သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမား နဲ့ Myanmar Egress လူငယ်ခေါင်းဆောင်


Myanmar Egress Logo
Myanmar Egress Logo
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို နိုဝင်ဘာလ (၁၉) ရက်နေ့က ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) ကို တွေ့ဆုံခွင့်ရရှိခဲ့တဲ့ (၁၅) ဦးထဲက တဦးဖြစ်သူ Myanmar Engress အဖွဲ့ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ မူဝါဒရေးရာတာဝန်ခံ ဒေါက်တာသဲစုစံ ကို ဦးရော်နီညိမ်းက သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေါက်တာသဲစုစံ က သမ္မတအိုဘားမား က လက်ခံတွေ့ဆုံတဲ့ မြန်မာနိုင်ငံသား (၁၅) ဦးထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။ ဒီနေ့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံစဉ်မှာ ကိုယ်ကဘာတွေ ပြောခဲ့သလဲ။ သူက ဘာတွေ ပြောခဲ့သလဲဆိုတာကို အရေးကြီးတဲ့အချက် တစ်ချက်၊ နှစ်ချက်လောက်ကို အကျဉ်းချုပ်ပြီး ပြောပြပေးပါ။

မသဲစုစံ ။ ။ ကျမတို့ တွေ့တဲ့အချိန်မှာတော့ လက်ဆွဲနှုတ်ဆက်ပြီးတော့ စကားလေးတစ်ကြောင်း၊ နှစ်ကြောင်းလောက် ပြောခွင့်ရတယ်။ မပြောခင်မှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ရတဲ့အကြောင်းရင်းလေးကို အနည်းငယ်ပြောတယ်။ အထူးသဖြင့်တော့ လူငယ်တွေ Young Generation တွေကို ကူညီပေးဖို့လာတယ်။ Human resources မှာ အများကြီးရင်းနှီးမြုပ်နံှဖို့အတွက် အကူအညီပေးဖို့နဲ့ ဒီမိုကရေစီ process ကို ထောက်ခံပေးဖို့လာတယ်ဆိုတဲ့အကြောင်းတွေကို ပြောပါတယ်။ ပြီးသွားတော့ တယောက်ချင်းဆီလက်စွဲနှုတ်ဆက်တယ်။ ကျမနဲ့ လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာတော့ သူကို Congratulate လုပ်လိုက်တဲ့အချိန်မှာ သူကတော့ လူငယ်တွေကြောင့်မို့လို့ သူအောင်မြင်ရတာ။ ဒီအတွက်ကြောင့်မို့ လူငယ်တွေအနေနဲ့ ဆက်ပြီးကြိုးစားစေချင်တယ်လို့ ပြောပါတယ်။ ကျမကတော့ မြန်မာနိုင်ငံအပေါ်မှာ အပြုသဘောဆောင်၊ အပေါင်းသဘောဆောင်တဲ့ ကူညီမှုတွေနဲ့ လက်တွေ့ကျတဲ့ ကူညီမှုတွေ ဆက်လုပ်ပေးဖို့ပဲ ပြောပါတယ်။

ဦးရော်နီညိမ်း ။ ။သမ္မတအိုဘားမားနဲ့ တွေ့ဆုံခွင့်ရတာက မိနစ်ပိုင်းလောက်ပဲရှိမယ်လို့ အခုအတိုင်းဆို သိရပါတယ်။ ဒီ မိနစ်ပိုင်းလေးအတွင်းမှာ ကိုယ်ဘယ်လို တကယ်ပြောမယ်လို့ ရည်ရွယ်ထားတာကို အနှစ်ချုပ်ပြီး ပြောနိုင်ခဲ့ပါသလဲ။

မသဲစုစံ ။ ။ ကျမ ပြောချင်တာကတော့ အဓိက ပြောချင်တဲ့ message က နောက်တစ်ခု ရှိသေးတယ်။ လူတွေကြားထဲမှာ အိုဘားမားလည်း လာသွားတယ်။ နောက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လက်ဆွဲနှုတ်ဆက်တယ်။ နိုင်ငံရေးအပြောင်းအလဲတွေ အများကြီးဖြစ်နေတယ်ဆိုတော့ လူတွေအနေနဲ့ အပြောင်းအလဲတွေကြားမှာ မျှော်လင့်ချက်တွေ အများကြီးမြှင့်မားလာတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ reform process က ဖြည်းဖြည်းမှန်မှန်နဲ့ပဲ သွားနေရတဲ့အချိန်မှာ တခုခု လွှဲချော်တာမျိုးတွေရှိပြီးသွားတော့ ဒီမျှော်လင့်ချက်တွေ ပေါက်ကွဲထွက်လာပြီး မျှော်လင့်တာ မဖြစ်လာတဲ့အခါမျိုးမှာ expectation management နဲ့လည်း ကျမ ပြောဖို့ စီစဉ်ထားခဲ့သေးတယ်။ ဒါပေမဲ့ ပြောတဲ့အချိန်ထက် ရတဲ့အချိန်က ပိုတိုသွားတဲ့အခါမှာတော့ မြန်မာနိုင်ငံကို အခုဆက်ပြီးတော့ ထောက်ခံပေးဖို့၊ အားပေးဖို့။ နောက်ပြီးတော့ အရင်တုန်းက foreign policy မျိုး မဟုတ်ဘဲနဲ့ အခုပြောင်းလဲလာတဲ့ foreign policy က မြန်မာနိုင်ငံအပေါ် တကယ်ပဲအကျိုးဖြစ်စေခဲ့တယ်။ အဲဒီအတိုင်းပဲ ဆက်သွားဖို့ကိုပဲ ကျမပြောခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒေါက်တာသဲစုစံအနေနဲ့ အခု ကျနော်တို့သိရှိထားတာက Egress မှာ Research Department ရဲ့ ခေါင်းဆောင်အနေနဲ့ဆိုတော့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကိုယ်က စိတ်ပါဝင်စားလို့ ဆရာဝန်ဖြစ်နေတာတောင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ချင်တဲ့အတွက် ပါဝင်လာတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ Research Department ကို ဦးဆောင်လာတဲ့ သူတယောက်အနေနဲ့ လွန်ခဲ့သော ၂ နှစ် ၃ နှစ်လောက်ပဲ ထားလိုက်ပါတော့။ အဲဒီလောက်အချိန်က ဒီကနေ့ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်တဲ့ အခြေအနေမျိုးအပါအဝင် မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေး process တွေကို research လုပ်နေတဲ့ လူတယောက်အနေနဲ့ တွက်ဆမြင်တွေ့ခဲ့မိပါသလား။

မသဲစုစံ ။ ။ လွန်ခဲ့တဲ့ ၂၀၁၀ မတိုင်မီပေါ့ ကျမနိုင်ငံရေးထဲကို စပြီးရောက်တဲ့အချိန် ၂၀၁၀ ဝန်းကျင်လောက် ဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ ဒီလိုမျိုး အပြောင်းအလဲတွေကို မျှော်လင့်ခဲ့ပါတယ်။ မျှော်လင့်ခဲ့တဲ့အတွက် ကျမတို့ ကြိုးစားပြီးတော့ လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက်ထိ မြန်မြန်ဖြစ်လာလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့ဘူး။ အထူးသဖြင့် အမေရိကန်က သမ္မတတစ်ယောက်က ရောက်လာခဲ့ပြီးတော့ ချီးကျူးဂုဏ်ပြုလောက်အထိ reform process တွေ ဖြစ်သွားလိမ့်မယ်လို့ ကျမတို့ မမျှော်လင့်ခဲ့တာ အမှန်ပါ။

ဦးရော်နီညိမ်း ။ ။ အခု ကိုယ်မမျှော်လင့်ခဲ့တာ၊ အိမ်မက်မမက်ခဲ့တာတွေ ဖြစ်လာခဲ့တယ်။ ကျနော်တို့ မြန်မာအစိုးရအဖွဲ့ဝန်လူကြီးတွေကိုယ်တိုင် အဲဒီလိုပဲ ခံစားနေရတယ်လို့ပဲ ကျနော်တို့ သိရှိရပါတယ်။ အဲဒီတော့ အားလုံးက ပျော်ရွှင်တက်ကြွတယ်ပေါ့။ သမ္မတအိုဘားမား လာရောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့။ ဒီ လာရောက်ခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်ကနေ နောက်ထပ်ရလဒ် မြန်မာနိုင်ငံအတွက် ဘာများပိုပြီးရှိလာနိုင်လိမ့်မယ်လို့ ကိုယ့်ရဲ့ research အမြင်နဲ့ မြင်တွေ့ထားတာများရှိရင် ကျနော်တို့ကို အကျဉ်းချုပ်ပြီး ပြောပြပေးပါ။

မသဲစုစံ ။ ။ သူရောက်လာတဲ့အတွက်တော့ တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကျိုးအမြတ်တွေလည်း အများကြီးရမယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့အကျိုးအမြတ်တွေ၊ နောက် ဒီမိုကရေစီကို တွန်းအားပေးတဲ့ အကျိုးအမြတ်တွေ အများကြီးရမယ်ဆိုတာတော့ အားလုံးမှန်းထားပြီးသာ ဖြစ်မှာပါ။ ဒါပေမဲ့ ကျမ တခုမြင်တာ ရှိတာကတော့ လူတွေရဲ့ မျှော်လင့်ချက်နဲ့ အကြောက်တရား။ သူကိုယ်တိုင်လာတယ်။ ရန်ကုန်တက္ကသိုလ်မှာ ဒီလိုပြောသွားတယ်။ လူငယ်တွေ အများကြီးကို ပြောသွားတယ်ဆိုတာက နိုင်ငံရေးဆိုတာက နိုင်ငံရေးနဲ့ လူငယ်တွေကို ပထမဦးဆုံးအကြိမ် ထိတွေ့ခွင့်ပေးလိုက်တာ။ နိုင်ငံရေးသမိုင်းမှာ တကယ်ကို သမိုင်းဝင်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဆိုတဲ့ နေရာမျိုးမှာ သူပြောသွားတယ်။ ရန်ကုန်တက္ကသိုလ်နဲ့ လူငယ်တွေနဲ့ကို ပြန်ပြီးတော့ ထိတွေ့ပေးခဲ့တယ်ဆိုတော့ ဒါက လူငယ်တွေကြားထဲမှာလည်း မျှော်လင့်ချက်ရောင်ခြည် ထွက်လာတယ်။ ပြည်သူတွေကြားထဲမှာလည်း မျှော်လင့်ချက် ဖြစ်လာတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီ နိုင်ငံရေးအပေါ် ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ နိုင်ငံရေးတခု democratization တခု အောင်မြင်ဖို့ဆိုတာက လူတွေရဲ့ ယုံကြည်ချက်တွေ၊ လူတွေရဲ့ ပြည်သူတွေရဲ့ လုပ်အားတွေ၊ ပြည်သူတွေရဲ့ စိတ်ထဲမှာ နိုင်ငံရေးနစ်မြုပ်ပြီးတော့ လုပ်ချင်တဲ့ စိတ်မျိုးတွေ မပါဘဲနဲ့ ပြည်သူတွေ မပါဘဲနဲ့ မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ သူလာတာကတော့ ကျမတို့နိုင်ငံအတွက် အဓိကအကျိုးအမြတ်ကတော့ ပြည်သူတွေရဲ့ စိတ်ထဲမှာ မျှော်လင့်ချက်ရောင်ခြည်သန်းသွားတယ်။ ဒီဖြစ်စဉ်ကို ပိုပြီးတော့ ယုံကြည်လာတယ်။ ပိုပြီးတော့ ပါဝင်လာတယ်။ ပိုပြီးတော့ အောင်မြင်ဖို့လို့ ဖြစ်လာမယ်။

ဦးရော်နီညိမ်း ။ ။ ဒါဆိုရင် လူငယ်ခေါင်းဆောင်တယောက်အနေနဲ့ ကိုယ်ကြုံတွေ့ခဲ့ရတာ၊ ကိုယ်တိုင်လည်း သုတေသနလုပ်နေတဲ့သူ တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ သမ္မတအိုဘားမား လာရောက်တဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံ လူငယ်ထုအတွက် တွန်းအားပေးမှုတခုပေါ့။ နိုင်ငံရေးဘက်မှာပဲဖြစ်ဖြစ်၊ စီးပွားရေးဘက်မှာပဲဖြစ်ဖြစ်၊ လူမှုရေးဆောင်ရွက်နေရာမှာပဲဖြစ်ဖြစ် ငါတို့ကို ထောက်ခံပံ့ပိုးပေးမယ့် နိုင်ငံကြီးတခုရဲ့ ခေါင်းဆောင်တယောက် ရှိနေပါလားဆိုတဲ့အသိမျိုး ဖြစ်ပေါ်စေလိမ့်မယ်လို့ အများကလည်း ယူဆနေကြပါတယ်။ ဆိုတော့ အဲဒီအပေါ်မှာပဲ ကျနော်တို့ မျှော်လင့်အားကိုး။ ကျနော်တို့ မြန်မာလူမျိုးက ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ထက် တစုံတယောက်က လုပ်ပေးမလားဆိုတဲ့ စောင့်ဆိုင်းတတ်တဲ့ အလေ့အထရှိတယ်။ တစုံတယောက်က စလုပ်လိုက်ပြီးဆိုရင်လည်း လေးငါးခြောက်ယောက်လောက် ဖြစ်လာခဲ့ရင်လည်း ကိုယ်ကျန်ခဲ့မှာစိုးလို့ အဲဒီအခါမှာ ကိုယ်လည်းပါဝင်တယ်။ ဆိုတော့ အဲဒီအလေ့အထက ဗမာလူမျိုးမှာရှိတယ်။ ကိုယ်ကတော့ စမလုပ်ဘူး၊ သူများလုပ်ရင်တော့ လေးငါးခြောက်ယောက်ဖြစ်ရင် ကိုယ်ကျန်ခဲ့မှာစိုးလို ကိုယ်ဝင်ပါတယ်။ ဆိုတော့ အဲဒီအနေအထားမျိုး မဖြစ်ရအောင် လူငယ်ခေါင်းဆောင်တယောက်အနေနဲ့ အဖွဲ့အစည်းတခုရဲ့ သုတေသနဌာနကို ဦးဆောင်နေတဲ့သူ၊ ဆရာဝန်တယောက်လည်း ဖြစ်တာကြောင့်လည်း အများကြီးခေတ်ပညာတတ်ဖြစ်တဲ့အတွက်ကြောင့်မို့ ကိုယ့်ကိုယ်ကိုပါ အားကိုးပြီးတော့ လုပ်ကိုင်ချင်စိတ်ပေါ်လာအောင် ဘယ်သူမှစနေတာကို မစောင့်ဘဲနဲ့ ကိုယ်ကပဲ စပြီးလုပ်တတ်တဲ့ ခေါင်းဆောင်စိတ်ဓါတ်မျိုး ပေါ်ပေါက်လာအောင် ဘယ်လိုများ ဆောင်ရွက်သင့်တယ်လို့ ယူဆပါသလဲ။

မသဲစုစံ ။ ။ လူတယောက်မှာ ခေါင်းဆောင်မှု။ ကိုယ်ကိုတိုင်စပြီးတော့လုပ်မယ်ဆိုတဲ့ ခေါင်းဆောင်မှုဆိုတာကလည်း ဒါတွေက မျက်လုံးဖွင့်၊ နားဖွင့်နဲ့ လူတွေမှာသာ ဖြစ်တတ်တာပါ။ အဲဒီတော့ အဓိကပြောရင်တော့ ပညာရေးပဲ ဖြစ်မယ်ထင်ပါတယ်။ အဲဒီတော့ ပညာရေး တိုးတက်လာတာနဲ့အမျှ ကိုယ်ကိုတိုင် လုပ်ချင်ကိုင်ချင်စိတ်ဆိုတာ ဖြစ်လာပါလိမ့်မယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားလာတာနဲ့အမျှ လူငယ်တွေအနေနဲ့ ကြိုးစားချင်စိတ် ရှိလာပါလိမ့်မယ်။ အဲဒီတော့ ရေခံမြေခံ မကောင်းတဲ့ကြားထဲက ရှင်သန်တဲ့အပင်တွေ ရှိပါတယ်။ ဒါပေမဲ့ အပင်တွေ အများကြီးရှင်သန်ဖို့ကတော့ ရေခံမြေခံကောင်းအောင် တယောက်ယောက်ကတော့ လုပ်ပေးရပါလိမ့်မယ်။ အဲဒီတော့ ဒီတယောက်ကတော့ Mr. Obama လို့ မထင်ပါဘူး။ ကျမတို့လို့ စိတ်ဓါတ်ရှိတဲ့ လူငယ်တွေအများစု ဖြစ်ပါလိမ့်မယ်။ ကျမတို့ ရှေ့ကနေ သွေးနဲ့ချွေးနဲ့ ရင်းခဲ့တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါလိမ့်မယ်။

ဦးရော်နီညိမ်း ။ ။ Mr. Obama လာရောက်ခြင်းက တွန်းအားတစ်ခု ဖြစ်တယ်ပေါ့။ အဲဒီ တွန်းအားပေါ်မှာ မူတည်ပြီးတော့ နောက်ထပ် လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ လူငယ်တွေ ပေါ်ပေါက်လာမယ်လို့လည်း အကုန်လုံးကလည်း မျှော်လင့်အားထားနေတယ်။ အဲဒီအပေါ်မှာ နောက်ဆုံးအနေနဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လူငယ်တွေ အခုလိုမျိုး သမ္မတအိုဘားမား လာရောက်ပြီးတော့ လူငယ်ထုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ကတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောသွားတဲ့အပေါ်မှာ ဘယ်လိုများ ကျနော်တို့ တိုင်းပြည်အတွက် အထူးသဖြင့် လူငယ်ထုအတွက် အကျိုးရလဒ် ဖြစ်ပေါ်စေလိမ့်မယ်လို့ မြင်တွေ့မိပါသလဲဆိုတာလေးကို နောက်ဆုံး ပြောပြပေးပါ။

မသဲစုစံ ။ ။ ကျမတို့ လူငယ်ထုအတွက်ကတော့ မျှော်လင့်ချက်။ အိမ်မက်မက်လို့ ရလာတယ်ပေါ့။ အရင်တုန်းကတော့ ဘာကို အိမ်မက်မက်ရမှန်း မသိဘူး။ စမ်းတဝါးဝါးနဲ့ လျှောက်နေရတဲ့အချိန်ကနေ အခုတော့ အိမ်မက်တခုတော့ မက်လို့ရသွားပြီ။ ငါ့ရဲ့ အိမ်မက်က ဘာလဲ။ ငါ့ရဲ့ ဝါသနာလေးက ဘာလဲ။ ငါ ဘာလုပ်ချင်သလဲဆိုတဲ့ မျှော်မှန်းချက်လေး ဖြစ်လာတယ်။ အနာဂတ်ကို ငါတို့ ချယ်မှုန်းလို့ရပြီးဆိုတဲ့ ရည်ရွယ်ချက်လေး ဖြစ်လာမယ်ပေါ့။ နောက်ပြီးတော့ အိုဘားမားရဲ့ speech အရတော့ ကျမ ခံစားမိတာကတော့ Mr. Obama အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေအားလုံးကို တကယ်ကို နှစ်နှစ်ကာကာ အားတက်ဂုဏ်ယူပြီးတော့ ပြောသွားတာ တွေ့ရတယ်။ ကျမတို့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဂုဏ်ယူမိတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး အမျိုးသမီးတစ်ယောက် ခက်ခက်ခဲခဲကြားထဲကနေ မြန်မာနိုင်ငံသားတစ်ယောက်က ဒီလိုမျိုး အမေရိကန်သမ္မတကြီးရဲ့ ချီးကျူးမှုကို ရအောင်လုပ်နိုင်တယ်။ ဒါဆိုရင် ငါတို့ကော ဘာလို့မရနိုင်အောင် မလုပ်နိုင်ရမလဲဆိုတဲ့ အတွေးတမျိုးဝင်လာတယ်။ အဲဒါနဲ့တပြိုင်နက်ထဲမှာပဲ ဒီလိုမျိုး အမျိုးသမီးတစ်ယောက် တကယ့် ရဲရဲဝံ့ဝံ့ အမျိုးသမီးတစ်ယောက်ကို ချီးကျူးဂုဏ်ပြုလို့ ရနိုင်အောင် နိုင်ငံရေးအပြောင်းအလဲမှုတွေ ဖော်ဆောင်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးကိုလည်း ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ ဆိုတော့ အဲဒါတွေကို ပေါင်းပြီးသွားတဲ့အခါမှာတော့ ကျမကတော့ လူငယ်တစ်ယောက်အနေနဲ့ ကျမရဲ့ အိမ်မက်ကို ဆောက်တည်လို့ရပြီးလို့ ခံစားမိတယ်။ ကျမတို့ရဲ့ တခြားလူငယ်မျိုးဆက်တွေလည်း ကိုယ့်အိမ်မက်ကို ဆောက်တည်လို့ရပြီးလို့ ကျမယုံကြည်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ကျေးဇူးတင်ပါတယ် ဒေါက်တာသဲစုစံ ခင်များ။
XS
SM
MD
LG