သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် အစီရင်ခံစာ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းခဲ့ရတဲ့အပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အရပ်ဖက်ပြည်သူတွေအပေါ် လုံးဝသုံးစွဲခြင်းမပြုဖို့ စည်းကမ်းချက်ကို ချိုးဖောက်ခဲ့တယ် ဖော်ပြထားပါတယ်။ ဘယ်စည်းကမ်းချက်ကို ချိုးဖောက်ခဲ့သလဲဆိုတာကို ဒီတပတ်ရဲ့ မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေ့နေဦးအောင်သိန်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်စုံစမ်းရေးကော်မရှင်က လူသိရှင်ကြား အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်း မရှိသေးပေမယ့် မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ကတော့ သီးသန့်စုံစမ်းမှုတရပ် ပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဓိက တွေ့ရှိချက်ကတော့ အရပ်ဖက်ပြည်သူအရေးကိစ္စတွေမှာ လုံးဝသုံးစွဲခြင်းမပြုဖို့ နိုင်ငံတကာက တားမြစ်ထားတဲ့ စည်းကမ်းချက်တရပ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တချို့က ချိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်ပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆန္ဒပြပွဲမှာ ဖြိုခွဲခဲ့တယ့်နေရာမှာ ရဲတပ်ဖွဲ့ကနေ သုံးခဲ့တဲ့ လက်နက်နဲ့ပတ်သက်ပြီးတော့ တချို့ကတော့ မီးလောင်းဗုံးပြောတယ်။ တချို့ကတော့ မီးခိုးဗုံးပြောတယ်။ တချို့ကတော့ မီးကျည်းလို့ ပြောတယ်။ အဲဒီလို ပြောနေတဲ့အထဲမှာ အခု အစီရင်ခံစာထဲမှာသုံးတဲ့ အသုံးအနှုန်းကတော့ မီးစုန်းငွေ့ဗုံးလို့ သုံးထားတယ်ဆိုပြီးတော့ တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပါလား။

ဦးအောင်သိန်း ။ ။ Prof. Roger Norman က သံရုံးကို အဲဒီပစ္စည်းကို ယူသွားပြီးတော့ lab ဓါတ်ခွဲခန်းမှာ စမ်းသပ်တယ်။ အခု ကျနော်တို့က သုံးလိုင်း ဖြစ်နေပြီ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သုံးလိုင်းဖြစ်ပြီ။ ဓါတုအဆိပ်သင့် ပစ္စည်းတခုအဖြစ် ဖြစ်ပေါ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးစွဲတဲ့ပစ္စည်းက စောစောကပြောသလို smoke bomb ခေါ်ခေါ် ဖေါ့စပရပ်စ်ဗုံးလိုပဲခေါ်ခေါ် firebomb လို့ပဲခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် အဲဒါကို အသုံးမပြုခင်မှာ မီးသတ်ပိုက်နဲ့ ရေပက်ဖြန်းတယ်။ ပြီးတော့ အဲဒီလက်နက်ကို အသုံးပြုတယ်ဆိုတဲ့သဘောကို ကျနော်တွေ့ရတယ်။ အဲဒီ သုံးလိုက်တဲ့ ဗုံးရဲ့ အတိုင်းအတာဟာ ဘယ်လောက်အထိ ထိရောက်သလဲ။ ဘယ်လို ဖြစ်ပေါ်သလဲဆိုတာ အဲဒါ အဓိကကျတယ်လို့ ကျနော်တို့ဘက်က ရှုမြင်သုံးသပ်တယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာရတဲ့လူတွေရဲ့ အနေအထားတွေကို ကြည့်တဲ့အခါမှာ အသားအရေတွေပါ အကုန်စုတ်ပြတ်သွားပြီးတော့ ခန္ဓာကိုယ်ထဲကို ရေတမျိုးက စိမ့်ဝင်ပြီးတော့ ရောဂါတရ အကြီးအကျယ်ခံစားနေရတဲ့ ခံစားမှုမျိုးတွေ တွေ့ရှိရတယ်ဆိုတဲ့ အတိုင်းအတာတွေကိုလည်း ကျနော်တို့ သိရပါတယ်။  

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ရဲတပ်ဖွဲ့က ရှင်းပြတဲ့ဟာက ဒီလက်နက်က လူထုကို ပစ်ခတ်တဲ့သဘောမျိုး မဟုတ်ဘဲနဲ့ ဒီဟာကို မီးကျည်းသဘောမျိုး သုံးခဲ့တာမျိုး မဟုတ်ဘူးလား။ လင်းအားကြီးအချိန်မှာ ဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ ဒီ အလင်းရောင်ရအောင်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်တာမဟုတ်ဘူးလား။

ဦးအောင်သိန်း ။ ။ အဲဒီလိုတော့ ကျနော်တို့ဘက်က မမှတ်ယူဘူး။ အလင်းရောင် ရအောင်လုပ်ဖို့ ရည်ရွယ်တယ်ဆိုတာလည်း နဂိုကတည်းမှ စနစ်တကျ စီစဉ်ထားတယ်ဆိုရင် ဒါတွေက ကားမီးတွေ အသုံးပြုမယ်။ တခြား မီးဆလိုက်တွေ အသုံးပြုလို့ရတယ်။ ဒီ ဝမ်ပေါင်ကုမ္မဏီရဲ့ ပတ်ဝန်းကျင်မျဉ်းကျားမှာ ဖြစ်နေတဲ့ကိစ္စ။ ဒါက ဘာမှခက်ခဲတဲ့ ကိစ္စမှ မဟုတ်ဘဲနဲ့။ ဒီလို မီးကျည်းသုံးပြီးတော့ စစ်ရေးအတွက် အသုံးပြုတဲ့ ပုံစံမျိုးနဲ့ သုံးစရာလိုတဲ့ အနေအထားမျိုးမှ မဟုတ်တာကို ကျနော်တို့ဘက်က အဲဒီလိုပဲ မှတ်ယူပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဦးအောင်သိန်း ပြောတဲ့စကားမှာ စစ်ရေးအရ အသုံးပြုရမယ့်ပစ္စည်းဆိုတဲ့ စကားလုံးပါလာတယ်။ အဲဒီ စကားလုံး တချက်ကပဲ အဓိကအားဖြင့် ဦးအောင်သိန်းတို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာပါတဲ့ အချက်ပေါ့။ ဒါက စစ်မြေပြင်သုံး လက်နက်အမျိုးအစားဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ အရပ်ဖက်အရပ်သား ကိစ္စတွေမှာ သုံးစွဲခွင့်မရှိဘူးဆိုတဲ့ လက်နက်အမျိုးအစားဖြစ်တယ်ဆိုတာကိုလည်း တွေ့ရှိထားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဘယ်လိုအချက်တွေကို တွေ့ခဲ့ရသလဲဆိုတာကို ရှင်းပြပါလား။ ဒီ လက်နက်အမျိုးအစားက အရပ်ဖက်ပြည်သူလူထုတွေအပေါ်မှာ မသုံးရဘူးဆိုတဲ့ အချက်အလက်က နိုင်ငံတကာ သဘောတူညီချက်၊ နိုင်ငံတကာ တားမြစ်ချက် အတိအကျရှိတယ်ပေါ့။

ဦးအောင်သိန်း ။ ။ ရှိပါတယ်။ Geneva Convention မှာ ပြဌာန်းထားချက်တွေ ရှိပါတယ်။ မျက်ရည်ယိုဗုံး သုံးတယ်ဆိုတဲ့ကိစ္စရပ်တွေကလည်း ကျနော်တို့ ကြုံခဲ့ဘူးတဲ့အတိုင်းအတာတွေမှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလောက်ကြီး ခန္ဓာကိုယ်ကို မီးစွဲလောင်ပြီးတော့ အရေပြားတွေ ပျက်စီးသွားတာမျိုးတော့ ကျနော်တို့ တခါမှ မတွေ့ဘူး။ ဒါက ထူးထူးခြားခြား အင်မတန် တွေ့ဆုံရတဲ့သဏ္ဍာန်တခုလို့ အဲဒီလို မြင်ပါတယ်။ အဲဒီတော့ အဲဒီလို ဖြစ်ပေါ်စေတဲ့ အနေအထားမျိုးဟာ ဘယ်လိုလက်နက်အမျိုးအစား သုံးသလဲဆိုတာ အင်မတန် အဓိကကျတဲ့အတွက်ကြောင့် ဒီ လက်နက်အမျိုးအစားမှာ ပါတဲ့အခြေအနေတွေကို ကျနော်တို့ သိရအောင် ဒါတွေက အဲဒီ လက်နက်အသုံးပြုတဲ့ပစ္စည်း ကျည်းဆန်ခွံတွေ အခြေအနေတွေဟာ လက်ပံတောင်းတောင် တဝိုက်မှာလည်း ပြန့်နှံနေတယ်။ တခြားလူတွေ လက်ထဲမှာလည်း ရှိတယ်။ အခုလိုပဲ professor ရဲ့ လက်ထဲမှာလည်း Roger Norman ရဲ့ လက်ထဲကိုလည်း ရောက်သွားတဲ့အခါမှာ Roger Norman က သွားပြီးတော့ အဲဒါကို ဓါတုဗေဒ စစ်ဆေးမှုတွေ ပြုလုပ်တယ်။ အဲဒီမှာ အဲဒီအဖြေတွေ ကျနော်တို့ တွေ့ရှိတယ်လို့ ဆိုရမှာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ သုံးစွဲခဲ့တဲ့ လက်နက်နဲ့ ပတ်သက်ပြီးတော့ အခု ဦးအောင်သိန်းတို့ ရှေ့နေများကွန်ရက်နဲ့ အမေရိကမှာ အခြေစိုက်တဲ့ Justice Trust စောစောကပြောတဲ့ Professor Roger Norman တို့ပါတဲ့ အဖွဲ့ကလာပြီးတော့ စုံစမ်းတဲ့နေရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တစုံတရာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးတာ မရှိဘူးလား။ ဥပမာ သူတို့ ဘယ်လိုလက်နက်မျိုး သုံးခဲ့ပါတယ်ဆိုတာကို နမူနာ ထုတ်ပြပေးတာတွေ မရှိဘူးလား။

ဦးအောင်သိန်း ။ ။ မရှိဘူးခင်များ။ အခုဟာက သူဟာသူ သီးခြားလေ့လာပြီးတော့ စုံစမ်းတွေ့ရှိချက်တွေပေါ်မှာ သူရရှိသွားတဲ့ပစ္စည်းအပေါ်မှာ သူ သုံးသပ်တာ။ ဒီဟာက ကျနော်တို့ လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ခန့်အပ်ထားတဲ့ လူတွေကိုတော့ သူတို့ ထုတ်ပေးကောင်းထုတ်ပေးမယ်၊ ပြကောင်းပြမယ်။ လက်တွေ့အသုံးပြကောင်းပြမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလို လက်နက်အမျိုးအစားကို သုံးတဲ့အတွက် ရဟန်းတပါးရဲ့ ခန္ဓာကိုယ်မှာ ကျရောက်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ သာမန်စစ်ရေးတွေမှာ သုံးတာထက် ပိုမိုပြီးတော့ လွန်ကဲသုံးတဲ့ အန္တရာယ်ကို ကျရောက်စေအောင် ရည်ရွယ်ပြီးတော့ သုံးတယ်ဆိုတာကို ကျနော်တို့ တွေ့ရှိမှတ်ယူနိုင်တဲ့ အနေအထားလည်း ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စုံစမ်းစစ်ဆေးမှုမှာ အမေရိကန်အခြေစိုက် Justice Trust က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာတာလဲ။

ဦးအောင်သိန်း ။ ။ အမေရိကန်ရှိ Justice Trust ကတော့ လက်ပံတောင်းတောင် အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ စိတ်ဝင်စားပုံပေါ်တယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျေးရွာပြည်သူလူထုနဲ့လည်း သွားရောက်ထိတွေ့တယ်။ ဘယ်လိုကြောင့် ဒီလို ကိစ္စရပ်တွေ ဖြစ်ပေါ်ရသလဲဆိုတာကို လေ့လာတယ်။ အဓိကတော့ သူတို့ ထိခိုက်အနာတရ ဖြစ်စေနိုင်တဲ့ လက်နက်ပစ္စည်းအမျိုးအစားကို ဘယ်လိုပစ္စည်းမျိုး သုံးသလဲဆိုတာကို လေ့လာစုံစမ်းမှုပါ။ ဒီလို စုံစမ်းစစ်ဆေးမှုက ကျနော်တို့ လွှတ်တော်ကနေ ပေးအပ်တဲ့ ကော်မရှင်တယောက်အပေါ်မှာ ပေးအပ်တဲ့တာဝန်တရပ်ကို လိုက်လံစုံစမ်းတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့က လက်နက်ပစ္စည်းအပေါ်မှာ အဓိကကျတဲ့ ခံစားရမှု။ လူရဲ့ ခံစားရမှုတွေ။ အဲဒီပစ္စည်းမှာပါတဲ့ ဓါတ်သတ္တုပစ္စည်း အဲဒီ ဆုံးရှုံးမှုပစ္စည်းရဲ့ ထိရောက်မှုတွေကို အဓိကထားတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က အဖြေတခု ထုတ်လိုက်တယ်။ ဒီလို စစ်ရေးအရ သုံးစွဲရမယ့် လက်နက်အမျိုးအစားကို သုံးစွဲဖို့ ဘယ်နိုင်ငံက ပေးသလဲ။
သို့မဟုတ် ဘယ်သူတွေက ဒီဟာကို တာဝန်ယူ သုံးစွဲသလဲ။ သာမန်ရဲ၊ ပြည်သူဝန်ထမ်းတွေမှာ သုံးစွဲလေ့ရှိတဲ့ လက်နက်အမျိုးအစား မဟုတ်ဘူးဆိုတာကိုတော့ ကျနော်တို့ရဲ့ အတွေ့အကြုံအရလည်း တွေ့ရှိနိုင်ပါတယ်။ အဲဒါထက် လွန်ကဲတဲ့ လက်နက်အမျိုးအစားမျိုးကို ရဲဝန်ထမ်းတွေက သုံးစွဲပြီးတော့ ပြုလုပ်လာနိုင်အောင် ဘယ်သူတွေက ထုတ်ပေးသလဲ။ အဲဒီပစ္စည်းတွေက ဘယ်နိုင်ငံတွေမှာ သုံးလေ့သုံးထ ရှိသလဲ။ အဲဒီ ပစ္စည်းတွေကို အသုံးပြုတဲ့အခါမှာ ဘယ်သူတွေကနေ သုံးခွင့်ပေးသလဲ။ ဘယ်သူတွေက အမိန့်ပေးသလဲဆိုတဲ့။ ဘယ်သူက ဒါတွေကို တာဝန်ယူပြီး ဆောင်ရွက်သလဲဆိုတဲ့ အဖြေကို ရှာဖို့အတွက်ပဲ ကျနော်တို့ သက်သက်ရည်ရွယ်ပါတယ်။ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ်မှာ အဲဒီဟာပေါ်မှာ တထောင့်တနေရာကနေ ပံ့ပိုးပြီးတော့ ထုတ်ပြန်အစီရင်ခံပေးတဲ့ အစီရင်ခံစာတရပ် ဖြစ်တယ်လို့ပဲ ကျနော်တို့က ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ အခုလောလောဆယ် အခြေအနေက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်ကတော့ သမ္မတကြီးဆီကို သူတို့ သီးသန့်အစီရင်ခံစာတခု ပို့ပြီးပြီလို့ ကျနော်တို့ ကြားသိရတယ်။ ဒါပေမဲ့ လူသိရှင်ကြား အစီရင်ခံစာတော့ ထုတ်ပြန်မှု မရှိသေးဘူး။ ဒီလို မရှိသေးတဲ့ အခြေအနေမှာ ဦးအောင်သိန်းတို့ရဲ့ ရှေ့နေများကွန်ရက် အစီရင်ခံစာက သီးသန့် ဒီလိုထွက်လာပြီးတော့ ဒီလို ကြီးလေးတဲ့ စွပ်စွဲချက် တွေ့ရှိချက်တခုနဲ့ဆိုတော့ ဒီ လွှတ်တော်စုံစမ်းရေးကော်မရှင်ကို ဖိအားပေးတဲ့ သဘောမျိုး ဖြစ်မနေဘူးလား။

ဦးအောင်သိန်း ။ ။ ကျနော်တို့က အဲဒီလိုတော့ မရည်ရွယ်ပါဘူးခင်များ။ ကျနော်တို့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည်ထံကို ကျနော်တို့ အီးမေးလ်နဲ့လည်း ပေးပို့ထားတယ်။ နောက် စာတိုက်ကနေလည်းပေးတယ်။ နီးစပ်တဲ့လူကလည်း တဆင့်ပေးဖို့။ ကျနော်တို့ ဒါတွေအကုန် ပေးပို့ထားပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနကိုလည်း ပေးတယ်။ လူ့အခွင့်အရေးကော်မရှင်ကိုလည်း ပေးပို့ထားပြီး ဖြစ်ပါတယ်။ အဲဒါတွေ ပေးပြီးမှ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် ကော်ရှင်နာ အစီရင်ခံစာ ပြီးဆုံးသွားတောင်မှ ကျနော်တို့က နောက်ဆက်တွဲ သိရှိခဲ့သည်။ နောက်ဆက်တွဲပေါ်မှာ ဖြည့်စွက်ချက်အနေနဲ့ ကျနော်တို့က အားပြုပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာ အတိုင်းအတာပေါ်မှာ ဘယ်လို အစီရင်ခံသလဲဆိုတာ အများပြည်သူတွေ မသိနိုင်သလို၊ ကျနော်တို့လည်း မသိနိုင်ပါဘူး။ သို့ပေမဲ့ ကျနော်တို့ရဲ့ အစီရင်ခံစာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာအပေါ်မှာ ထိခိုက်သွားစေနိုင်တဲ့ အတိုင်းအတာမျိုးလည်း မဖြစ်ပေါ်စေဘူးဆိုတာလည်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဟာပေါ်မှာ ကျနော်တို့ Justice Trust နဲ့ ကျနော်တို့ ရှေ့နေများကွန်ရက်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် အခြေအနေမှာ လက်ပံတောင်းတောင် ကိစ္စမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူလူထုတွေနဲ့ ဘုန်းတော်ကြီးတွေ။ ဒီ ဒဏ်ရာရရှိသူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တစုံတရာ နစ်နာကြေး၊ လျှော်ကြေးပေးတာမျိုးတွေ ရှိနေပြီလား။ တကယ်လိုများ ဒီ အစီရင်ခံစာမှာ ထုတ်ပြန်ထားသလို သုံးစွဲခွင့်မရှိတဲ့ လက်နက်ကို သုံးစွဲတယ်ဆိုတဲ့ အခြေအနေမျိုးက အခိုင်အမာဖြစ်လာပြီဆိုရင် သက်ဆိုင်ရာတွေကို တရားစွဲရေး၊ ဒါမှမဟုတ် နစ်နာကြေးအတွက် လျှော်ကြေးတောင်းခံရေးတွေမှာ ရှေ့နေများကွန်ရက်အဖွဲ့က ဘယ်လိုများ ဆောင်ရွက်နိုင်ပါသလဲ။

ဦးအောင်သိန်း ။ ။ ကျနော်တို့က အခု အစီရင်ခံစာတစောင် ထုတ်ပြန်တယ်။ အဲဒီရဲ့ response က ဘယ်သူတွေက ဒါကို ပြန်ကြားမလဲဆိုတာကိုလဲ စောင့်သိဖို့ လိုတာပေါ့။ အစီရင်ခံစာမှာ မေးခွန်းတွေလည်းပါပါတယ်။ ကျနော်တို့ရဲ့ သုံးသပ်ချက်တွေလဲ ပါနေပါတယ်။ အဲဒီတော့ ဒီလို ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့ ပတ်သက်ပြီးတော့ လတ်တလော ဆေးဝါးကုသမှုပေးနေတာကတော့ အစိုးရလည်း ပေးကောင်းပေးနိုင်သလို၊ တခြား ရဟန်းသံဃာတွေလည်း အကူအညီပြုပြီး ပေးနေတာတွေ ရှိနေတယ်ဆိုတာကို ကျနော် သိရပါတယ်။ ဒါက ကျနော်တို့ ထိခိုက်ဒဏ်ရာ အနာတရဖြစ်မှုပေါ်မှာ ကျနော်တို့ ကုစားမှုကိုပဲ စဉ်းစားတာပါ။ ဒါပေမဲ့ ဒီဟာက ရာဇဝတ်မှု မြောက်သလား၊ မမြောက်ဘူးလားဆိုတဲ့ ဥပဒေအမြင်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ဘက်ကတော့ ဒီဟာက လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် နေထိုင်သူတွေအပေါ်မှာ ယခုလို လက်နက်အမျိုးအစားကို သုံးစွဲခြင်းဟာ အင်မတန်မှ မတရားနစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတဲ့ အတိုင်းအတာ ပေါ်ပေါက်တယ့် အနေအထားမျိုးကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့် သူတို့ရဲ့ နစ်နာမှုတွေကို ဘယ်လို နိုင်ငံတော်က ကုစားပေးမလဲဆိုတာကို စောင့်ကြည့်ရင်နဲ့ပဲ လိုအပ်တဲ့ ဥပဒေအတိုင်းအတာအရ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ် ဆိုတာလည်း ကျနော်တို့မှာ အစီအစဉ်တွေ ရှိနေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်မြို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်အဖွဲ့က တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်း ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG