သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတကြီးဦးထင်ကျော်အကြောင်း တစေ့တစောင်း


 ဦးဉာဏ်စိုး - သမ္မတကြီးဦးထင်ကျော်ရဲ့ အကိုကြီး
ဦးဉာဏ်စိုး - သမ္မတကြီးဦးထင်ကျော်ရဲ့ အကိုကြီး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ ဦးထင်ကျော်ရဲ့ အကြောင်း တစေ့တစောင်းကို အကိုဖြစ်သူ ဦးဉာဏ်စိုး က ပြောပြထားပါတယ်။ ဦးဉာဏ်စိုး ကို VOA ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ကိုယ့်ရဲ့ မိသားစုဝင်တယောက်၊ ညီအရင်းခေါက်ခေါက်တယောက် နိုင်ငံတော်သမ္မတအဖြစ်နဲ့ ရွေးကောက်တင်မြှောက်ခံရတာကို မိသားစုထဲကနေ ဂုဏ်ယူတာတင်မကဘဲနဲ့ မြန်မာတနိုင်ငံလုံး လူအများစုက၊ လူထုကလည်း အများဆုံး ထောက်ခံခဲ့တဲ့ပါတီကနေ ရွေးချယ်လိုက်တဲ့သမ္မတကြီးအဖြစ် ညီ အရွေးခံရတာကို ဂုဏ်ယူဝမ်းမြောက်နေမယ်လို့ ကျမတို့အားလုံး ယုံကြည်နေပါတယ်ရှင့်။

ဦးဉာဏ်စိုး ။ ။ ဟုတ်ကဲ့ ကျနော်တို့လည်း မမျှော်လင့်ခဲ့ဘူးပေါ့။ ဦးထင်ကျော်ကိုယ်တိုင်လည်း ဒီလို မျှော်လင့်ထားတာ မရှိပါဘူး။ မရှိဘဲနဲ့ အခုလို မထင်မှတ်ဘဲနဲ့ သမ္မတကြီး ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့ မိသားစုက အတိုင်းမထက် ဝမ်းသာတာပေါ့။ ဒါပေမဲ့ အဓိက အရေးကြီးဆုံးက တိုင်းသူပြည်သားအများအနေနဲ့ ဒီဟာ ပိုပြီးတော့ ဝမ်းသာလိမ့်မယ်လို့ ထင်ပါတယ်။ ပထမဦးဆုံး အရပ်သားအစိုးရ သမ္မတ ဖြစ်လာတဲ့အခါကြတော့ ကျနော်တို့က အားလုံးအတွက် ပိုပြီးတော့ ဂုဏ်ယူမိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီလိုမျိုး နိုင်ငံကျော် စာဆိုကြီးတဦးရဲ့ သားတယောက်ဖြစ်တဲ့ ဦးထင်ကျော် သမ္မတအဖြစ် ရွေးချယ်ခံရတယ်ဆိုတော့ ဦးထင်ကျော်ရဲ့ ငယ်ဘဝ၊ ဦးထင်ကျော်ရဲ့ အကြောင်းလေးတွေ၊ ဦးထင်ကျော်ရဲ့ ကိုယ်ရေးအထ္တုပ္ပတ္တိလေးတွေကို အားလုံးကလဲ သိချင်နေကြပါတယ်။ အဲဒီတော့ ဦးထင်ကျော် မွေးစကတည်းက ဆရာကြီးမင်းသုဝဏ် က သူ့သား မွေးတဲ့ဟာလေးကို မှတ်တမ်းတင်ထားတာလေး ရှိပါတယ်။ အဲဒီဟာလေးနဲ့ ပတ်သက်ပြီး သူ့နာမည်လေးကိုတောင် ဒလဘန်း ဆိုပြီး ပေးလိုက်တာ ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်းလေး ရှင်းပြပါလားရှင့်။

ဦးဉာဏ်စိုး ။ ။ ကျနော်တို့က အဖေကို အဘလို့ ခေါ်တာပေါ့ ငယ်ငယ်တုန်းက။ အဘရဲ့ လုပ်ထုံးလုပ်နည်း အကျင့်ကလေးက ဘာလဲဆိုတော့ နေ့စဉ် သူ့ရဲ့ လုပ်ဆောင်ချက်အားလုံးကို ဒိုင်ယာရီလေးတွေ ရှိပါတယ်။ အဘ ကွယ်လွန်သွားတဲ့အခါမှာ ကျနော်တို့ သေတ္တာကြီး တစ်လုံးကျော်ကျော်၊ နှစ်လုံးနီးပါးလောက် အဘရဲ့ ဒိုင်ယာရီတွေ အကုန်လုံးရှိတယ်။ ရှိတော့ ကျနော်တို့ အိမ်မှာလည်း မိသားစုက ကျနော်က အကြီးဆုံး၊ ဦးထင်ကျော်က ဒုတိယ။ အငယ်ဆုံးက မထားချို ဆိုတာ ရှိတယ်။ ရှိတော့ ကျနော်တို့နှစ်ယောက်က ဦးထင်ကျော် က စာလည်း အဖတ်များတယ်။ သူလည်း စာရေးချင်တယ်ဆိုတော့ အဲဒါကို မင်းပဲ ယူသွားဆိုတော့ စာအုပ်တွေ၊ ဒိုင်ယာရီတွေ အကုန်လုံးယူပြီး သူ့အိမ်မှာ Library တခုကို ဖွင့်ထားတယ်။ အဲဒီမှာ သူလေ့လာတာပေါ့။ လေ့လာတဲ့အခါကြတော့မှ အဘ အကြောင်းကို စပြီးတော့ ဆောင်းပါးလေးတွေ တခုချင်း ရေးလာပြီးမှ နောက်ကျမှ စာအုပ် ဖြစ်သွားတယ်။ စရေးတဲ့အခါမှာလဲ သူက သူ့စာရေးဆရာနာမည်ကို ဘာတပ်ရမှန်း မသိဘူး။ မသိတော့ ဒိုင်ယာရီတွေကို ကြည့်ရင်နဲ့ သူ့ကို ငယ်ငယ်တုန်းက အဘကနေ မွေးခစ ဒလဘန်းကို ဘယ်နေ့က မွေးတယ်။ ဒလဘန်း ဘယ်နေ့မှာ မှောက်တယ်။ ဘယ်နေ့မှာ လေးဘက်ထောက်တယ် စသဖြင့် အဲဒါလေးတွေ ရေးထားတာ ကြည့်လိုက်တဲ့အခါကြတော့ သူကိုယ်တိုင်ကိုယ်က ငယ်ငယ်က အဘ က ဒလဘန်း လို့ ခေါ်တာကို မသိဘူး။ ကျနော်တို့လည်း မသိဘူး။ ဒိုင်ယာရီအရ သိပြီး၊ အဲဒါကို သဘောကျပြီးတော့ ဒလဘန်းဆိုပြီး ရေးတာပါ။ ဒလဘန်းဆိုတာကလဲ အများသိကြတဲ့အတိုင်း မွန်စစ်သူကြီးပါ။ နာမည်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတယောက်ဆိုတော့ ဒလဘန်း ဆိုတော့ အားလုံးက ဝမ်းသာတာပေါ့။ အဲဒါနဲ့ ဒီနာမည်ကို စပြီးတော့ ရတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု သမ္မတကြီးဦးထင်ကျော် က ကျောင်းနေဘဝဆိုရင် အားလုံးသိကြတဲ့အတိုင်း English Methodist School မှာ တက်ခဲ့တယ်ဆိုပြီးတော့ အကုန်လုံးလည်း သိထားပါတယ်။ အဲဒီတော့ ဒီကျောင်းတက်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့တဲ့ကျောင်းပဲပေ့ါ။ အဲဒီကျောင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ ကျောင်းနေဖက် မိတ်ဆွေတဦးတယောက်အနေနဲ့ ပိုပြီးရင်းနှီးတယ်လို့ ပြောကြပါတယ်။ သူ့ရဲ့ Methodist ကျောင်းသားဘဝမှာ သူ့နာမည်လေးက Peter Wun လို့ ပြောကြပါတယ် အားလုံးက။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းလေး ပြောပြပါအုံးရှင်။

ဦးဉာဏ်စိုး ။ ။ ကျနော်တို့က ဦးထင်ကျော်က နည်းနည်းပဲ ပြောပါရစေ။ ဦးထင်ကျော်က Methodist မှာ သူငယ်တန်းကနေ အပေါ်ထိ တောက်လျှောက်နေခဲ့ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူထက် တတန်းငယ်တာပေါ့။ ကျောင်းမှာတော့ ကျနော်တို့ကတော့ အရင်တုန်းက Missionary Schools တွေကို ဝင်မယ် ဆိုလို့ရှိရင် အင်္ဂလိပ်နာမည်ပေးပါ။ သူတို့ မှတ်ရသားရတာ ခက်တယ်ဆိုတော့။ အဲဒါနဲ့ သူကို အဖေကနေ အဲဒါဆိုလဲ Peter Wun ဆိုပြီး ပေးလိုက်ဆိုပြီး အဲဒီမှာ Peter Wun ဖြစ်သွားပါတယ်။ ဒေါ်စုနဲ့တော့ အဲဒီအချိန်မှာတော့ ရင်းနှီးတယ်ဆိုပေမယ့် ကျနော်တို့က ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတော့ သိပ်လဲ အနားလည်း သိပ်မကပ်ရဲကြဘူးပေါ့။ အဝေးကပဲကြည့်တာ။ စကားတခါတလေ ပြောတာ အဲဒီလောက်တော့ ရှိပါတယ်။ ကျနော်ကတော့ နှစ်တန်းလောက်တော့ ကြီးတာပေါ့။ အဲဒီလိုပဲ နေခဲ့တာပါ။ သိပ်ပြီးရင်းရင်းနှီးနှီး အခုလို ရင်းရင်းနှီးနှီးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ နေ့တိုင်း မြင်နေတယ်၊ တွေ့နေတယ်။ ကျနော်တို့ Church မှာ သွားပြီးတော့ မနက် Hymn တွေ ဘာတွေ သွားဆိုမယ်ဆိုရင်လဲ အတူတူ သွားကြတယ်။ အဲဒီလိုဟာတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆယ်တန်းအောင်ပြီးတဲ့အခါမှာ တက္ကသိုလ်သွားတော့ စီးပွားရေးတက္ကသိုလ်ကို တက်တာပါလားရှင့်။

ဦးဉာဏ်စိုး ။ ။ ဟုတ်ကဲ့ သူ ဆယ်တန်းအောင်ပြီးတဲ့အခါမှာ စီးပွားရေးတက္ကသိုလ်မှာ Stats နဲ့ စာရင်းအင်းပညာဌာနနဲ့ ဘွဲ့ရတာပါ့။ နောက်မှ မာစတာဘွဲ့ကို တဆင့်ယူတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံခြားပညာတော်သင်တွေ သွားတယ်လို့ သိရပါတယ်ရှင့်။

ဦးဉာဏ်စိုး ။ ။ သူက အလုပ်လုပ်တဲ့အခါမှာ ကွန်ပြူတာတက္ကသိုလ်မှာသွားပြီး အလုပ်လုပ်တော့ အဲဒီကနေ ပထမဦးဆုံး သူကို ပညာတော်သင်အဖြစ် လွှတ်တာပေါ့။ အဲဒါ London University ကို လွှတ်တာပါ။ Oxford ကိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းတွေမှာရေးတာ Oxford တက္ကသိုလ်တို့ ဘာတို့ပေါ့။ ဒါကတော့ အားလုံးက ချီးမြှောက်ချင်တဲ့အနေနဲ့ ကောင်းတဲ့နေရာ ရေးကြတာလို့ ကျနော်တို့က ယူဆပါတယ်။ အဲဒါလဲ အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အမှန်တကယ်ကတော့ သူ့အကြောင်းကို သေချာသိချင်လဲ ထင်ကျော် Wikipedia (https://en.wikipedia.org/wiki/Htin_Kyaw) မှာ ဝင်ကြည့်လိုက်ရင် တော်တော်များများက သူ့ရဲ့ အသေးစိတ်။ ဒါမှမဟုတ် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း (http://dawkhinkyifoundation.org/) website ကို ဝင်ကြည့်လိုက်ရင်လည်း သူ့ရဲ့အကြောင်းတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ပြီးတော့ အစိုးရအလုပ်တခုကိုလည်း လုပ်ခဲ့ဖူးပါတယ်။ အစိုးရတစ်ဌာနမှာ အရာရှိတယောက်အဖြစ်နဲ့ တာဝန်ထမ်းခဲ့ဖူးတာ ကြားဖူးပါတယ်။

ဦးဉာဏ်စိုး ။ ။ ပထမဦးဆုံး သူလုပ်တာကတော့ စက်မှု (၁) မှာ သူလုပ်ပါတယ်။ ဝန်ကြီးဦးချိုရဲ့ အောက်မှာပေါ့။ သူက ဦးလေး တော်တာပေါ့။ နောက်တခါကြမှ စီမံကိန်း နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကို ပြောင်းပြီး အဲဒီကနေ ဒုတိယညွှန်ကြားရေးမှူး ရာထူးကနေ သူက .. ထွက်ခွင့်တောင်းပြီးတော့ ထွက်ခဲ့တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ FERD ထင်တယ်။

ဦးဉာဏ်စိုး ။ ။ ဟုတ်ကဲ့ FERD ပါ။ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန။ ယောက္ခမ လုပ်တဲ့လူ ဦးလွင်ကလည်း NLD အစထောင်ခဲ့တဲ့ top ထဲမှာပါတော့ ဦးလွင် က အစည်းအဝေးသွားတဲ့အခါ သူပဲ လိုက်ပို့ရတယ်။ ကြိုရတယ်။ ကျနော်တို့အဖေ ဆရာကြီးမင်းသုဝဏ် ကလဲ NLD အမတ် ဖြစ်နေတယ်။ အဲဒီတော့ သူက အပေါ်က လူကြီး။ အဲဒီတုန်းက ပေါ်လစီအရ အစိုးရဝန်ထမ်းက နိုင်ငံရေးနဲ့ အဆက်အသွယ် မလုပ်ရဘူးလို့ ပြောတဲ့အခါကြတော့ သူက ကျနော် မလုပ်လို့မရဘူး၊ ယောက္ခမ ကလည်း NLD, အဖေကလည်း NLD ပဲ။ အဲဒီတော့ ကျနော်ကို ထွက်ခွင့်ပြုပါဆိုပြီးတော့ တောင်းတဲ့အတွက်ကြောင့် ရှောရှောရှုရှု ထွက်ခွင့်ပေးပါတယ်။ အဲဒီအချိန်ကစပြီးတော့ NLD ထဲကို သွားတာလာတာ ဝင်တာထွက်တာ ရှိတာပေါ့။ နောက်တော်တော်လေး ကြာတော့မှ ဒေါ်စုနဲ့ တဖြည်းဖြည်း ရင်းနှီးလာပြီးတော့ ဒေါ်စု က သူ့ဆီကို ခေါ်လိုက်တာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အားလုံးကလဲ ဒေါ်စု သွားချင်လာချင်တဲ့နေရာကို ကားမောင်းပြီး လိုက်ပို့ပေးရတာပေါ့။ တကယ်လဲ ဒေါ်စုလည်း ကားတွေဘာတွေ မရှိဘူးဆိုတော့။ အဲဒီတော့ အရင်းနှီးဆုံး အားကိုးအားထား ပြုရတဲ့ ညာလက်ရုံးတယောက်လို ဖြစ်သွားတာပေ့ါ။ အဲဒီမှာ ဒေါ်စု ခရီးစဉ်တွေ သွားတဲ့အခါမှာ၊ ဒေါ်စု ပိတ်မိနေခဲ့တာတွေ ရှိတာပေါ့။ တော်တော်လေးလဲ အဲဒီကိစ္စက နာမည်ကြီးခဲ့ပါတယ်။ အဲဒီမှာလဲ ဦးထင်ကျော် ပါသွားတယ်လို့ ကြားမိလို့ပါရှင့်။

ဦးဉာဏ်စိုး ။ ။ ဦးထင်ကျော် နဲ့ သူ့ဇနီး ဒေါ်စုစုလွင် နှစ်ယောက်စလုံးက ဒေါ်စုနားမှာပဲ နေပြီးတော့ ပုဂ္ဂိုလ်ရေးအရ ကူညီကြတာပေါ့။ ကျနော့်ညီ ဦးထင်ကျော်ကလည်း သူက NLD Member မဟုတ်ပါဘူး။ ဒေါ်စုကို Personal အနေနဲ့ အင်မတန် ကြည်ညိုလေးစားတဲ့အနေနဲ့ ကူညီပြီးတော့ လုပ်ပေးတာ။ ဒါကြောင့်မို့ သူတချိန်ချိန်မှာ သူ ပိုက်ဆံရတဲ့အချိန်မှာ ကားဝယ်ထားခဲ့ပြီးတော့ ဒေါ်စုအတွက်ဆိုပြီး ထားထားပေးတယ်။ အဲဒီအထဲမှာ ဒေါ်စု ခရီးသွားမယ်ဆိုရင် သုံးလေးငါးရက်လောက် ဘယ်မှ မထွက်ဘဲနဲ့ စားလို့ရတဲ့ ရေအကုန်အစ၊ ဘတ်ထရီကအစ အကုန်အသင့်ထည့်ထားပေးတယ်။ သူကိုယ်တိုင် လိုက်ပို့တဲ့ဟာ ရှိသလို။ သိပ်ဝေးဝေးသွားတာတော့ လိုက်ပို့လေ့တော့ မရှိဘူးပေါ့။ ဒီအနီးတဝိုက်မှာ သွားရင်တော့ သူကိုယ်တိုင် မောင်းပို့တာမျိုးတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒလဘက် သွားတာမျိုးတွေ။

ဦးဉာဏ်စိုး ။ ။ ဟုတ်ကဲ့ အဲဒီလိုမျိုးတွေ ရှိပါတယ်။ တကယ်ကတော့ သူအဖမ်းခံရတဲ့အချိန်ကတော့ ဒေါ်စု မန္တလေးကို သွားမယ်ဆိုပြီးတော့ ရန်ကုန်ဘူတာကြီးမှာ လိုက်ပို့တဲ့အခါကြတော့ အဲဒီအခါမှာ အစိုးရအဖွဲ့က ပတ်ပြီးတော့ ဝိုင်းလိုက်ပြီးတော့ အထဲရှိတဲ့လူအားလုံးကို ဖမ်းကွာဆိုပြီး ဖမ်းတဲ့အခါမှာ သူ ပါသွားတယ်။ အဲဒီမှာ (၄) လလောက် အထဲမှာ နေရတယ်။ သူ့ကား အသိမ်းခံရတယ်ပေါ့။ ဒါပေမဲ့ ဒေါ်စုလွင် အနေနဲ့က သူ့ယောကျ်ား ဘာမှ မဟုတ်တာလုပ်တာ မရှိတဲ့အတွက်ကြောင့်။ စိတ်မကောင်းတာကလွဲလို့ စိုးရိမ်ပူပန်မှုတော့ မရှိဘူးပေါ့။ အချိန်တန်ရင်တော့ လွတ်မှာပဲဆိုပြီး အချိန်တန်တော့ လွတ်လာပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးလာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ် - တက္ကသိုလ်ရိပ်သာလမ်း အိမ်နံပတ် (၅၄) က တော်တော်လေးကို ဟောင်းနွမ်းပျက်စီးနေတဲ့ အခြေအနေမှာ ဝိုင်းဝန်းပြုပြင်တဲ့အထဲမှာ ဦးထင်ကျော် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်ရှင့်။

ဦးဉာဏ်စိုး ။ ။ ဦးထင်ကျော် က ဒေါ်စု အကျယ်ချုပ်ကျနေတဲ့အချိန်မှာ အဲဒီအချိန်မှာ အိမ်ကိုလည်း ပြင်ဖို့ လိုတယ်ဆိုတာတွေ၊ သူတို့ အထဲဝင်နေတဲ့အခါ သိနေတော့၊ ရေရှည်တော့ ဒီအတိုင်းကြီး မကောင်းဘူးဆိုပြီးတော့ ပြင်ဖို့ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ တခြားတယောက်နှစ်ယောက်နဲ့ လုပ်တယ်ပေါ့။ အဓိက သူက တာဝန်ယူပြီးတော့ တော်တော်များများကို Renovation လုပ်ပေးပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ မိခင်ကြီး မြန်မာနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီးသံအမတ်ကြီး ဖြစ်ခဲ့တဲ့ မိခင်ကြီး ဒေါ်ခင်ကြည်ကို ဂုဏ်ပြုပြီးတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း (Daw Khin Kyi Foundation) ဆိုပြီး တည်ထောင်ထားတာ ရှိပါတယ်။ အဲဒီမှာ ဦးထင်ကျော်ကနေ EC အဖွဲ့ - အလုပ်အမှုဆောင်အဖွဲ့ဝင်တယောက်အနေနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်နေတာ လူတွေလည်း အကုန်သိပြီးပါပြီ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ဦးထင်ကျော်တို့ ဆက်စပ်ပုံလေးကို သိသလောက်လေး ပြောပြပေးပါလားရှင့်။

ဦးဉာဏ်စိုး ။ ။ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို စပြီးတည်ထောင်တဲ့အချိန်က သိပ်အသေးစိတ်ကြီးတော့ ကျနော်တို့ မသိဘူး။ ဒါပေမဲ့ စပြီး ဖောင်ဒေးရှင်း လုပ်တဲ့အချိန်မှာ ကျနော် ယူဆတာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူကို တာဝန်ပေးလိုက်တယ်လို့ ထင်ပါတယ်။ အဲဒီမှာလဲ ငွေရေးကြေးရေးအရအစ အကုန်လုံးကို ဒုက္ခရောက်တဲ့ ပြည်သူပြည်သား ကူညီဖို့ကအစ အရေးကြီးတဲ့၊ တကယ်လုပ်နိုင်တဲ့၊ တကယ် စေတနာရှိတဲ့ လူဖြစ်ဖို့ အရေးကြီးတယ်ဆိုတော့ သူက ဦးထင်ကျော်ကို ရွေးတာ။ ဦးထင်ကျော်အနေနဲ့က လူမပြောနဲ့ တိရစ္ဆာန်ဆိုလည်း ခွေးလေးတွေ၊ ကြောင်လေးတွေကို အင်မတန်မှ ချစ်တယ်။ သူ့အိမ်ထဲရောက်လာတဲ့ ခွေး ခြေထောက်ကျိုးနေလည်း ကုတယ်။ ကြောင်လည်း သူကကျွေးတယ်။ ငှက်တွေလည်း ကျွေးတယ်။ သူက အကျင့်ရှိတယ်။ ဆိုလိုတာကတော့ တိရစ္ဆာန်တောင် အဲဒီလောက်ဆိုရင် လူဆိုရင် ပြောမနေတော့နဲ့ ဒုက္ခရောက်တဲ့လူကို ကူညီချင်တယ်။ ဓါတ်ပုံတွေထဲလည်း တွေ့မှာပါ။ သူက ဟိတ်ကြီးဟန်ကြီး မရှိဘဲနဲ့ ပုဆိုးကြီးမပြီး လျှောက်သွား။ ရွံထဲဗွက်တွေထဲ အဲဒီလောက်အထိ မျှော့တွေကျွတ်တွေကို မကြောက်မရွံဘဲနဲ့ လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါတွေကလည်း အခု သူ့ကို သမ္မတ ရွေးတဲ့အခါမှာတော့ သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ပြည်သူလူထုက သူကို ကောင်းကောင်းလက်ခံတဲ့သဘော ရှိမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးထင်ကျော်နဲ့ ပတ်သက်ပြီးတော့ အမှတ်တရ ထူးခြားတဲ့ အကြောင်းအရာလေးကို ပြောပြပေးပါအုံး။

ဦးဉာဏ်စိုး ။ ။ ကျနော် တခါတော့ အင်တာဗျူးတခုမှာ ပြောဖူးပါတယ်။ ဦးထင်ကျော် က ရိုးသားတယ်။ ဖြောင့်မတ်တယ်။ နောက်ပြီးတော့ သူက လာဘ်ပေးလာဘ်ယူ လုပ်တာမျိုးကို အင်မတန်မှ မနှစ်သက်တဲ့ သဘော ရှိပါတယ်။ တချိန်ကဆိုရင် သိပ်တောင်မကြာသေးပါဘူး။ သူက သူ့ရဲ့ ယောက္ခမ ဦးလွင်ရဲ့ အိမ်ကို ရောင်းပြီးတော့ အမွေးခွဲဖို့ ရောင်းကြတာပေါ့။ ရောင်းတဲ့အခါမှာ၊ စာချုပ်ချုပ်တဲ့အခါမှာ သူ့ရဲ့ Original ကိုပဲ တကယ် အရောင်းအဝယ်လုပ်တဲ့ဟာကိုပဲ စာချုပ်ချုပ်တယ်။ ချုပ်တဲ့အခါမှာ အခွန်ဦးစီးကို ပေးရမယ့်တာဝန်ရှိတော့ သူသွားပြီး တင်တဲ့အခါကြတော့ သူတို့က သိန်း (၅၀၀၀) ပိုပြီးတော့ သတ်မှတ်တယ်။ မဟုတ်ဘူး ဒါ ကျနော်တို့ အမှန်ပဲ .. ဒါက အပေါ်က အထက်ကနေ သတ်မှတ်တာ။ ကျနေ်ာတို့ လုပ်လို့ဘာမှ မရဘူး။ တကယ်တော့ ပေးရင်ကမ်းရင် ပြောင်းသွားနိုင်တယ့် သဘောရှိတယ်။ ဦးထင်ကျော် က မသိဘူး .. ဒါက သူဆောင်ရမယ့် ကျပ် (၅၀၀၀) ဖိုးအတွက်ကို သူ ပိုပြီးဆောင်ရတာပေါ့။ ကိစ္စမရှိဘူး။ ဒါပဲဆောင်မယ်။ သူတို့လက်ထဲရောက်မှာ မဟုတ်ဘူး။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ထဲကို ရောက်မှာဆိုတော့၊ နိုင်ငံတော်ကို ပေးတာဆိုတော့ ပေးမယ်ဆိုပြီးတော့ ပေးတယ်။ အဲဒီလိုဟာမျိုးပေါ့။ သူက ဒီလို ပေးရကမ်းပြီးတော့ ရတဲ့ဟာမျိုးကို အင်မတန်မှ စက်ဆုပ်ရွံရှာတယ်။ ဒီပြင်ကိစ္စဆိုလဲ အခွန်ဆောင်စရာရှိ အပြည့်။ သူများလို လျှော့ပေးပါတို့ ဘယ်တော့မှ မလုပ်ဘူး။ ဟိုက Offer ပေးရင်တောင် သူက မလုပ်ဘူး။ ဒီအတိုင်းပဲ လုပ်ပေးပါ၊ ကျနော် ဘာမှ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ကို ပေးရတာ။ တခြားလူကိုတော့ မပေးနိုင်ဘူး။ ဒီလို လူမျိုးပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါက ဒေါ်အောင်ဆန်းစုကြည် ကြိုက်တဲ့ အရည်အချင်းတွေထဲက အများကြီးထဲက တခုပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဂတိလိုက်စားမှု ပပျောက်ရေးကို အစွမ်းကုန်လုပ်သွားမယ်လို့ အားလုံးက ယုံကြည်ထားပါတယ်။ သမ္မတကြီး ဦးထင်ကျော်ကိုလည်း ဒီလိုပဲ ဒေါ်စု ယုံကြည်ရတဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ အားလုံးက ဒီလိုမျိုး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ပြည်သူအများက မျှော်လင့်နေကြပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးဉာဏ်စိုး ။ ။ ကျနော့်အနေနဲ့လဲ VOA လာပြီး အင်တာဗျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG