အထိ ပြင်သစ်မှာပဲ ရှိနေသေးတယ်။ လာမယ့် တနင်္ဂနွေနေ့ကြမှ Prague ကို သွားမယ်ဆိုတော့ ဒီကြားထဲမှာ တခြားပြင်သစ်မှာ ဘာအစီအစဉ်တွေ ရှိနေသေးသလဲ။
ဦးကိုကိုကြီး ။ ။ ဒီမှာကတော့ ကျနော် ရောက်ရောက်ချင်း နိုင်ငံတကာလွတ်မြောက်ရေး ချီတက်ပွဲမှာ ဝင်ပြီးတော့ မိန့်ခွန်းလည်း ပြောခဲ့ပါတယ်။ ပြီးတော့လည်း နောက်ပိုင်းမှာတော့ ကျနော် လည်ခဲ့ပတ်ခဲ့တဲ့မြို့လေးတွေမှာ သူတို့ရဲ့ မြူနီစပယ်လုပ်ငန်းလေးတွေ၊ တခြား မြို့ရဲ့ သဘာဝလေးတွေ။ အဲဒါလေးတွေ တတ်နိုင်သလောက် လေ့လာခဲ့တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါကလောလောဆယ် မကြာသေးခင်က လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ထဲမှာ ကိုကိုကြီး က ဥရောပနိုင်ငံတွေကို ပထမဦးဆုံး ခရီးထွက်လာတယ်ဆိုတော့ အစောပိုင်းမှာလည်း ဒီဖက်မှာ National Endowment for Democracy အဖွဲ့ကပေးတဲ့ ဆုတဆုနဲ့ ပတ်သက်ပြီးတော့ ကိုမင်းကိုနိုင်အနေနဲ့ ကျန်တဲ့လူတွေ ပတ်စပို့မရလို့ဆိုပြီး ဒီကိုလာမယ့်ကိစ္စကို သူငြင်းဆိုခဲ့တာလည်း ရှိတယ်။ အဲဒီတော့ အခုနောက်ပိုင်း ကိုကိုကြီးလည်း ထွက်လာပြီဆိုတော့ တခြားလူတွေလည်း ပတ်စပို့တွေ ရလာပြီဆိုတော့ ဘယ်သူတွေများထွက်ဖို့၊ တခြား အစီအစဉ်တွေ၊ တခြား နိုင်ငံတကာ ပွဲလမ်းသဘင်တွေ ရှိနေသေးသလဲ။
ဦးကိုကိုကြီး ။ ။ အခုကတော့ နောက်ပိုင်းမှာ လေ့လာရေးခရီးစဉ်တွေ၊ နောက် ရက်တိုပိုင်း လေ့လာရေး တချို့သင်တန်းတွေ သွားဖို့ရှိပါတယ်။ ကျနော်ထဲက လူငယ်တွေကိုလည်း အဲဒီလိုမျိုး နိုင်ငံတကာ ဗဟုသုတရအောင်၊ လေ့လာရေးခရီးစဉ်တွေ ဆက်သွားဖို့ ရှိပါတယ်။ ကိုမြအေးတို့လည်း ခရီးသွားဖို့ ပြင်နေတာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလာမယ့် တနင်္ဂနွေနေ့က စပြီးလုပ်မယ့် Prague မြို့မှာလုပ်မယ့် Forum 2000 ပွဲနဲ့ ပတ်သက်လို့ တက်မယ့်လူတွေ ဘယ်သူတွေရှိလဲဆိုတာတော့ ကျနော်တို့ သိထားပြီးပါပြီ။ ဒါပေမဲ့လည်း ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဘာထူးခြားချက်လေးတွေ ရှိပါသလဲ။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ကတော့ အထူးသဖြင့် မြန်မာနိုင်ငံအပြောင်းအလဲနဲ့ လက်ရှိ ကျနော်တို့နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ။ ဒီလို အပြောင်းအလဲ ဘာကြောင့်ဖြစ်လာခဲ့ရသလဲ။ နောက် ရှေ့ဆက်ပြီးတော့ ကျနော်တို့ ဘယ်လိုတွေ ဆောင်ရွက်သွားကြမလဲ အစရှိသဖြင့် နိုင်ငံတကာ အပြောင်းအလဲ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောကြဆိုကြဖို့ ရှိပါတယ်။ အဲဒီကနေ တချို့လည်း ကျနော်တို့ လေ့လာစရာတွေ၊ သင်ခန်းစာယူစရာတွေလည်း အဲဒီမှာ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနှစ်မှာ ထူးထူးခြားခြားကတော့ Forum 2000 အဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိဘတ်ဘုန်းတော်ကြီး ဒလိုင်းလားမား ကို အကြံပေးအဖွဲ့ဝင်တွေအနေနဲ့ နာယကအဖွဲ့ဝင်များအဖြစ် ပါလာတယ်။ ဒါနဲ့ပတ်သက်လို့ ကိုကိုကြီးတို့အနေနဲ့ ထူးထူးခြားခြား ဒီကိစ္စကို ဘာတွေများ ဖော်ပြပြောဆိုလာဖို့တွေ ရှိနေသလဲ။

ဦးကိုကိုကြီး ။ ။ အဓိကကတော့ လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးရုန်းကန် လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့လူတွေ ဒီလို အကြံပေးအဖွဲ့မှာ ပါဝင်လာခြင်းက ကျနော်တို့လို အလားတူနိုင်ငံတွေရဲ့ အပြောင်းအလဲတွေအတွက်လည်း အများကြီး အထောက်အကူဖြစ်စေမယ်။ နောက် ခွန်အားလည်း ဖြစ်စေမယ်လို့ အဲဒီလိုပဲ ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကိုကိုကြီး ပြောတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဆိုပြီးတော့ သုံးနှုန်းနေပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေဟာ ကိုကိုကြီးရဲ့အမြင် ထူးခြားတဲ့ ဘယ်လိုတိုးတက်မှုတွေ ရှိနေသလဲဆိုတာကို အကျဉ်းချုံးပြီး ပြောပြပါလား။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ ဖြတ်သန်းမှုက အနီးဆုံးသမိုင်းကိုပြောရင်တော့ ၁၉၈၈ ကနေစပြီးတော့ ပြောင်းလဲလာတယ်ပေါ့။ တကယ့်တကယ်ကတော့ ကျနော်တို့ လွတ်လပ်ရေးနဲ့အတူ နိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီစနစ် ပျက်ဆီးသွားတဲ့နောက်ပိုင်းမှာ ၆၂ အာဏာသိမ်းပြီးကတည်းက စပြီးတော့ စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားခဲ့ကြရာကနေ အခု ဒီအပြောင်းအလဲတွေ ဖြစ်လာတာပါ။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ အပြောင်းအလဲက ဒီပုံအတိုင်းဆိုရင် ကိုကိုကြီး ဆိုလိုတာက လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်စနစ်နဲ့ အစိုးရစနစ်နဲ့ နိုင်ငံရေးအတိုက်အခံတွေပါ ပွင့်ပွင့်လင်းလင်း လှုပ်ရှားဆောင်ရွက်လာခွင့်ရလာတဲ့ အခြေအနေကို ပြောချင်တာလား။

ဦးကိုကိုကြီး ။ ။ ပြောချင်တာက အခုမှ ဒါကအစပါ။ ကျနော်တို့ အများကြီး ဆက်ပြီးသွားကြရအုန်းမှာပါ။ ဒီ အပြောင်းအလဲမှာ ကျနော်တို့ ဘက်အသီးသီးကနေ ဘယ်လောက်အထိ အားစိုက်ထုတ်မှုတွေ၊ တယောက်နဲ့တယောက် နားလည်းမှုတွေ ရှိမလဲဆိုတဲ့ပေါ် မူတည်ပြီးတော့ ကျနော်တို့ အပြောင်းအလဲရဲ့ အရှိန်အဟုန်က အဖြေထွက်လာမှာပါ။ အခုဟာကတော့ အပြောင်းအလဲလို့ ပြောရတာက စပြီးတော့ နဂိုက တင်းကြပ်ထားတာတွေကို ဖြေလျှော့ပေးတဲ့ ဖြစ်စဉ်အစလို့ အဲဒီလို ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆိုလို့ရှိရင် လွန်ခဲ့တဲ့ (၂) နှစ်၊ (၃) နှစ်အချိန်အထိ အတိုက်အခံတွေဘက်ကနေ တွက်ဆထားတာတွေထဲမှာ မှားယွင်းမှုတွေ ရှိနေခဲ့တယ်ဆိုတာကို လက်ခံလား။

ဦးကိုကိုကြီး ။ ။ ကျနော်တို့ကတော့ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်ဆိုတာက ကျနော်တို့ ထောင်ထဲမှာ။ ကျနော်တို့ကတော့ နဂိုကတည်းက ကျနော့်အနေနဲ့ မှန်းဆခဲ့တာကတော့ အခု ဒီအတိုင်းသွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သွားမယ်။ နောက်ပြီးတော့ သူတို့ စိတ်ကြိုက်ရွေးကောက်ပွဲတခု လုပ်မယ်။ ပြီးတဲ့အခါကြတော့မှ တဖြည်းဖြည်းနဲ့ ဖြေလျှော့တာတွေ လုပ်လိမ့်မယ်လို့ အစောကြီးကတည်းက ဒီလိုပဲ တွက်ဆထားခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာက လွှတ်တော်ဘောင်ထဲကနေ ပြင်ဆင်နိုင်ဖို့ဆိုတာက အလားအလာ ကောင်းနေတယ်ပေါ့။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ စာရွက်ပေါ်မှာ ရေးထားတဲ့ အချက်အလက်တွေအရဆိုရင်တော့ ဖွဲ့စည်းပုံပြင်ဆင်ခွင့်က အရမ်းကို တင်းကြပ်လွန်ပါတယ်။ ၇၅% အထက်ဆိုတာက ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရဘူးဆိုတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါကို ကျော်လွှားနိုင်ဖို့က တဖတ်က တပ်မတော်ကိုယ်စားလှယ်တွေနဲ့ လက်ရှိ အာဏာရပါတီအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေ ဒီဖွဲ့စည်းပုံဘောင်အတွင်းမှာ ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ အခြေအနေတွေကို ကျော်လွှာနိုင်ဖို့ဆိုရင် ပူးပေါင်းပြီးတော့ ပြင်ဆင်မှရမယ်။ ဖြေရှင်းမှရမယ်ဆိုတဲ့ အသိကို ကျနော်တို့ ဘယ်လောက်မြန်မြန်နဲ့ တည်ဆောက်နိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်ကပဲ အခု ကိုကိုကြီး ပြင်သစ်မှာရောက်နေတဲ့အချိန်မှာ ဗမာပြည်ထဲက သတင်းတချက် ထွက်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေထဲမှာ မကြာခင်မှာ နိုင်ငံရေးပါတီအဖွဲ့အနေနဲ့ ထူးထောင်ဖို့ဆိုတဲ့ အလားအလာအသံတွေပါ။ အဲဒါနဲ့ ပတ်သက်လို့။

ဦးကိုကိုကြီး ။ ။ ကျနော်တို့က နိုင်ငံရေးအရ အရေးပါတဲ့ ဒီလို ဆုံးဖြတ်ချက်မျိုးကို လုပ်တော့မယ်၊ လုပ်ပြီဆိုရင် ကျနော်တို့အဖွဲ့ရဲ့ ပြန်ကြားရေးကနေ တရားဝင်သတင်း ထုတ်ပြန်မှာပါ။ အခုဟာတွေကတော့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများကနေ တရားဝင်ထုတ်ပြန်တာ မဟုတ်ဘဲနဲ့ မှန်းဆပြီးတော့ ရေးသားနေကြတာပဲ ဖြစ်ပါလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းရေးမှာ အရေးပါတဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတွေအနေနဲ့ဆိုရင် အခုလို ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတဲ့ အဖွဲ့အစည်းမျိုးလောက်နဲ့ လူထုအကျိုးပြုလုပ်ငန်းတွေလောက်ပဲ လုပ်နေတယ်ဆိုတာ လုံလောက်တယ်လို့ ယူဆသလား။ တခြား နိုင်ငံရေးအရ တဆင့်တက်ဖို့ မလိုဘူးလား။

ဦးကိုကိုကြီး ။ ။ အဲဒါလည်း ကျနော်တို့ကို လွတ်လွတ်ချင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပြီသား။ ကျနော်တို့ထဲကနေ နိုင်ငံရေးဇောက်ချလုပ်တဲ့ အင်အားစုတခုကတော့ သေချာပေါက် ပေါ်လာမှာပါ။ ဘယ်လိုပုံစံနဲ့ လုပ်မလဲဆိုတာကို အခုအချိန်မှာ တရားဝင် ထုတ်ပြန်တာ မရှိသေးတာပါ။ ကျနော်တို့မှာတော့ စိတ်ထဲမှာ စဉ်းစားထားပြီးရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နိုင်ငံရေးဇောက်ချပြီး လုပ်မယ်ဆိုမယ့်အထဲမှာ ကိုကိုကြီးကိုယ်တိုင်အနေနဲ့ ဘာပြောချင်သလဲ။ ပါမလား။

ဦးကိုကိုကြီး ။ ။ ကျနော်အနေနဲ့က နိုင်ငံရေးကို လုပ်မယ်ဆိုတဲ့ကိစ္စကတော့ ကျနော့်ပိုင်ဖြတ်ချက်ပါ။

ဦးသန်းလွင်ထွန်း ။ ။ ၂၀၁၅ မှာ ရွေးကောက်ပွဲက ရှိနေပြီဆိုတော့ တကယ်လိုများ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ နိုင်ငံရေးပါတီထောင်မယ်ဆိုလို့ရှိရင် ဘယ်အချိန်လောက်မှာ စသင့်တယ်ထင်သလဲ။

ဦးကိုကိုကြီး ။ ။ ကျနော်ကတော့ ရွေးကောက်ပွဲအရေးကြီးတယ်ဆိုတာကို လက်ခံတယ်။ လွှတ်တော်အတွင်း နိုင်ငံရေးကိုလည်း အလေးအနက်ထားပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတခုတည်းလို့ မြင်ပါတယ်။ ကျနော်တို့က နိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းတခုလုံးကို ချိန်ဆပြီးတော့ ကျနော်တို့ ဘာလုပ်သင့်သလဲဆိုတာကို ဆုံးဖြတ်သွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေထဲမှာ နိုင်ငံရေးပါတီထောင်မယ်၊ မထောင်မယ်ဆိုတာက ကွဲလွဲချက်တခုလို ဖြစ်နေသလား။ ဒါမှမဟုတ်လို့ရှိရင် ကျနော်တို့ ကြားနေရတဲ့ပုံစံတွေအပေါ် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဆိုတာကလည်း ဗကသ၊ ရကသ၊ တကသ ဒီလို အဖွဲ့အစည်းအစုံအလင်းနဲ့ တချို့ကိစ္စလေးတွေမှာ ကွဲကွဲလွှဲလွှဲလေးတွေ ရှိနေတဲ့အတွင်းပိုင်းပေါ့။ ဒါက အဖွဲ့အစည်းဆိုရင် ကွဲကြတာတော့ သဘောထား မတူတာလေးတွေ ရှိတာတော့ ကျနော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက ပိုပြီးတော့ ကြီးထွားလာဖို့ ရှိသလား။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ ကျနော်တို့မှာ တစုံတရာ ရင့်ကြတ်မှု ရလာခဲ့ပြီးပါပြီ။ တကယ်လို့ ကျနော်တို့က ကိုယ့်ရဲ့ ယုံကြည်ရာတခုခုကို သီးခြားဆီလုပ်ကြပြီဆိုရင်တောင်မှ ပဋိပက္ခအသွင်တော့ မဆောင်ပါဘူး။ ဆိုလိုတာက လူမှုရေးလုပ်ငန်း လုပ်တဲ့လူလည်းရှိမယ်။ နိုင်ငံရေးကို ကိုယ့်သန်ရာသန်ရာ ပုံစံတခုခုနဲ့ လုပ်ကြတယ့်လူတွေလည်း ရှိမယ်။ ဒါတွေအားလုံးဟာ ကျနော်တို့အားလုံး အနှစ် (၂၀) သက်တမ်းတလျှောက်မှာ တယောက်နဲ့တယောက် သဘောထားကွဲလွှဲတဲ့ပုံစံမျိုးတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ လာမယ့် တနင်္ဂနွေနေ့ ချက်နိုင်ငံ Prague မြို့ကိုသွားပြီး အစည်းအဝေးတက်တဲ့အခါကြရင် သီးသန့် ၈၈ ကျောင်းသားတွေရဲ့ ကိုယ်စားပြုပြီးတော့ ပြောကြားမယ့် အကြောင်းအရာလေးတွေ နည်းနည်းလောက် ကြိုပြောပြထားပါလား။

ဦးကိုကိုကြီး ။ ။ အဲဒါကတော့ သူတို့ agenda အစီအစဉ်ထဲမှာ ပါတဲ့အတိုင်းပဲ ကျနော် ဆွေးနွေးသွားမှာပါ။ ဆွေးနွေးတဲ့အခါမှာလည်း ကျနော်တို့နိုင်ငံ အပြောင်းအလဲပေါ်မှာ အမြင်။ အလားအလာတွေ၊ နောက် ကျနော်တို့ ကျော်လွှာရမယ့်၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အစရှိသဖြင့် ဒီဟာတွေပဲ ကျနော်ပြောသွားမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ နောက်တခုကတော့ အခု ဥရောပ ပြင်သစ်ခရီးစဉ်က လူပြောများနေပါတယ်။ ကိုကိုကြီးရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာလေးတွေ မပါဘူးလား။

ဦးကိုကိုကြီး ။ ။ အဲဒါတွေလည်း ကျနော်ကအားလုံး ပွင့်ပွင့်လင်းလင်းပါပဲ။ တရားဝင် အသိပေးတဲ့အခါတော့လည်း အားလုံးသိကြမှာပါ။ အခုကတော့ ကျနော် ဒီခရီးစဉ်မှာ ကျနော် တွေ့သင့်တွေ့ထိုက်တဲ့လူတွေ၊ လည်ပတ်ကြည့်ရှုချင်တဲ့ နေရာတွေကို အဓိကထားပြီး သွားခဲ့တာပါ။

ဦးသန်းလွင်ထွန်း ။ ။ ချက်သမ္မတနိုင်ငံ Prague မြို့ Forum 2000 ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိနေတဲ့ ဦးကိုကိုကြီး ကို ဆက်သွယ်မေးမြန်းထားတာပါ။
XS
SM
MD
LG