သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းရဲ့ နိုင်ငံရေးခရီး၊ လှုပ်ရှားမှု


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ နေပြည်တော်ကိုရောက်နေစဉ် ဗွီအိုအေမြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ကို တွေ့ဆုံပြီး သူဖြတ်သန်းခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးခရီး၊ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဘဝ နှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ဆွေးနွေးမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးသူ၊ အဲဒီကနေတဆင့် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတဲ့ ဒေါ်ဖြူဖြူသင်း ကို သြဂုတ်လအစောပိုင်းက နေပြည်တော်မှာ ဗွီအိုအေ က သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်ကို ဒေါ်ဖြူဖြူသင်း က အခုလို ရှင်းပြပါတယ်။

ဒေါ်ဖြူဖြူသင်း ။ ။ တခုနဲ့တခုကတော့ မတူဘူးပေါ့။ နောက်ပြီးတော့ အသက်အရွယ်အရလည်း ကွာသွားတယ်လို့ မြင်တယ်။ ပထမဦးဆုံးကတော့ activist ပေါ့။ Activist လုပ်တုန်းကတော့ လှုပ်ရှားတုန်းကတော့ ကျမတို့က ၈၈ အရေးတော်ပုံကာလမှာ မှီခဲ့ရတာ။ အဲဒီအချိန်တည်းက ပါလာခဲ့ပြီးတော့ ကျမတို့ ၉၀ ခုနှစ်အထိ NLD က ပါတီထောင်လိုက်တော့ အဲဒီအချိန်ကစပြီး ပါတီဝင်လိုက်တယ်။ အရင်တုန်းကတော့ နိုင်ငံရေးပတ်သက်လို့တော့ part time လောက်ပဲ။ ကိုယ့်ရဲ့ ပေးနိုင်တဲ့အချိန်လေး။ ကိုယ်က အိမ်ကစီးပွားရေးတဖတ်ရှိတော့ ကိုယ်ပေးနိုင်တဲ့အချိန်လေးပေးပြီး လုပ်နေရင်းနဲ့ လူငယ်အနေနဲ့ ရုံးရဲ့ လှုပ်ရှားမှုတွေမှာ ဝင်လှုပ်ရှားတယ်။ ဆေးပေးတဲ့ကိစ္စ။ အဲဒီအချိန်တုန်းကတော့ ကလေးတွေကူညီပေးတဲ့ကိစ္စ။ Library ကိစ္စတွေ။ အဲဒီလို လူငယ်ကိစ္စတွေ အမြဲတမ်းလုပ်နေရင်းနဲ့ ၉၉ အန်တီ မန္တလေးခရီးစဉ်မှာ လိုက်ပို့ရင်းနဲ့ ကျမတို့ အင်းစိန်ထောင်ကို ရောက်သွားခဲ့တယ်။ အဲဒီမှာ (၄) လကျော်ကျော်လောက် နေခဲ့ရတဲ့အခါမှာတော့ ကျမထင်တယ် အဲဒီမှာ ပိုပြီးတော့ ဒီနိုင်ငံရေးကို လုံးဝဇောက်ချလုပ်ဖြစ်ဖို့ကို အဲဒီကစပြီး ခြေလှမ်းတာလို့ မြင်လိုက်တယ်။ ဘာကြောင့်လည်းဆိုတော့ အမှန်တကယ် ကိုယ်ကိုယ်တိုင် ထောင်ထဲရောက်ခဲ့တဲ့အခါကြတော့ ပိုပြီးတော့ နိုင်ငံရေးလုပ်တဲ့သူတွေအပေါ်၊ ဘယ်လောက်အထိ ခက်ခက်ခဲခဲနဲ့ ရုန်းကန်ရသလဲဆိုတာကို နားလည်းသွားတဲ့အခါကြတော့ အင်းစိန်ထောင်မှာ လေးလကျော်လောက် နေပြီးတဲ့အခါကြတော့ ပြောရရင်တော့ အဲဒီအချိန်ကစပြီးတော့ ဒီနေ့ဒီအချိန်ထိပေါ့ နိုင်ငံရေး field ထဲ ဆက်ပါခဲ့တာ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ HIV/AIDS ရောဂါဝေဒနာရှင်တွေကို စောင့်ရှောက်ပေးတဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစတင်လိုက်တာလဲ။

ဒေါ်ဖြူဖြူသင်း ။ ။ အဲဒါကလည်း NLD က လူငယ်အဖွဲ့တွေကို အဲဒီတုန်းက လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် က ကျမတို့ကို လူငယ်ရေးရာဖွံ့ဖြိုးရေးတွေကို စဉ်ဆက်မပျက်လုပ်တယ်။ ဥပမာ အင်္ဂလိပ်စာသင်တန်းတွေ၊ နောက်တခါ နိုင်ငံတကာကလာတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံပွဲတွေ။ ပညာရှင်တွေခေါ်ပြီး ဟောပြောပွဲတွေလုပ်တယ်။ အဲဒါကတော့ ကျမ HIV/AIDS ကိစ္စကတော့ ကျမတို့ရဲ့ လူငယ်ဖွံ့ဖြိုးရေးရဲ့ကဏ္ဍတခုပေါ့။ ကျမတို့ လူငယ် ၁၉ ဦး သင်တန်းသွားတက်ခဲ့တယ်။ အဲဒါက UNDP မှာပါ။ သင်တန်းကို ကျမတို့ တော်တော်ခက်ခက်ခဲခဲ တက်ခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ သင်တန်းပေးဖို့ မပြောနဲ့ UNDP ရုံးသွားတာတောင် လူမသိသူမသိ၊ ဘယ်သူမှမပြောဘဲနဲ့ ခိုကြောင်ခိုဝှက် သွားပြီး သင်ခဲ့ရတဲ့ပုံစံမျိုး။ အဲဒီမှာ ၇ ရက် သင်တန်းတက်ခဲ့ရတယ်။ တက်ပြီးတဲ့နောက်မှာတော့ ဒီကိစ္စကို တော်တော်များများ သိခဲ့ရတယ်။ အမှန်တိုင်းပြောရင် ဒီသင်တန်းမတက်ခင် ကျမတို့ကိုယ်တိုင် HIV ဆိုတာ ဘာလဲဆိုတာ မသိခဲ့ဘူး။ အဓိကတော့ HIV ကို ကာကွယ်တဲ့ Condom လိုဟာမျိုးတွေ ကျမတို့ မြင်လည်းတခါမှ မမြင်ဖူးဘူး။ ကြားတယ်ဆိုတာတောင် သိုးသိုးသန့်သန့် ကြားနေရတဲ့အချိန်မှာ ဒီကိစ္စကို သင်တန်းတက်လိုက်တဲ့အခါမှာ ဒီကိစ္စ ဘယ်လောက်အထိ အရေးကြီးနေတယ်ဆိုတာကို အသိရှိလိုက်တယ်။ ဒါပေမဲ့ ကျမတို့ သင်တန်းတက်တာကတော့ ပြောရရင်တော့ ပညာပေးရေးအပိုင်းပဲ။ ပညာပေးရေးအပိုင်းကို တက်ခွင့်ရလိုက်တယ်။ ကျမတို့ ပညာပေးဖို့အတွက် ရုံးမှာစပြီး လုပ်လိုက်တဲ့အချိန်မှာပဲ ကျမတို့ စတွေ့လာရတာက ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေပဲ။
အဲဒီသူတို့ အကုန်လုံးက NLD ကတော့ HIV/AIDS နဲ့ ပတ်သက်တဲ့ Section ကြီးကို ဖွင့်လိုက်ပြီ။ ငါတို့ ဘယ်လောက်အထိ အကူအညီရမလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပြောရရင်တော့ ကျမတို့ ရွယ်တူလေးတွေ လာကြတာ။ ရွယ်တူဆိုတာမှ တချို့ဆိုရင် တက္ကသိုလ်ကျောင်းသူလေးတွေ။ တချို့ဆိုရင် အိမ်ထောင်သည်ပေါ့၊ ခလေးတွေမွေးပြီး ဝေဒနာရှင်တွေ လာကြတယ်။ လာပြီးဆက်သွယ်တဲ့အခါကြတော့ သူတို့ရဲ့ အဲဒီတုန်းက ခံစားနေရတဲ့ ခံစားချက်တွေ တကယ့်ကို မိသားစုထဲမှာလည်း မပြောရဲဘူး။ နောက် ပတ်ဝန်းကျင်ဆိုတော့ ပိုဆိုးတာပေါ့။ ဘယ်သူမှ မပြောရဲဘဲနဲ့ သူတို့တတွေ အရမ်းကို ခံစားနေရတယ်။ ကျမတို့ကြတော့ သူတို့တတွေ ပွင့်ပွင့်လင်းလင်း ပြောရဲတယ်။ အဲဒီကနေစပြီး ကျမတို့တတွေ ပညာရေးအပိုင်းကိုလည်း လုပ်ခွင့်မရဘူး။ အဲဒီအချိန်တုန်းက အစိုးရက အမျိုးမျိုးကန့်သတ်တယ်။ ငါးဦးထက် မပိုရဆိုတဲ့ ဥပဒေတွေ ပြဌာန်းထားတာတွေရှိတယ်။ နောက်ပြီးတော့ ပညာပေးတယ်ဆိုလို့ရှိရင် အကြောင်းအမျိုးမျိုးပြပြီးတော့ လုပ်ခွင့်မပေးတာတွေရှိတယ်။ အဲဒီအခါကြတော့ ကျမတို့ကဘာလဲဆိုတော့ ဒီကလုပ်ခွင့်မပေးတာလည်းရှိတယ်။ ဒီမှာလည်း ရောဂါဝေဒနာသည်တွေ တွေ့လာတဲ့အခါမှာ ကျမတို့ အဓိကအရေးကြီးဆုံးက ဘာလဲဆိုပြီး စဉ်းစားဆုံးဖြတ်ပြီးတော့ ပညာပေးရေးကို တွဲပြီးတော့ ဆေးဝါးကုသမှုအပိုင်းမှာပြောင်းပြီး လုပ်ခဲ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေါ်ဖြူဖြူသင်းတို့ရဲ့ HIV ဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ပေးတဲ့ လုပ်ငန်းဟာ အတော်လေးလဲ ထင်ရှားအောင်မြင်ခဲ့ပါတယ်။ စုစုပေါင်းဝေဒနာရှင် ဘယ်နှစ်ဦးလောက်ကို စောင့်ရှောက်ပေးနိုင်ခဲ့တယ်လို့ ထင်ပါသလဲ။

ဒေါ်ဖြူဖြူသင်း ။ ။ ပြောရမယ်ဆိုရင်တော့ သောင်းနှင့်ချီနေပြီပေါ့နော်။ သောင်းနှင့်ချီဆိုတာ ငါးသောင်းကျော်လောက်ရှိပြီလို့ ထင်တယ်။ ဒါကျမတို့ ရဲ့ ခန့်မှန်းချက်ပေါ့။ ပထမဦးဆုံးတုန်းကတော့ အဓိက ကျမတို့လုပ်ပေးတာကတော့ ဒီလူနာတွေကို ဘယ်နေရာမှာတော့ ဆေးကုသလို့ ရနိုင်တယ်၊ ဘယ်နေရာကိုသွားကုရင် အဆင်ပြေတယ်ဆိုတာ ကျမတို့က တိုင်းနှင့်ပြည်နယ်အသီးသီးမှာ ရှိနေတဲ့ ကျမတို့ပြောရလို့ရှိရင်တော့ NLD အဖွဲ့ဝင်တွေက နေရာတိုင်းမှာရှိနေတယ်။ ဒီတိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတော့ စိတ်ဝင်စားတဲ့ လူငယ်တွေနှင့် ပေါင်းပြီးကျမတို့ pamphlet တွေဝေပေးတယ်။ ဒီ IECD ပေါ့ ကျမတို့ ဖြန့်ပေးတယ်။ ဘယ်နေရာမှာ ဆေးဝါးကုသလို့ရလဲဆိုတာ ကျမတို့က Information ပေးတယ်ပေါ့နော်။ ကျမတို့ဆီရောက်တဲ့ လူနာကတော့ ဒီအစကနေ 2002 ကနေစပြီး ဒီနေ့အချိန်ထိဆိုရင်တော့ ငါးသောင်းကျော်နီးနီးလောက် ရှိပါပြီ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ ရက်ပိုင်းတွေ အဲဒီနှစ်ပိုင်းတွေတုန်းကဆိုလို့ရှိရင် ဝေဒနာရှင်တွေကိုထားတဲ့ နေရာကို ပြောင်းရွှေ့ခိုင်းတာတို့ ဘာတို့ အဲလိုအခက်အခဲတွေ ကြားခဲ့ရပါတယ်။ အခုနောက်ပိုင်း ဒီဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်တဲ့ နေရာမှာ နေရာအခက်အခဲ နေရာထိုင်ခင်းပေါ့နော် အဆင်ပြေရဲ့လား။ ရန်ပုံငွေကော လုံလောက်မှုရှိရဲ့လား။

ဒေါ်ဖြူဖြူသင်း ။ ။ တကယ်ပြောရမယ်ဆိုရင် လူနာအယောက် အခုလက်ရှိဆိုလို့ရှိရင် ကျမတို့ ၂၀၁၀ ထိပေါ့ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်း လွတ်မြောက်လာတဲ့နေ့မှာပဲ လူနာတွေကိုလာပြီးတော့ အားပေးတယ်၊ တွေ့ဆုံတယ်ပေါ့နော်။အဲနောက်ပိုင်းတွေ ကျမတို့ ထောက်ပံ့နေရတုန်းပဲ။ လူနာတွေ။ အဲချိန်တုန်းက ကျမတို့ လူနာယောက် ၈၀ လောက်ကို ကျမတို့ဒီမှာ တာဝန်ယူပေးနိုင်တယ်။ နေဖို့ထိုင်ဖို့ စီစဉ်ပေးနိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အဲနောက်ပိုင်းအချိန်မှာကြတော့ ဒေါ်အောင်ဆန်းစုကြည် ပြန်တဲ့အခါကြတော့ ဒီအာဏာပိုင်းတွေက မောင်းထုတ်တာတွေ၊ နောက်ကမ္ဘာကကော မြန်မာပြည်တွင်းမှာရှိတဲ့ လူတွေကပါ စိတ်ဝင်းစားလာ သိကြလာတဲ့ အခါကြတော့။ အဲလိုပဲ တခြားလူတွေ သိလာသလိုပဲ တိုင်းနှင့်ပြည်နယ်အသီးသီးမှာရှိနေတဲ့ လူနာတွေကလည်း ပိုသိလာတယ်။ သိလာတဲ့အခါ အဲဒီအချိန်ကနေစပြီးတော့ လာတာ ဒီနေ့အချိန်ထိ ၂၀၁၀ မှာဆို ၈၀ လောက်၊ ၂၀၁၁ မှာဆို ကျမတို့ အယောက် ၂၀၀ ချက်ချင်းဖြစ်သွားတယ်။ အခုဆိုရင်ကျမတို့ အယောက် ၃၀၀။ ဆက်ပြီးကြည့်ရှုပေးထားတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီပုံမှန် အဆောက်အဦးထဲမှာဘဲ။

ဒေါ်ဖြူဖြူသင်း ။ ။ ဒီနေရာမှာဘဲ ကျမတို့။

ဦးသန်းလွင်ထွန်း ။ ။ ဒါဆို အရမ်းပြည့်ကျပ်နေမှာပေါ့။

ဒေါ်ဖြူဖြူသင်း ။ ။ အရမ်းကိုကျပ်ပြီးတော့ တကယ်ပြောရမယ်ဆိုရင် တယောက်တနေရာရဖို့ဆိုတာ တော်တော်လေးကို အခုလက်ရှိအခြေအနေ တော်တော်လေးကို အခက်အခဲရှိတယ်။ ကျမတို့အခုဆိုရင် လူနာအယောက် ၃၀၀ ကို နှစ်နေရာမှာထားတယ်ပေါ့နော်။ တောင်ဒဂုံ တနေရာရယ်၊ မြောက်ဒဂုံ တနေရာရယ်။ ဆိုတော့ တောင်ဒဂုံဆိုလို့ရှိရင်ပေ ၆၀ ပတ်လည်ဘဲ ရှိတယ်။ အိမ်ကြီးကြီးမားမားလည်းမဟုတ်ဘူး။ အားလုံးလဲ သိတဲ့အတိုင်းဘဲ ခပ်သေးသေးပါ။ အဲဒီ သေးသေးလေးမှာဘဲ ကျမတို့ အယောက် ၂၀၀ နီးပါးထားရတယ်။ ဟိုဘက်က မြောက်ဒဂုံ ကြတော့ ကျမတို့ တဲလေးတလုံးထိုးပြီး အဲဒီတဲထဲမှာ ၁၀၀ နီးပါးလောက်ထားရတယ်။
ဦးသန်းလွင်ထွန်း ။ ။ နေရာတိုးချဲ.ဖို့ကော။

ဒေါ်ဖြူဖြူသင်း ။ ။ ကျမ စိတ်ကူးရှိပါတယ်။ အဲဒါတွေ အရမ်းကို လိုအပ်ချက်လဲ ရှိတယ်။ ကျမတို့ နေကျယ်ကျယ်လဲလိုတယ်။ လူနာတွေကို ဖြစ်နိုင်လို့ရှိရင် နှစ်နေရာကို တစ်နေရာတည်းပေါင်းပြီးတော့ကို လုပ်ထားနိုင်မယ်ဆိုလို့ရှိရင် ကျမတို့ လူနာတွေအတွက်လည်း ပိုပြီးထိရောက်မှုရှိတယ်။ ဒါပေမယ့် ကျမတို့ အခု အခက်အခဲက ဘာလဲဆိုတော့ ကျမတို့ မြေမရှိဘူး။ နောက် ကျမတို့မှာ အခက်အခဲက မြေရှိပြီးတော့ ကျမတို့ အဆောက်အဦးဆောက်တာတို့ လုပ်လို့ရမှာပေါ့နော်။ အခုကတော့ ကျမတို့ အဓိက အခက်အခဲကတော့ အရေးတကြီးကတော့ ဒီနှစ်နေရာပေါင်းဖို့အတွက် မြေအခက်အခဲ တော်တော်ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါတွေက နိုင်ငံတော်ကနေပြီးတော့ ပူပေါင်းလုပ်ဆောင်ပေးနိုင်တာ ဘာတွေမရှိဘူးလား။

ဒေါ်ဖြူဖြူသင်း ။ ။ အခုအချိန်ထိတော့ ကျမတို့ပြောရမယ်ဆိုရင်တော့ ကျမတို့ ဒီလွှတ်တော်ထ ရောက်လာပြီပေါ့နော်။ ကျမတို့ ဒီ ၂၀၁၀ ကနေစပြီတော့ ဒီနေ့ဒီချိန်ထိ ကျမတို့ကို နှောက်ယှက်မပေးတာ သူတို့ပူပေါင်းတဲ့အဆင့်ပဲ ရှိပါသေးတယ်။ တကယ့်ကိုလာပြီးတော့ ကူညီပေးတာ ကျမတို့လိုအပ်နေတဲ့ အခက်အခဲတွေကို ဖြည့်ဆည်းပေးတာတော့ ဒီနေ့အချိန်ထိ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ရန်ပုံငွေအားဖြင့်ကကော။ အဲဒါဆိုလို့ရှိရင်။
ဒေါ်ဖြူဖြူသင်း ။ ။ ရန်ပုံငွေအားဖြင့်ကတော့ ကျမတို့အများကြီး အခက်အခဲရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ဒီနေ့ဆိုလို့ရှိရင် ဒီလူနာတွေအတွက် နေဖို့ စားဖို့၊ ဆေးဝါး၊ ခရီးစရိတ်၊ နောက် ဆေးရုံစရိတ်တွေ၊ နောက်ဆုံး သေဆုံးသွားတဲ့အခါကြတဲ့အထိ နောက်ဆုံးစရိတ်တွေအထိ ကျမတို့ တာဝန်ယူထားရတဲ့အခါကြတော့ အခု တာဝန်ယူတယ်ဆိုတာကလည်း ကျမတို့ တာဝန်ယူနိုင်လို့ယူတာ မဟုတ်ဘူး။ အခုလက်ရှိဖြစ်နေတဲ့ တိုင်းပြည်ရဲ.အခြေအနေအရကိုက မြန်မာပြည်မှာဆိုလို့ရှိရင် တကယ့်ကို တစ်နှစ်ထက်တစ်နှစ် ကျမတို့ ပိုသိလာတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက စလုပ်တော့ လူနာတွေ သူ့ပိုက်ဆံနှင့်သူဆေးကုသနိုင်တယ်။ ကျမတို့က ကူညီပေးရုံဘဲ။ အခုနောက်ပိုင်း တွေ့ခဲ့ရတဲ့လူနာတွေကတော့ ကျမတို့ဆီရောက်ပြီဆိုလို့ရှိရင် နေစရာမရှိတဲ့လူတွေ စားဖို့မရှိတဲ့လူတွေ၊ အဝတ်အထည်မရှိတဲ့လူတွေ အများကြီးတွေ့ရတယ်။ တကယ့်တကယ်လည်း သူတို့အခက်အခဲတွေ အများကြီးဖြစ်နေတယ်ဆိုတော့ ကျမတို့က ဒီအခက်အခဲတွေကြောင့် အကုန်လုံးကို ကူညီပေးလိုက်ရတဲ့အခါကြတော့ ကျမတို့မှာလည်း အများကြီးအခက်အခဲရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ပြည်သူလူထုဆီကကော တိုက်ရိုက်အလှူငွေ ကောက်ခံပါသလား။

ဒေါ်ဖြူဖြူသင်း ။ ။ ကောက်ခံပါတယ်။ ကျမတို့ တချို့တွေဆိုလို့ရှိရင် ကျမတို့ ပြည်တွင်းကနေပြီးတော့ အလှူရှင်တွေ လာလှူတာတွေ ရှိပါတယ်။ ကျမတို့ ဒါေတွေကိုလည်း သေသေချာချာစာရင်းနှင့် ကောက်တယ်။ နောက်ပြီး တချို့နိုင်ငံတကာကနေ လှူတာတွေလည်းရှိတယ်။ မြန်မာတွေပေါ့။ နိုင်ငံခြားရောက်နေတဲ့ သူတွေ၊ သူတို့တက်နိုင်တဲ့ဟာလေးတွေ လှူပေးတာလေးတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်ဖြူသင်းအနေနှင့်က အခုဆိုလို့ရှိရင် လွှတ်တော်အမတ် တာဝန်နေရာကလည်း ယူထားရတော့ များသောအားဖြင့် အခုလွှတ်တော်အစည်ဝေးပွဲတွေ ကျင်းပနေတဲ့အချိန်ဆိုရင် ဒီနေပြည်တော်မှာ လာပြီးတော့ လွှတ်တော်အစည်းဝေးပွဲတွေ ထိုင်နေရတယ်လေ။ အဲဒီတော့ နဂိုမူလလုပ်ငန်းဖြစ်တဲ့ HIV/AIDS ရောဂါဝေဒနာရှင်တွေကို ပြုစုစောင့်ရှောက်ရေးကိစ္စ၊ အဲဒါအပြင်ကို ကိုယ့်ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်က မဲဆန္ဒရှင်တွေနှင့် ပြန်လည်း ထိတွေ့မှုကိစ္စ အဲဒါတွေကို ဘယ်လိုများ အလျင်မီအောင် လုပ်နေနိုင်ပါသလဲ။

ဒေါ်ဖြူဖြူသင်း ။ ။ ကျမတော့ နည်းနည်းလေး တခြားလွှတ်တော်ကိုယ်စားလှယ်တွေထက် ကံကောင်းတာကတော့ ကျမက ရန်ကုန်ကပေါ့နော်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ကလည်း ရန်ကုန်မှာ နောက်ပြီး ကျမလုပ်ကိုင်ဆောင်ရွက်နေတယ့် ဒီ HIV/AIDS ကိစ္စတွေကလည်း ရန်ကုန်မှာရှိတဲ့အခါကြတော့ ဒီက ကျမပိတ်ရက်တိုင်း ပြန်ပါတယ်။ သောကြာနေ့ဆိုရင် ကျမပြန်တယ်။ ဟိုမှာ စီစဉ်စရာရှိတာ စီစဉ်တယ်။ နောက်ပြီးတော့ ကျမရုံးခန်းလည်း ရှိတယ်။ ဒီ မင်္ဂလာတောင်ညွှန့်မှာဆိုရင် ကျမရုံးခန်းထားထားတယ်။အဲမှာ ကျမတို့အပတ်စဉ် ပြည်သူတွေရဲ့ အခက်အခဲတွေ၊ နောက်ပြီးတော့ မြို့နယ်တွေမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်လေ။ ကျောင်းကိစ္စတွေ ရှိတယ်၊ စည်ပင်ကိစ္စတွေ ရှိတယ်။ လျှပ်စစ်မီးကိစ္စတွေ ရှိတယ်၊ နောက် ဥပဒေနှင့် ပတ်သက်တဲ့ကိစ္စတွေ အများကြီးလာတယ်။ အဲလိုကိစ္စတွေ ဆိုလို့ရှိရင် ကျမတို့ တက်နိုင်သလောက် ဥပဒေအရအဖွဲ့လေးတွေ ဖွဲ့ထားတယ်။ သူတို့လာလို့ရှိရင် ကျမတို့ ချက်ချင်ဖြေရှင်းနိုင်တာတွေ ချက်ချင်းဖြေးရှင်းပေးလိုက်တာတွေ ရှိတယ်။နောက် ကျမ လုပ်နိုင်တာလေးတွေကေတော့ ဒီမြို့နယ်မှာရှိတဲ့ လူငယ်တွေကို ကျန်းမာရေးနှင့် ပတ်သက်တဲ့ သားဆက်ခြားတဲ့ HIV ဆိုတဲ့ သင်တန်းလေးတွေကိုလည်း အပတ်စဉ်ပေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နားရက်မရှိဖြစ်နေတာပေါ့။

ဒေါ်ဖြူဖြူသင်း ။ ။ နားရက်ကတော့ မရှိဘူး။ အရင်ကတည်းကလည်း မရှိဘူးပေါ့နော်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကျနော်တို့ လွှတ်တော်အတွင်း ကိစ္စအကြောင်းကို ပြောရအောင်။ လွှတ်တော်ထဲမှာ ကျနော်သတိထားမိတာ မကြာသေးခင်ရက်ပိုင်းအတွင်းကပဲ ဒီအစိုးရအဖွဲ့ထဲမှာ ပိုင်ဆိုင်မှုတွေ ပတ်သက်လို့ပေါ့ သမ္မတနှင့် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့ရဲ့တဦးချင်းပိုင်ဆိုင်မှုတွေကို ကြေညာပေးရမယ်ဆိုတဲ့ကိစ္စမှာ အဆိုတင်သွင်းမှုကို မဒေါ်ဖြူဖြူသင်းက ဝင်ပြီးတော့ ထောက်ခံဆွေးနွေးတာ ကျနော်တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ထောက်ခံဆွေးနွေးပေမယ့် ဒီအဆိုက မအောင်မြင်ဘူး။ ဆိုတော့ အဲ့အတွေ့အကြုံလေးကို နည်းနည်းလေးတချက်လောက် ပြောပြပါလား။


ဒေါ်ဖြူဖြူသင်း ။ ။ အဓိကတော့ ဒီအဆိုလေးက တော်တော်ကို ဒါလွှတ်တော်ဥက္ကဌကလည်း ပြောပါတယ်။အရမ်းကိုကောင်းတဲ့အဆို။ နောက်တခုကကြတော့ သမ္မတကိုယ်တိုင်ကလည်း ဒါတွေကို ထုတ်ပြန်ကြေညာဖို့အတွက် သူအနေနှင့် ကြေညာချက်ထုတ်ပြီးတာလည်း ဖြစ်နေပြီလေ။ ဆိုတော့ အခု ဦးဝင်းမြင့် တင်တဲ့အဆိုကလည်း လက်ရှိအခြေအနေနှင့် အတော်လေးကိုကိုက်နေတယ်။ ကိုက်နေတယ်ဆိုတာ တကယ့်ကိုလုပ်ရမယ့်ကိစ္စ။ နိုင်ငံတကာမှာလည်း လုပ်နေတယ်။ မြန်မာပြည်မှာလည်း လုပ်ရမယ်။ ကျမတခု မြင်တာကတော့ အဲဒီမှာ ဘာကြောင့်လဲဆိုတော့ ကျမတို့ ပထမဆုံးဆွေးဖို့ပေါ့နော်၊ ဆွေးနွေးဖို့ စာရင်းပေးတဲ့အခါကြတော့ ကျမတို့ NLD ထဲက လူတွေကြီးပဲ ဖြစ်နေတယ်။ တိုင်းရင်းသားကိုယ်စားလှယ်တယောက်ပဲပါတယ်။ အခြားလူတွေ ဝင်ဆွေးနွေးတာ ကျမတို့ သိပ်မတွေ့ရဘူးပေါ့နော်။ အဲ့မနက်မှာမှာပဲ တပ်မတော်သားကိုယ်စားလှယ် နှစ်ဦးရယ်၊ နောက်အခြားပါတီက နှစ်ဦးရယ်၊ တိုင်းရင်းသားတဦးရယ်ပေါ့၊ ငါးဦး။ အဲ့ဒီ ငါးဦးက အဲဒီ မနက်ကြမှပဲ ဝင်ဆွေးနွေးတယ်။ ဆွေးနွေပြီးသူက ကန့်ကွက်ပြီး ဆွေးနွေးသွားတာပေါ့နော်။ ဒါတွေဟာ ဆိုလို့ရှိရင် ဒီအခြေခံဥပဒေနှင့် မကိုက်ညီဘူး။ ပုဒ်မ ၆၈ ကို ဖျက်ရာကြတယ်ပေါ့။ တကယ်လုပ်မယ်ဆိုလို့ ရှိရင်တော့ အခြေခံဥပဒေကို ပြင်မယ်ဆိုရင် 75+1 တွေ ဘာတွေပေါ့နော်။ သူတို့က အဲဒါတွေ ဆွေးနွေးသွားကြတယ်။ဆွေးနွေးသွားတော့လည်း ကျမတို့ ပြောရလို့ရှိရင် ကျမတို့ကလွှတ်တော်ထဲမှာ လူနည်းစုကို။

ဦးသန်းလွင်ထွန်း ။ ။ အကြောင်းအရာနှင့်စာရင် သူတို့က နည်းဖက်ပိုင်းဆိုင်ရာ ဖက်ကနေပြီးတော့ ဆွေးနွေးတယ်ဆိုတဲ့ သဘောပေါ့။

ဒေါ်ဖြူဖြူသင်း ။ ။ ဟုတ်တယ်။ သူတို့က အဲဒီဖက်နေ ချင်းကပ်ပြီး ဆွေးနွေးသွားတဲ့အခါကြတော့၊ အမှန်တကယ် ပြောရမယ်ဆိုရင်တော့ ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ်မှာတော့ တကယ့်တကယ် လွှတ်တော်ဥက္ကဋ္ဌလည်း သိတယ် အရေးတကြီးဖြစ်နေတဲ့ကိစ္စ။ တကယ့်ကို လုပ်ရမယ့်ကိစ္စတွေ။ ကျမတခု မြင်တာကတော့ အမြဲတမ်းပြောနေတဲ့ ပုဂ္ဂိုလ်စွဲ မရှိရဘူး နောက်ပါတီစွဲ မရှိရဘူး။ ဘာမှအစွဲအလမ်း မရှိဘဲနှင့် ပြည်သူလူထုအကျိုးအတွက်၊ တိုင်းပြည်ရဲ့အကျိုးအတွက် လုပ်ပါလို့ အမြဲတမ်းပြောနေပေမယ့်လည်း ကျမတော့ အစွဲတွေရှိနေသေးတယ်လို့ မြင်တယ်။ ကျမတော့နောက်ပိုင်း လွှတ်တော်ကို ဖြစ်စေချင်တာကတော့ ပြည်သူလူထုအကျိုးကို ကြည့်ပြီးတော့ ဘယ်သူပဲ တင်ပြတင်ပြ တကယ်ပဲ ပြည်သူအကျိုးရှိမယ်ဆိုရင်တော့ ဝိုင်းပြီးတော့ ထောက်ခံစေချင်တယ်။ လုပ်စေချင်တယ်ပေါ့နော်။

ဦးသန်းလွင်ထွန်း ။ ။ ပါတီကို ကိုယ်စားမပြုဘဲ လူထုကိုကိုယ်စားပြု။

ဒေါ်ဖြူဖြူသင်း ။ ။ လူထုကိုကိုယ်စားပြု။ ဘယ်အဆိုပဲ တင်သွင်းတင်သွင်း အမှန်တကယ်က လူထုကို အကျိုးရှိမှာလား၊ ဘယ်သူ့အတွက် အကျိုးရှိမှာလဲဆိုတာကို စဉ်စားပြီးတော့ ဆုံးဖြတ်စေချင်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့တာပါ။
XS
SM
MD
LG