သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျေးလက်နေလူထု ဝင်ငွေတိုးပွားရေး


မြန်မာလယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ
မြန်မာလယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ EU ဥရောပသမဂ္ဂ က မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ ပြည်သူတွေရဲ့ လူမှုဘဝဖွံ့ဖြိုးရေးနဲ့ ဝင်ငွေတိုးပွားရေးအတွက် ဘယ်လို ကူညီပေးနေသလဲဆိုတာကို တင်ဆက်ပေးမှာပါ။ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်က ကျေးရွာတွေမှာ ငွေစုငွေကြေး သမဝါယမအသင်းတွေ ထူထောင်နိုင်ဖို့ EU ဥရောပသမဂ္ဂ က လာမယ့် (၃) နှစ်အတွင်း ယူရိုငွေ တစ်သန်းနီးပါး ပံ့ပိုးသွားမှာဖြစ်ပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေးမှာ AFD ပြင်သစ်ဖွံ့ဖြိုးမှုအေဂျင်စီ၊ PlaNet Finance Group (France) နဲ့ CDA လိုခေါ်တဲ့ မြန်မာ့လူမှုဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်းပြီး ဒေသခံတွေ ဝင်ငွေတိုးပွားရေး သင်တန်းပေး ကူညီနေတယ်လို့ PlaNet Finance ရဲ့ မန်နေဂျာ က ပြောဆိုပါတယ်။ PlaNet Finance Group ရဲ့ မန်နေဂျာ Mr. Jay Supertran ကို အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဗွီအိုအေ ရန်ကုန်ရုံးကို ဖိတ်ခေါ်ပြီး သီးသန့်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ EU ဥရောပသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ PlaNet Finance Group အဖွဲ့အစည်းအကြောင်းကို အရင်ဆုံး ပြောပြပေးပါလားရှင်။

Mr. Jay Supertran ။ ။ ကျနော်တို့က ဖွံ့ဖြိုးမှုအတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့တာကို ပိုပြီးအာရုံစိုက်ပါတယ်။ အသေးစားငွေကြေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးအောင် မတည်ပေးဖို့ ကိုယ်ကိုအလုပ်အပ်ထားတဲ့ သူတွေကို ကာကွယ်ပေးရေး၊ လူမှုရေးနယ်ပယ်မှာ အကျိုးပြုနိုင်ရေး စီမံခန့်ခွဲမှု စတဲ့ အခန်းကဏ္ဍတွေမှာ နည်းပညာအရ ပံ့ပိုးပေးပါတယ်။ PlaNet Finance အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗိယက်နမ် နဲ့ မြန်မာနိုင်ငံမှာ အာရုံစိုက် ကူညီနေပါတယ်။ အခု ကရင်ပြည်နယ်မှာ အကူအညီပေးဖို့ EU ဥရောပသမဂ္ဂ က တာဝန်ပေးထားပါတယ်။ ကရင်ပြည်နယ်က စီမံကိန်းကို ၂၀၁၂ ခုနှစ်ကတည်းက အစပျိုးခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်အလယ်ပိုင်းမှာ အပြီးသတ်ညှိနှိုင်းနိုင်ခဲ့လို့ ဒီနှစ် ၂၀၁၄ ခုနှစ်မှာ လုပ်ငန်းစတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ Inclusion in Karen State လို့ ခေါင်းစဉ် တပ်ထားပါတယ်။ Inclusion ဆိုတာ လယ်သမားတွေ၊ နောက် ကရင်ပြည်နယ်က လူမှုအသိုင်းအဝိုင်းတခုလုံးပါ ပါဝင်နိုင်တဲ့ အစီအစဉ်ကို ဆိုလိုတာလားရှင်။

Mr. Jay Supertran ။ ။ အခြေခံအားဖြင့် ကျေးလက်ပဲဖြစ်ဖြစ် စီးပွားရေး တက်သစ်စ နိုင်ငံတွေက မြို့ပြမှာပဲဖြစ်ဖြစ် ဆင်းရဲသားတွေက ဘဏ်တွေနဲ့ ဘဏ္ဍာရေးငွေချေး လုပ်ငန်းတွေကို လက်လှမ်းမမှီကြပါဘူး။ ဆင်းရဲတဲ့ လူထုဟာ ဘဏ္ဍာရေးနယ်ပယ်နဲ့ အလှမ်းဝေးသလို ပြင်ပကို ရောက်နေတာပါ။ ဒါကြောင့် ကျေးလက်ဒေသတွေ နဲ့ မြို့ပြကပါ ဆင်းရဲသားတွေအနေနဲ့ ဘဏ္ဍာတွေ လက်လှမ်းမှီနိုင်အောင်၊ အားလုံးပါဝင်နိုင်တဲ့ ငွေစုငွေကြေးစနစ် တည်ထောင်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလို အစီအစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးအတွက်ကို ဒေသခံဘဏ်တွေ တခြား အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ ရှိပါသလား။

Mr. Jay Supertran ။ ။ အခု ကရင်ပြည်နယ်မှာတော့ သမဝါယမအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ သမဝါယမဝန်ကြီးဌာနနဲ့ နားလည်းမှု စာချွန်လွှာ သုံးသပ်နေတဲ့အဆင့်အရ ကျနော်တို့မှာ အောက်ခြေရပ်ကွက်ကျေးရွာ သမဝါယမအသင်းတွေနဲ့ အနီးကပ်ဆောင်ရွက်နေပြီး ငွေစုငွေကြေးအသင်း မတည်နိုင်အောင် နည်းပညာအရ ပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ကျေးလက်နေ ပြည်သူတွေကို ဘဏ္ဍာရေးဝန်ဆောင်မှု လက်လှမ်းမှီနိုင်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု EU ဥရောပသမဂ္ဂရဲ့ ပံ့ပိုးမှုက ဘယ်လောက်အထိ ထိရောက်မှု ရှိပါသလဲ။

Mr. Jay Supertran ။ ။ အခုလောလောဆယ် ကရင်ပြည်နယ်ရဲ့ ဘဏ္ဍာရေးဈေးကွက်ကို ကြည့်မယ်ဆိုရင် ပဋိပက္ခလွန် ဒေသဖြစ်တဲ့အတွက် ဘဏ်အရေအတွက် အတော်လေး နည်းပါတယ်။ ဘဏ်တွေကလည်း ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ ဖားအံနဲ့ တခြားတမြို့လောက်မှာပဲ ရှိတာပါ။ ကျေးလက်ဒေသမှာဆို ဘဏ္ဍာရေးဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေ မရှိသလောက်ပါပဲ။ ဒါကြောင့် ကျနော်တို့ရဲ့ အစီအစဉ်တွေကို ကျေးရွာတွေအထိရောက်အောင် လုပ်ပေးနေတာပါ။ အောက်ခြေကျေးရွာအဆင့်မှာ ကိုယ်ထူကိုယ်ထ ငွေစုငွေကြေးအသင်းတွေ မတည်ပြီး။ နောက်ဆုံးမှာ အသင်းခွဲတွေ စုစည်းကာ သမဝါယမဘဏ် ထူထောင်နိုင်တဲ့အထိ ပံ့ပိုးပေးဖို့အထိ ရည်ရွယ်ပါတယ်။ အခုရွာတွေမှာ ကျေးလက်သမဝါယမအသင်းတွေ ရှိပါတယ်။ အဲဒီအသင်းတွေကတဆင့် တကယ် အလုပ်ဖြစ်မယ့် ငွေလွှဲငွေပြောင်းပေးနိုင်မယ့် ဘဏ်တွေထူထောင်တဲ့အထိ မှန်းဆထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တချို့အမျိုးသမီးအဖွဲ့အစည်းတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံက Grameen ဘဏ် လို ပုံစံမျိုး အသေးစားငွေချေးလုပ်ငန်းတွေ ထူထောင်တာတွေ ရှိပါတယ်။ အဲဒီပုံစံနဲ့ ဆင်ဆင်တူနေပါသလားရှင့်။

Mr. Jay Supertran ။ ။ ကျနော်တို့ အစီအစဉ်ထဲမှာ အသေးစားငွေချေးလုပ်ငန်းလည်း ပါဝင်ပါတယ်။ အသေးစားငွေချေးလုပ်ငန်းဟာ ခြို့တဲ့လူတွေအတွက် တမင်ရည်ရွယ်ပါတယ်။ သမဝါယမ ငွေစုငွေချေးကတော့ လူတန်းစားခွဲခြား သတ်မှတ်မထားပါဘူး။ အသင်းဝင်ဖြစ်ချင်တဲ့ ဘယ်သူမဆို ပါဝင်နိုင်ပါတယ်။ သမဝါယမ ငွေစုငွေချေးဆိုရင် အသေးစား ငွေချေးလုပ်ငန်းလည်းပါမယ်။ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ပါဝင်နိုင်ပါတယ်။ ဘဏ္ဍာငွေကြေး ထောက်ပံ့တဲ့နေရာမှာလည်း လယ်ယာစိုက်ပျိုးရေးအပြင်၊ စိုက်ပျိုးမွေးမြူးရေးနဲ့မဆိုင်တဲ့ ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်းတွေအတွက်ပါ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသေးစားငွေချေးလုပ်ငန်းမှာ လူတယောက်အနေနဲ့ အများဆုံး ဒေါ်လာ (၅၀၀) ပဲ ချေးနိုင်တာပါ။ သမဝါယမ ငွေစုငွေချေးကတော့ လုပ်ငန်းပမာဏအလိုက် ဒီထက်မက အများကြီး ပိုချေးနိုင်အောင် စီစဉ်ပေးနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အပေါ်က စီမံကွပ်ကဲပြီးတော့ အောက်ခြေက လှုပ်ရှားရမယ့် အစီအစဉ်မျိုးပါလား။

Mr. Jay Supertran ။ ။ မဟုတ်ပါဘူး။ အောက်ခြေက စပြီးတော့ လှုပ်ရှားရမယ့် စီမံကိန်းပါ။ အောက်ခြေကနေ လုပ်ချင်တာ။ ဆန္ဒရှိတာကို ဦးဆောင်ဦးရွက်ပြု လှုပ်ရှားကြတဲ့ အခြေအနေတွေကို ကျနော်တို့က အခွင့်ကောင်းယူပြီး ထိရောက်ပြီး အကျိုးရှိအောင် ဘယ်လို လုပ်ရင်ကောင်းမယ်ဆိုတာကို နည်းပညာအရ ပံ့ပိုးပြီး ဖေးမကူညီနေတာ ဖြစ်ပါတယ်။ အောက်ခြေလူတန်းစားအနေနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေ လက်လှမ်းမှီလာတာနဲ့အမျှ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုပေးနေတဲ့ သင်တန်းတွေက ဘာကို ဦးစားပေးပါသလဲ။ နမူနာလေး တခုလောက် ရှင်းပြပေးပါလားရှင့်။

Mr. Jay Supertran ။ ။ အခုလောလောဆယ် ကျေးရွာတွေမှာ ပေးနေတဲ့ အခြေခံသင်တန်းကတော့ ငွေကို အမြန်ဆုံး ဘယ်လိုနည်းနဲ့ ဘယ်လို စုဆောင်ကြမလဲဆိုတာပါ။ ဒီသင်တန်းကို GTZ GTI က တီထွင်ပေးထားတာပါ။ ကျေးလက်ဒေသတွေကို ကွင်းဆင်းတဲ့အခါ ငွေစုဖို့ပြောရင် ဒီလောက် ဆင်းရဲရတဲ့အထဲ ငွေပိုငွေလျှံမှ မရှိတာ ငွေမစုနိုင်ဘူးလို့ပဲ ပြောကြပါတယ်။ ငွေသားအနေနဲ့ မစုမိရင်တောင် နွားဖြစ်ဖြစ်၊ ဝက်ဖြစ်ဖြစ် တိရစ္ဆာန်တချို့ မွေးထားနိုင်တာကလည်း စုဆောင်တဲ့သဘော ဖြစ်ပါတယ်။ ငွေစုပုံစုနည်း တွက်ချက်တတ်အောင် ရှေ့ရေးအတွက် ချန်သင့်တာချန်၊ စုသင့်တာ စုဆောင်တတ်အောင် အခြေခံအားဖြင့် နည်းပေးလမ်းပြ သင်တန်းတွေ ပေးပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နယ်ရပ်မြေကို ပြန်လာကြတဲ့ ကရင်ဒုက္ခသည်တွေကော ဒီ အစီအစဉ်မှာ ပါဝင်နိုင်ကြပါသလား။

Mr. Jay Supertran ။ ။ ကရင်ဒုက္ခသည်တွေလည်း ပါဝင်နိုင်အောင် စီစဉ်ပေးနေပါတယ်။ ဒီ အစီအစဉ်က ကရင်ပြည်နယ်က လှိုင်းဘွဲ့မြို့နယ်က ရွာတွေမှာ နေထိုင်ကြသူတွေအားလုံး ဘယ်သူမဆို ပါဝင်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒေသတခွင်က စိတ်ဝင်စားတဲ့ ဘယ်သူမဆို တတ်ရောက်နိုင်ပါတယ်။ အမျိုးသမီးရယ်၊ စစ်ပြန်ရယ်လို့ ခွဲခြားမထားပါဘူး။ ကျနော်တို့ရဲ့ Financial Inclusion ဆိုတဲ့ ဆောင်ပုဒ်အရ လူတိုင်းပါဝင်နိုင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဘယ်မြို့နယ်တွေမှာ လုပ်နေတာပါလဲ။

Mr. Jay Supertran ။ ။ လောလောဆယ် လှိုင်းဘွဲ့မြို့နယ်မှာပါ။ ရွာပေါင်း (၃၀) ပါဝင်ပါတယ်။ အိမ်ထောင်စုဦးရေကတော့ (၂၀၀၀) ပါဝင်ပါတယ်။ ဒီမြို့နယ်မှာ စံပြငွေစုငွေကြေး သမဝါယမဘဏ် ထူထောင်နိုင်ပြီး တခြားမြို့နယ်တွေမှာလည်း ပုံတူဖွဲ့စည်းနိုင်အောင်အထိ ရည်မှန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါဆိုရင် ဒီမြို့နယ်က အရင်ဆုံး စမ်းသပ်တဲ့သဘေပေါ့။

Mr. Jay Supertran ။ ။ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီနည်းကို တခြား အာဆီယံနိုင်ငံတွေမှာ လက်တွေ့ စမ်းသပ်တာ အောင်မြင်ခဲ့ပြီးပါပြီ။ မြန်မာပြည်မှာတော့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့ထုံစံတွေနဲ့အညီ သေသေချာချာ စမ်းသပ်နေတဲ့သဘော ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီသင်တန်းက အောက်ခြေပြည်သူလူထုအတွက် ထိထိရောက်ရောက် အကျိုးရှိတယ်လို့ ယူဆပါသလားရှင်။

Mr. Jay Supertran ။ ။ အကျိုးရှိမှာပါ။ ကျနော်တို့ ဒီ အစီအစဉ်ကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ တခြားအာဆီယံနိုင်ငံတွေမှာ လုပ်ခဲ့တာ အောင်မြင်ပါတယ်။ အထူးသဖြင့် ကျေးလက်ဒေသက လူထုအတွက် နည်းပညာပိုင်း ပံ့ပိုးမှုနဲ့ ထိထိရောက်ရောက် ကူညီနိုင်မယ်ဆိုရင် အကျိုးရှိမှာကတော့ သေချာပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလို သင်တန်းတွေ ပေးတဲ့နေရာမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို သုံးသပ်လို့ ရပါသလဲ။

Mr. Jay Supertran ။ ။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကျနော်တို့ရဲ့ အစီအစဉ်ကို တင်ပြပြီးပါပြီ။ ကရင်ပြည်နယ် သမဝါယမအသင်းနဲ့လည်း အလွတ်သဘော ဆွေးနွေးပြီးပါပြီ။ ပြည်နယ်သမဝါယမအသင်းနဲ့ အောက်ခြေအသင်းတွေရဲ့ ဖွဲ့စည်းပုံကတော့ တခြားနိုင်ငံတွေနဲ့ သိပ်မကွာပါဘူး။ အခြေခံအားဖြင့် တူပါတယ်။ တခုပဲ ကွာတာကတော့ အောက်ခြေသမဝါယမအသင်းတွေ အင်အားပိုတောင့်တင်းဖို့ လိုပါတယ်။ အသင်းဝင်ဦးရေများမှသာ ငွေအရင်းအနှီး များလာမှာပါ။ ဒါမှသာ ရေရှည်တည်တန့်နိုင်မယ့်အသင်း ဖြစ်ပြီး အသင်းဝင်တွေ အားကိုထိုက်တဲ့ အဖွဲ့အစည်း ဖြစ်မှာပါ။ ဒေသခံ အာဏာပိုင်တွေနဲ့ ဆက်ဆံတဲ့နေရာမှာလည်း အခက်အခဲ မရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ အစီအစဉ်အတွက် ရန်ပုံငွေ ဘယ်လောက် သုံးစွဲမလဲရှင်။

Mr. Jay Supertran ။ ။ ဒီ စီမံကိန်းက EU ဥရောပသမဂ္ဂနဲ့ AFD ပြင်သစ်နိုင်ငံတကာ ဖွံ့ဖြိုးမှု အေဂျင်စီတို့ ပူးပေါင်းပံ့ပိုးတာပါ။ ယူရို ကိုသိန်းကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆို တစ်သန်းကျော် သုံးစွဲမှာပါ။ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးဖို့ ဖြစ်ပါတယ်။ လုပ်ငန်းစွမ်းရည် မြှင့်မားဖို့နဲ့ အဖွဲ့အစည်းတွေ စနစ်တကျ ဖွဲ့စည်းဖို့ ကနဦးကူညီတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အောက်ခြေလူထုအတွက် တကယ်ကို အကျိုးရှိမယ့် သင်တန်းလို့ ဆိုလိုတာပေါ့။

Mr. Jay Supertran ။ ။ ဟုတ်ပါတယ်။ ပထမအဆင့်က သမဝါယမအသင်းတွေ တည်ထောင်နိုင်ဖို့ ဖြစ်ပါတယ်။ စီမံခန့်ခွဲရေးသင်တန်းတွေ ပေးဖို့လည်း ပါဝင်ပါတယ်။ ဒုတိယအဆင့်ကတော့ လုပ်ငန်းတွေ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အဲဒီဒေသမှာ စီးပွားရေးအခွင့်အလမ်း သိပ်နည်းပါးပါတယ်။ ဒါကြောင့် ရှိပြီသားလုပ်ငန်းတွေ ပိုပြီးအလုပ်ဖြစ်အောင်နဲ့ မရှိသေးတဲ့ လုပ်ငန်းတွေကို ဒေသနဲ့အညီ ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အောင်မြင်ခဲ့ရင် တခြားနေရာတွေမှာလည်း အလားတူ စီမံကိန်းတွေ တိုးပြီးလုပ်သွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် ကရင်ပြည်နယ်မှာ ဘာလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါသလဲရှင်။

Mr. Jay Supertran ။ ။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ သမဝါယမနဲ့ စိုက်ပျိုးရေးနဲ့ မဆိုင်တဲ့ သမဝါယမဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဆန်စပါး၊ ရာဘာစတဲ့ စိုက်ပျိုးရေးအခြေခံ သမဝါယမ စသဖြင့် ရှိကြပါတယ်။ ကျနော်တို့က ဈေးကွက်ကူရှာပေးဖို့လိုရင် ကူမယ်။ သူတို့ ဈေးကွက်ရှိပြီးသာဖြစ်ရင်လည်း အရင်းအနှီး ပိုရအောင် နည်းလမ်းရှာပေးမှာပါ။ ဖားအံ က ထိုင်းနိုင်ငံ မဲဆော့မြို့နဲ့လည်း မဝေးလှတော့ သမဝါယမအသင်းတွေအနေနဲ့ ထိုင်းနိုင်ငံကို ဘာပစ္စည်းတွေ တင်ပို့ရင် ကောင်းမလဲဆိုတာကအစ ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

XS
SM
MD
LG