သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်သစ်ပါတီ နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကြား ဆွေးနွေးမှုတွေ ပြေလည်နိုင်ဖို့ အချိန်အများကြီး လိုသေးတယ်လို့ မွန်ပြည်သစ်ပါတီ စည်းရုံးရေးဌာနရဲ့ ဒုတိယတာဝန်ခံ ဦးနိုင်ယက္ခ က ပြောဆိုပါတယ်။ ဆွေးနွေးကြတဲ့နေရာမှာ အစိုးရဖက်က အပေါ်စီးယူထားတဲ့အချက်တွေကို တိုင်းရင်းသားတွေကို အတင်းလက်ခံခိုင်းနေမယ်ဆိုရင်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားများအရေး ဆွေးနွေးပွဲကို လာရောက်တက်ရင် အမေရိကန်ပြည်ထောင်စုကို ရောက်လာစဉ်မှာ ဦးနိုင်ယက္ခ ကို ဗွီအိုအေ က တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဦးနိုင်ယက္ခအပါအဝင် မွန်ကိုယ်စားလှယ် (၆) ယောက် တက်ရောက်ခဲ့တဲ့ ကုလသမဂ္ဂဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေအရေး တင်သွင်းခဲ့တဲ့ စာတမ်းအပါအဝင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးနိုင်ယက္ခ ကျနော်တို့ ဗွီအိုအေကို အခုလို လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ဗွီအိုအေမိသားစုအနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး ဦးနိုင်ယက္ခတို့ အမေရိကန်ပြည်ထောင်စု အခုခရီးစဉ်က လူ (၆) ယောက်လာတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်က ဘာအတွက် လာတာပါလဲ။ ဘယ်သူတွေရဲ့ ဖိတ်ခေါ်ချက်နဲ့ လာတာလဲခင်များ။

ဦးနိုင်ယက္ခ ။ ။ အမေရိကမှာရှိတဲ့ MAA ကပါ။ MAA ဆိုတာက အမေရိကမှာရှိတဲ့ မွန်ကွန်မြူနီတီတွေအားလုံး ပေါင်းပြီးဖွဲ့ထားတဲ့ MAA က ဖိတ်တာပါ။ ကုလသမဂ္ဂမှာ ကျင်းပပြုလုပ်တဲ့ indigenous issue အတွက်ကို ကျနော်တို့ မွန်ကိုယ်စားလှယ်တွေအနေနဲ့ တက်ရောက်လာတာပါ။

ဦးကျော်ကျော်သိန်း ။ ။ ဆိုတော့ ကုလသမဂ္ဂမှာ လူမျိုးစုတိုင်းရင်းသားများရေးရာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ညီလာခံကို တက်ရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့စာတမ်းတစောင်လည်း တင်ခဲ့တယ်လို့ သိထားပါတယ်။ အဲဒီ ညီလာခံမှာ ဘာတွေများ ဆွေးနွေးတင်ပြခဲ့ပါသလဲ။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့ ညီလာခံမှာ တင်သွင်းတဲ့ စာတမ်းရဲ့ အကျဉ်းချုပ်ကတော့ ၂၀၀၈ constitution ဟာ မြန်မာပြည်သူတွေ တဘဝလုံးကို အာမခံချက်မပေးနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်ရယ်။ ပြီးရင် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အလုပ်လက်မဲ့ပြဿနာတွေ၊ လယ်ယာမြေ သိမ်းဆည်းတဲ့ ပြဿနာတွေ၊ အမျိုးသမီးတွေ rape လုပ်ခံရတဲ့ ပြဿနာတွေ၊ ကျောက်မီးသွေးစက်ရုံကိစ္စတွေ၊ တိုင်းရင်းသားတွေ စာပေသင်ကြားတဲ့နေရာမှာ တိုင်းရင်းသားစာပေကို တတန်းတည်းသင်ပေးတဲ့ နေရာမှာ ကျနော်တို့ တိုင်းရင်းသားစာပေ ရေရှည်တက်မြောက်ဖို့က အာမခံချက်မရှိဘူး။ ကျနော်တို့က အဲဒါကို တင်သွင်းတယ်။ နောက် သံလွင်ရေကာတာ (၆) ခုဟာ ကျနော်တို့ မွန်တွေရဲ့ဘဝကို အကျိုးမဖြစ်စေတဲ့အကြောင်းတွေ။ အချုပ်ကတော့ တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ရမှ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရနိုင်မယ်။ UN အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးတွေကို အထောက်အကူပေးဖို့အတွက် တိုက်တွန်းနှိုးဆော်တဲ့အချက်တွေကို ချုပ်ပြီးတော့ တင်ပြပေးခဲ့တယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒီထဲမှာ ငြိမ်းချမ်းရေးကိစ္စလည်းပါပါတယ်။ နောက်ပိုင်းမှာ အဲဒီအကြောင်းကို ပြောကြပါမယ်။ ဦးနိုင်ယက္ခတို့ တင်ပြခဲ့တဲ့ စာတမ်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာတင်တဲ့အခါ ကုလသမဂ္ဂဖက်က တုန့်ပြန်ချက်၊ စိတ်ဝင်စားမှုတွေကရော အားရကျေနပ်ပါရဲ့လား။

ဦးနိုင်ယက္ခ ။ ။ အားရကျေနပ်မှု ရှိပါတယ်။ ကျနော်တို့ တကမ္ဘာလုံးမှာရှိတဲ့ ingenious လူမျိုးစုအများကြီးကတော့ သူတို့ရဲ့ သက်ဆိုင်ရာ ရသင့်တဲ့အခွင့်အရေးတွေကို တင်တဲ့အခါကြတော့ ကုလသမဂ္ဂကလည်း လေးလေးစားစားနဲ့ လက်ခံနားထောင်ပြီးတော့ respond ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒီ ကုလသမဂ္ဂမှာ ဆွေးနွေးပွဲတက်ခဲ့တဲ့အပြင် တခြားအမေရိကန်ပြည်ထောင်စုက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာရှိပါသလား။

ဦးနိုင်ယက္ခ ။ ။ ရှိပါတယ်။ မနေ့တုန်းက Indiana Senator တယောက်နဲ့ တွေ့ခဲ့ပါတယ်။


ဦးကျော်ကျော်သိန်း ။ ။ အဲဒီလိုမျိုး တွေ့ဆုံပြီး ဆွေးနွေးရတာတွေကရော ထိရောက်မှုရှိပါရဲ့လား။

ဦးနိုင်ယက္ခ ။ ။ အများကြီးထိရောက် အကျိုးရှိပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ အခုဟာကတော့ အဓိကခရီးစဉ်ကတော့ ကုလသမဂ္ဂကလုပ်တဲ့ လူမျိုးစုတိုင်းရင်းသားရေးရာ ဆွေးနွေးပွဲကို တက်ရောက်လာကြတာပေါ့။ ဦးနိုင်ယက္ခ က မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်တယ်။

ဦးနိုင်ယက္ခ ။ ။ စည်းရုံးရေးဌာန ဒုတိယတာဝန်ခံ ဖြစ်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးနိုင်ယက္ခ က မွန်ပြည်သစ်ပါတီရဲ့ စည်းရုံးရေးဌာနရဲ့ ဒုတိယတာဝန်ခံ ဖြစ်ပါတယ်။ နောက် လက်ရှိမှာလဲ မွန်ပြည်သစ်ပါတီက အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ အဲဒါတွေကို ဆွေးနွေးညှိနှိုင်းနေတဲ့အထဲမှာ မွန်ပြည်သစ်ပါတီကလည်း ကိုယ်တိုင်ပါဝင်နေတာရှိပါတယ်။ ကျနော် နားလည်းထားသလောက်ဆိုရင် NCCT, UNFC ပါဝင်နေတယ်လို့ နားလည်းပါတယ်။ ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဦးနိုင်ယက္ခ ။ ။ အဓိကချုပ်ပြီး ပြောလိုက်ရင်တော့ ကျနော်တို့က ဆွေးနွေးပွဲရဲ့ နောက်ဆုံးအခြေအနေက ပြေလည်ဖို့က အချိန်အများကြီး ယူရမယ်။ နောက်ဆုံးမှာတော့ စကားလုံးညှိတဲ့နေရာမှာ သွားပြီးတော့ တစ်နေတာ။ တော်လှန်သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့ကိစ္စ၊ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စ၊ ၂၀၀၈ အခြေခံဥပဒေ လက်ခံဖို့ကိစ္စ၊ တည်ဆဲဥပဒေကို လိုက်နာဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှေ့မတိုးနောက်မဆုတ် deadlock ဖြစ်နေတယ်။ အဲဒါကို အချိန်ပေးပြီး ပြန်ဆွေးနွေးဖို့၊ အချိန်ပေးပြီး ဆွေးနွေးဖို့ အဲဒီလို အခြေအနေကို ရောက်နေတာပါ။

ဦးကျော်ကျော်သိန်း ။ ။ ဒီအချက်တွေက ပြောရမယ်ဆိုရင် တော်လှန်ရေးတို့၊ လက်နက်ကိုင်အဖွဲ့အစည်းတို့၊ ဖယ်ဒရယ်ပြည်ထောင်စု၊ ၂၀၀၈ အခြေခံဥပဒေကိစ္စတို့ အခုနပြောခဲ့တဲ့အချက်တွေက တကယ့်တကယ်ပြောရင် တိုင်းရင်းသားလူမျိုးစုတွေက တောက်လျှောက်ကိုင်စွဲ သုံးစွဲလာတဲ့ ဝေါဟာရတွေ ရပ်တည်ချက်တွေ ဖြစ်ပါတယ်။ ဆိုတော့ ပြေလည်မှုရဖို့ အလားအလာရှိပါသလား။

ဦးနိုင်ယက္ခ ။ ။ ဒီလို အခြေအနေအတိုင်းဆိုရင်တော့ နည်းနည်းတော့ အချိန်တော့အများကြီး စောင့်ရမယ်။ ပြေလည်ဖို့ သိပ်မလွယ်ဘူးထင်တယ်။
ဦးကျော်ကျော်သိန်း ။ ။ ဘာကြောင့် ပြေလည်ဖွယ်မလွယ်နိုင်တာလဲ။ တိုင်းရင်းသားလူမျိုးစုအဖွဲ့တွေဖက်ကလည်း ဒါတွေနဲ့ ပတ်သက်လို့ လုံးဝမလျှော့နိုင်ဘူးဆိုတဲ့ သဘောထားတွေကြောင့်လား။ အစိုးရဖက်ကရော ဒါတွေကို လုံးဝလက်မခံနိုင်ဘူးဆိုတဲ့ သဘောထားကြောင့်လား။ ဘာကြောင့်များ ပြေလည်ဖို့ မလွယ်နိုင်သေးတာလဲ။

ဦးနိုင်ယက္ခ ။ ။ ဒီအခြေအနေက အခုန တောင်းဆိုတဲ့အချက်တွေက ကျနော်တို့ဘဝ ရေရှည်ရပ်တည်ရေးအတွက် ကိုင်စွဲပြီးတော့ အခိုင်အမာတောင်းဆိုရမယ့်အချက်။ ကျနော်တို့ တောက်လျှောက်လည်း တောင်းဆိုခဲ့တာပဲ။ လက်ရှိအခြေအနေမှာ သူတို့တွေက အပေါ်စီးယူထားတဲ့ အခြေအနေ။ ဒါတွေကို အတင်းအကြပ် လိုက်နာခိုင်းမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဦးကျော်ကျော်သိန်း ။ ။ သူတို့က အစိုးရဖက်ကနေ ဦးနိုင်ယက္ခတို့ တိုင်းရင်းသားလူမျိုးစုတွေကို သူတို့ပြောတဲ့အချက်တွေကို လက်ခံရမယ်ဆိုတဲ့ အတင်းအကြပ်၊ တွန်းအားပေးတာတွေ ကြုံရပါသလား။

ဦးနိုင်ယက္ခ ။ ။ အဲဒါတော့ မရှိပါဘူး။ ဆွေးနွေးတယ်။ ဆွေးနွေးတာ မပြေလည်ဘူး။ မပြေလည်းတော့ နောက်တကြိမ် ပြန်ချိန်တာပေါ့။

ဦးကျော်ကျော်သိန်း ။ ။ အဓိပ္ပါယ်ကတော့ NCCT UNFC နဲ့ MPC မြန်မာငြိမ်းချမ်းရေးဗဟိုဌာနနဲ့ ဆွေးနွေးပွဲတွေကို ထပ်လုပ်ရအုံးမယ်။ ဘယ်လောက်ထိ ကြာသွားနိုင်ပါသလဲ။ အကြမ်းမျဉ်း ခန့်မှန်းကြည့်ရအောင်ပါ။ ဥပမာ အခုလက်ရှိ ၂၀၁၄ မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ရှိပါတယ်။ ၂၀၁၅ မှာလည်း နှစ်ကုန်ပိုင်းလောက်မှာ ခန့်မှန်းရတဲ့ ရွေးကောက်ပွဲကြီးလာဖို့ ရှိပါတယ်။ နောက်တခါ အစိုးရကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကြီးလုပ်ဖို့ အလားအလာ၊ အခြေအနေလည်း ကြိုးစားနေတယ်။ ဆိုတော့ အခုလိုမျိုး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အခြေအနေ ဘယ်လောက်အထိ ကြာသွားနိုင်ပါသလဲ။ အခုနပြောခဲ့တဲ့ ရွေးကောက်ပွဲတွေ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲတွေကို အဟန့်အတားဖြစ်သွားနိုင်စေပါသလား။

ဦးနိုင်ယက္ခ ။ ။ အဲဒါကတော့ အကြောင်းအရာပေါ် မူတည်တာပေါ့။ ကျနော်တို့တင်တဲ့လိုင်းက နိုင်ငံရေးဆွေးနွေးပွဲကို ပြေလည်အောင်လုပ်ပြီးမှ အပစ်အခတ်ရပ်စဲရေးကိုသွားဖို့။ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲက မပြေမလည်မချင်းကတော့ ကျနော်တို့ အချိန်တွေ အများကြီးယူရဖို့သဘောရှိတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဦးနိုင်ယက္ခ ဆိုလိုတာက အပစ်အခတ်ရပ်စဲရေးမတိုင်မီ နိုင်ငံရေး ဆွေးနွေးပွဲလုပ်ရမယ်ဆိုတဲ့ သဘောလား။ ဒါပေမဲ့ အခုလက်ရှိက အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲကတော့ မလုပ်ရသေးဘူး။ လက်ရှိမှာတော့ အပစ်အခတ်ရပ်စဲရေးက သဘောတူထားကြပြီ မဟုတ်လား။

ဦးနိုင်ယက္ခ ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးက။ ကျနော်တို့က မူကြမ်းရှိတာပေါ့။ NCCT တင်ထားတဲ့ မူကြမ်းကို MPC က လက်ခံမှ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးဖို့ အဲဒီလို တင်ထားတာ။

ဦးကျော်ကျော်သိန်း ။ ။ ကျနော် ရှင်းအောင်နည်းနည်း မေးပါရစေ။ လက်ရှိ မွန်ပြည်သစ်ပါတီနဲ့ အစိုးရက တရားဝင် အပစ်အခတ်ရပ်စဲရေးကို သဘောတူထားပြီမဟုတ်လား။ ဆိုတော့ ဒီလို သဘောအရဆိုရင် အပစ်အခတ်ရပ်စဲရေးတော့ သဘောတူထားပြီသာ၊ နိုင်ငံရေးဆွေးနွေးပွဲကတော့ မလုပ်ရသေးဘူး။ လုပ်ဖို့အတွက် ဆွေးနွေးနေဆဲ။

ဦးနိုင်ယက္ခ ။ ။ နိုင်ငံရေးဆွေးနွေးဖို့ တနှစ်အချိန် ဆွေးနွေးတဲ့အခါကြမှ အပစ်အခတ်ရပ်စဲရေးကို တနှစ်ကြာတဲ့အခါကြရင် နိုင်ငံရေးဆွေးနွေးဖို့ လုပ်ထားတယ်။ ဒါပေမဲ့ အဲဒါကို အခုထိ မစရသေးဘူး။

ဦးကျော်ကျော်သိန်း ။ ။ ဆိုတော့ လက်ရှိသွားနေတဲ့ ဆွေးနွေးပွဲတွေက အစိုးရဖက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကြီးဆိုတာကို တိုတိုတိတ်တိတ် လုပ်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ အဲဒီအပေါ် မွန်ပြည်သစ်ပါတီက ဘယ်လိုသဘောထားပါသလဲ။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့အပိုင်းကတော့ အခုနပြောသလို နိုင်ငံရေးဆွေးနွေးမှုကို အရင်စဖို့ပါ။ နိုင်ငံရေးဆွေးနွေးပြီးမှ တနိုင်ငံလုံးဆိုင်တဲ့ အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ လုပ်မှာပေါ့။ နိုင်ငံရေးဆွေးနွေးပွဲပြေလည်မှ ဒါက NCCT အနေနဲ့ တနိုင်ငံလုံးဆိုင်တဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ကြိုးစားမှာပါ။

ဦးကျော်ကျော်သိန်း ။ ။ သီးခြားတဖွဲ့စီတဖွဲ့အနေနဲ့က တပိုင်း။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးကို နိုင်ငံရေးဆွေးနွေးပွဲပြီးမှဆိုတာ NCCT ရဲ့ သဘောထား။ NCCT ထဲမှာ ကျနော်နားလည်းထားသလောက် မပါတဲ့အဖွဲ့တွေရှိတယ်။ ဥပမာ ဝ၊ ကိုးကန့်အဖွဲ့တွေ မပါဘူး။ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်လို့ ဦးနိုင်ယက္ခတို့ NCCT အနေနဲ့ ဘယ်လိုသဘောထားပါသလဲ။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းနိုင်တဲ့ အခြေအနေတွေ ရှိပါသလား။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေတုန်းပါ။ အကုန်လုံး ပါလာဖို့အတွက်။ ကျနော်တို့ ဝ၊ ကိုးကန့်အဖွဲ့တို့နဲ့ ဆက်လက်ညှိနှိုင်းနေတုန်း။

ဦးကျော်ကျော်သိန်း ။ ။ ဒါဆို အခုနပြောသလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးပွဲမတိုင်ခင် ဦးနိုင်ယက္ခတို့ရဲ့ သဘောထားက နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရဖို့။ အဲဒီလိုမျိုး ဖြစ်နိုင်ချေ ရှိရဲ့လား။ တဖတ်က ဒါကိုလက်ခံနိုင်ပါ့မလား။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့ကတော့ ဖြစ်နိုင်ချေရှိအောင် ဖြစ်တဲ့နည်းလမ်းတွေကို ရှာကြံပြီးတော့ ဖြစ်နိုင်အောင် ကြိုးစားရမှာပေါ့။

ဦးကျော်ကျော်သိန်း ။ ။ အဲဒီလို ဖြစ်နိုင်အောင် ကြိုးစားတဲ့နေရာမှာ ဒီလိုအဆင့် တနိုင်ငံလုံး နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရမယ်။ ပြီးတော့မှ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးမယ်။ အဲဒီအဆင့်ကို လက်ခံနိုင်အောင် ဦးနိုင်ယက္ခတို့ရဲ့ ဆွေးနွေးချက်တွေက ဘာတွေများလဲ။ တဖတ်က ဒီအခြေအနေကို လက်ခံနိုင်အောင် ဆွေးနွေးဖို့ ဘယ်လိုတင်ပြဆွေးနွေးဖို့ ရှိပါသလဲ။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့ကတော့ အခုန ကျနော်ပြောတဲ့ ရပ်တည်တဲ့ကိစ္စတွေ။ ဖယ်ဒရယ်တို့ဘာတို့။ အဓိကတော့ နိုင်ငံရေး timeframe ကို ဆွေးနွေးလို့ ပြေလည်တဲ့အခါကြမှ နောက်တဆင့် အပစ်အခတ်ရပ်စဲရေးကို သွားရမှာပေါ့။ မပြေလည်သရွေ့တော့ အဓိကတော့ သူတို့ရဲ့ လိုလားချက်တွေ၊ ကျနော်တို့ လိုလားချက်တွေကို ဖြစ်နိုင်အောင် ကျနော်တို့ ညှိနှိုင်းကြရမှာပေါ့။ ညှိလို့ရအောင် လုပ်ကြရမှာပေါ့။

ဦးကျော်ကျော်သိန်း ။ ။ ကျနော် အခုနကတော့ မေးတော့မေးပါတယ်။ နည်းနည်းရှင်းသွားအောင် မေးပါရစေ။ အဲဒီလို အပစ်အခတ်ရပ်စဲရေးကြီးဖြစ်၊ တနိုင်ငံလုံး သေနတ်သံချုပ်၊ ငြိမ်းချမ်းရေးရ။ အဲဒီလိုမျိုး အခြေအနေကို မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဘယ်အချိန်ကာလလောက်မှာ ရနိုင်မယ်လို့ ဦးနိုင်ယက္ခ အကြမ်းဖျဉ်း ခန့်မှန်းနိုင်သလဲ။

ဦးနိုင်ယက္ခ ။ ။ အချိန်အတိအကျတော့ ပြောဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့ အကြောင်းအရာပေါ် မူတည်တာပေါ့။ အဓိကတော့ ကျနော်တို့ကတော့ ရှင်းနေပါတယ်။ တဖတ်က ပြေပြေလည်လည် သဘောထားကြီးကြီးနဲ့ မြန်မာပြည်သူပြည်သားတွေအားလုံး စေတနာထားပြီး ဆွေးနွေးကြမယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့ကာလ မဝေးတော့ပါဘူး။

ဦးကျော်ကျော်သိန်း ။ ။ ဆိုတော့ မြန်မာအစိုးရတပ်မတော် စစ်တပ်ဖက်ကရော တကယ်ပဲ အပစ်အခတ်ရပ်စဲချင်တယ်။ တကယ်ပဲ ငြိမ်းချမ်းရေး လိုချင်တယ်လို့ ဦးနိုင်ယက္ခတို့ မွန်ပြည်သစ်ပါတီအနေနဲ့ မွန်ပြည်သစ်ပါတီနဲ့ ထိဆက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ ဒီအပေါ်မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ယုံယုံကြည်ကြည် စိတ်ချလက်ချ ရှိပါရဲ့လား။

ဦးနိုင်ယက္ခ ။ ။ ပါးစပ်ကတော့ သူတို့ ပြောနေတာပေါ့။ လက်တွေ့လုပ်ရပ်အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ရမှာပေါ့။

ဦးကျော်ကျော်သိန်း ။ ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြားထဲမှာ တသဘောတည်း အဲဒါမျိုးအခြေအနေကို သွားနိုင်တဲ့အခြေအနေမျိုး ရှိပါရဲ့လား။

ဦးနိုင်ယက္ခ ။ ။ သနင်္ဂဗျူဟာ မူအရကတော့ အားလုံးသဘောတူပါတယ်။ ဒါပေမဲ့ တချို့သောနေရာမှာ ကွဲလွဲတဲ့နည်းနာတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။

ဦးကျော်ကျော်သိန်း ။ ။ အခု မြန်မာနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နိုင်ငံတကာ အမေရိကန်၊ ဥရောပနိုင်ငံ၊ ဂျပန်လို့ အာရှနိုင်ငံတွေ၊ ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းတွေ သူတို့ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဦးနိုင်ယက္ခတို့ ဘယ်လို သဘောထားပါသလဲ။ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လောက်အထိ အရေးပါပါသလဲ။

ဦးနိုင်ယက္ခ ။ ။ ဒီမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ သူတို့ရဲ့ အခန်းကဏ္ဍက သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ ကျနော်တို့ တခု သတိထားရမှာက ကျနော်တို့ ဘက်နှစ်ဖက်ရဲ့ တကယ့်ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အမှန်အတိုင်း၊ အရှိအတိုင်း ဆန္ဒစွဲကင်းကင်းနဲ့ လေ့လာပြီးတော့ ကျနော်တို့ ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပကတိအခြေအနေအတိုင်း၊ ဆန္ဒအရင်းအမှန်နဲ့ ချဉ်းကပ်ပြီး အကောင်အထည်ဖော်မယ်၊ ဖြေရှင်းမယ်ဆိုရင် ပြေလည်ဖို့က သိပ်ကိုနီးစပ်ပါတယ်။

ဦးကျော်ကျော်သိန်း ။ ။ ဒီနိုင်ငံတွေ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့က သူတို့ရဲ့ ဆန္ဒစွဲလေးတွေ၊ ဖြစ်ချင်ဇောလေးတွေ များပြီးတော့ ပြောတာဆိုတာ တွန်းတာမျိုးလေးတွေ ရှိတယ်ပေါ့။

ဦးနိုင်ယက္ခ ။ ။ အဓိကတော့ နှစ်ခုစလုံးကို ပကတိအခြေအနေကို လေ့လာသုံးသပ်တဲ့နေရာမှာကြတော့ အရှိကိုအရှိအတိုင်း မြင်ဖို့တော့ အရေးကြီးတာပေါ့။ အဲဒါကို ပိုပြီးတော့ မမြင်ဖို့၊ လိုပြီးတော့လည်း မမြင်ဖို့။ အရှိကိုအရှိအတိုင်း မြင်မယ်ဆိုရင် ဒါကို ရင်ဆိုင်ဆွေးနွေးပြီး အဖြေရှာရင်တော့ အများကြီး ပြေလည်ဖို့ရှိတယ်။

ဦးကျော်ကျော်သိန်း ။ ။ ကျနော် နောက်ထပ် အကြောင်းအရာလေးတခုကို အချုပ်လောက်ဆွေးနွေးချင်ပါတယ်။ အဲဒါက လက်ရှိ ပြည်တွင်းမှာ နောက်ဆုံးပေါ်လာတဲ့ လှုပ်ရှားမှုဖြစ်တဲ့ အခြေခံဥပဒေထဲက ပုဒ်မ (၄၃၆) ပြင်ဆင်ရေးကိစ္စ။ ကျနော့် တိုက်ရိုက်မေးခွန်းတခုက NMSP အနေနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးသဘောထားလား။ ပြန်လည်ရေးဆွဲရေး သဘောထားလား။

ဦးနိုင်ယက္ခ ။ ။ ကျနော်တို့မှာကြတော့ ဆုံးဖြတ်ချက်ကို Or ခံထားတာတယ်။ အဓိကတော့ အသစ်ရေးဆွဲနိုင်ရင် အကောင်းဆုံးပဲ။ တကယ်လို့ ရေးဆွဲနိုင်မယ့် အခြေအနေပေးမယ်ဆိုရင်လည်း ပြင်ဆင်ရင်လည်း အများပြည်သူ လက်ခံနိုင်တဲ့ အခြေအနေကိုရအောင် ပြင်ဆင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။

ဦးကျော်ကျော်သိန်း ။ ။ ပြင်ရင်လည်း လက်ခံနိုင်တယ်။ အသစ်ရေးဆွဲတာကတော့ အကောင်းဆုံးပေါ့။ ကျေးဇူးအများကြီး တင်ပါတယ်။
XS
SM
MD
LG