ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ သိန်းနဲ့ချီရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ပြင်ဆင်ထားပေမယ့် လက်ရှိမှာတော့ ပြန်မဲ့သူတွေအတွက် လုံခြုံရေးနဲ့ ရေရှည်ရပ်တည်နိုင်ဖို့ အာမခံချက် မရှိသေးဘူးလို့ မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ The Border Consortium (TBC) အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှုး Ms. Sally Thompson က ပြောပါတယ်၊ စစ်ပွဲပဋိပက္ခတွေကြောင့် ထွက်ပြေးလာခဲ့ကြရတဲ့ ဒုက္ခသည်အများစုအနေနဲ့ သူတို့ နေရပ်တွေမှာ စစ်တပ်တွေ ရှိနေသေးတဲ့အပေါ် အဓိက စိုးရိမ်နေကြတာလို့ ဆိုပါတယ်၊ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ TBC အမှုဆောင်ညွှန်ကြားရေးမှုး Sally Thompson ကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုသားညွှန့်ဦး ။ ။ အခုလို အချိန်ပေးတဲ့အတွက် Ms. Sally ကို ကျေးဇူးတင်ပါတယ်။ Ms. Sally က မြန်မာဒုက္ခသည်တွေအတွက် အလုပ်လုပ်ပေးခဲ့တာကြာပြီ။ အခု မြန်မာနိုင်ငံကလဲ ပြောင်းလဲနေပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကလဲ ဖြစ်နေပြီဆိုတော့ မြန်မာဒုက္ခသည်တွေအတွက် တိုးတက်မှုတွေကို အခု တွေ့နေရပြီလား။
Ms. Sally ။ ။ ကျမလည်း အခုလို တွေ့ဆုံခွင့်ရတာကို ကျေးဇူတင်ပါတယ်ရှင့်။ ကျမ အထင်တော့ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက်ပိုင်းကာလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ခဲ့တဲ့ကာလ၊ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်လောက်က ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ ယှဉ်ပြီးတော့ ပြောရပါမယ်။ ဒုက္ခသည်တွေ စနစ်တကျ ပြန်နိုင်မယ့် နေ့တနေ့ကို ကျမတို့က မျှော်လင့်ပြီးတော့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့လဲ အခုအခြေအနေက ဒုက္ခသည်တွေ စနစ်တကျ ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက အခြေအနေက မသင့်တော်သေးပါဘူး။
ကိုသားညွှန့်ဦး ။ ။ Ms. Sally တို့ ရုံးက ထိုင်းနိုင်ငံမှာ အခြေစိုက်ခဲ့တာ အတော်ကြာပါပြီ။ အခုဆိုရင် မြန်မာနိုင်ငံထဲကိုလည်း ရောက်နေပြီဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းစဉ်တွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ဘာများရှိလဲ။
Ms. Sally ။ ။ ကျမတို့ ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်ပြီးပါပြီ။ အဲဒီ ရုံးရဲ့ ရည်ရွယ်ချက်ကတော့ ပဋိပက္ခ နေရာတွေမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့ပါ။ ဒီဒုက္ခသည်တွေ ပြန်လည်ထူထောင်နိုင်ပြီး သူတို့ နေရပ်ကို တချိန်ပြန်ရောက်တဲ့အခါမှာ အဲဒီမှာ အဆင်သင့် ဖြစ်အောင်လို့ ကူညီတွေပေးပြီးတော့ ဆောင်ရွက်သွားဖို့ပါ။ ဒါကြောင့် အခုအချိန်မှာတော့ အဲဒီ ဒုက္ခသည်တွေကို ဘယ်နေရာမှာ ဘယ်လို အကောင်းဆုံး အကူအညီပေးနိုင်မလဲဆိုတာကို ကျမတို့ နည်းလမ်းရှာနေပါတယ်။
ကိုသားညွှန့်ဦး ။ ။ အရင်တုန်းကတော့ TBC အနေနဲ့ ကရင်ဒေသအတွက် အဓိကထားပြီးတော့ လုပ်ဆောင်တာကို တွေ့ရပါတယ်။ ကချင်၊ ရခိုင် အစရှိတဲ့ တခြားဒေသတွေအတွက် ဘာတွေလုပ်ထားတာ ရှိပါလဲ။
Ms. Sally ။ ။ TBC ရဲ့ လုပ်ဆောင်ချက်တွေကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်တွေအတွက် အဓိကထားပြီးတော့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ များသောအားဖြင့် ထိုင်းနိုင်ငံက ဒုက္ခသည်တွေက အနီးအနား ပြည်နယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့ကဆိုတော့ ရခိုင်ပြည်နယ်အတွက်တော့ ကျမတို့ ဘာအထောက်အပံ့ ပေးတာမျိုးတော့ မရှိသေးပါဘူး။ ဒီလိုပဲ ကချင်ပြည်နယ်မှာ TBC က ဘာမှ လုပ်ထားပေးတာ မရှိသေးပါဘူး။ ဒါပေမဲ့လဲ ကချင်ဒုက္ခသည်တွေနဲ့ IDC စခန်းတွေက ကချင်ဒုက္ခသည်တွေကို ကူညီဖို့ လုပ်နေတဲ့လူတွေ ထိုင်း-မြန်မာ နယ်စပ်ကို လာပြီးတော့ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ကျမတို့ ဘယ်လို စီမံခန့်ခွဲသလဲဆိုတာ လာရောက်ပြီး လေ့လာတာတွေ ရှိပါတယ်။ ဒီတော့ ဒုက္ခသည်စခန်းတွေထဲမှာ လူမှုအသိုင်းအဝိုင်း စီမံခန့်ခွဲရေး ပုံစံတွေကို ကရင်ဒုက္ခသည်စခန်းတွေဆီကနေ လေ့လာဖလှယ်ယူတဲ့ အစီအစဉ်ပါ။
ကိုသားညွှန့်ဦး ။ ။ ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းကို အကြံပြုတာ။ ဒါမှမဟုတ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိပါသလား။
Ms. Sally ။ ။ မရှိပါဘူးရှင့်။ အခုအချိန်အထိ ကျမတို့ အစိုးရအဖွဲ့နဲ့ လုပ်ထားတဲ့ ဆွေးနွေးမှုတွေမှာ အစိုးရဘက်က ပြောချင်တာက ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် အစီအစဉ်တွေ မဖြစ်သေးတဲ့အတွက် The Border Consortium နဲ့ လောလောဆယ် အလုပ်လုပ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုတာပါ။
ကိုသားညွှန့်ဦး ။ ။ အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်နေတယ်ဆိုတော့ မြန်မာဒုက္ခသည်တွေ နေရပ်ပြန်လာဖို့အတွက် အခုလက်ရှိ အခြေအနေတွေက ဘယ်လိုရှိလဲ။
Ms. Sally ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျမတို့ အမြင်ကို ပြောရရင်တော့ ဒီဖြစ်စဉ်က နှေးကွေးနေပြီးတော့ အဆင်ချောမွေမှုရှိတာ မတွေ့ရပါဘူး။ အချိန်ယူနေတဲ့သဘောလဲ တွေ့ရပါတယ်။ ကြည့်ရတာတော့ အဓိကအချက်တွေဖြစ်တဲ့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဖြေရှင်းနိုင်ဖို့အတွက်တော့ ကြာအုံးမယ့်ပုံ။ ဒီတော့ ဒုက္ခသည်တွေ ပြန်ပို့ဖို့ဆိုရင် စစ်ဘက် ကျင့်ဝတ်ဆိုင်ရာကိစ္စတွေ။ စစ်အင်အားတွေကို ပြန်ပြီးတော့ ထိန်းချုပ်နိုင်ဖို့။ စစ်တပ်တွေ ပြန်ပြီးတော့ ရုတ်သိမ်းဖို့ ဆိုတာတွေ ဖြေရှင်းစရာတွေ ရှိပါတယ်။ ဒုက္ခသည်တွေကလဲ ဒါတွေကို စောင့်ကြည့်နေတယ်။ ကျမတို့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ သူတို့ဘက်က ပြန်ချင်တယ်။ ဒါပေမဲ့လဲ သူတို့ရွာတွေမှာ စစ်သားတွေ ရှိနေသေးတယ်ဆိုတော့ သူတို့ အဲဒါကို စိုးရိမ်နေကြပါတယ်။ သူတို့က နှစ်ပေါင်းများစွာကတည်းက မြန်မာစစ်တပ် လက်အောက်ကနေ လွတ်မြောက်ဖို့ ပြေးလာကြတဲ့လူတွေပါ။ ဒါကြောင့်မို့ တကယ့်ကို အခြေခံကျကျ ပြောင်းလဲမှု လိုချင်နေကြတာပါ။ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပေါ်မှာ ယုံကြည်နိုင်ဖို့အတွက် သူတို့ရွာတွေကနေ စစ်သားတွေ ပြန်ပြီးတော့ ထွက်သွားပေးဖို့ လိုပါတယ်။
ကိုသားညွှန့်ဦး ။ ။ သူတို့ရဲ့ စိုးရိမ်မှုနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အေဂျင်စီတို့ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖြစ်တာတွေ ရှိပါလား။
Ms. Sally ။ ။ ဒုက္ခသည်တွေ တိုင်းပြည်အတွင်း နေရပ်ပြန်နိုင်ဖို့ အခြေအနေ ဝန်းကျင်တွေ ဖြစ်လာစေရေးနဲ့ ပတ်သက်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးနဲ့ အဓိကထားပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။ UNHCR ကလည်း အခု အခြေအနေမျိုးဟာ ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုး မရှိသေးဘူးဆိုတော့ သူတို့သဘောနဲ့ သူတို့ နေရပ်ပြန်ဖို့ကိုလည်း အခုအချိန်မှာ အားမပေးပါဘူးရှင့်။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေ ဖြစ်လာဖို့ ဆိုရင်တော့ မြန်မာအစိုးရ၊ ထိုင်းအစိုးရ။ ဒါတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဘက်ပေါင်းစုံကနေ ဆောင်ရွက်ဖို့ အဆင့်တွေ အများကြီး ရှိတယ်လို့ ယေဘုယျ နားလည်ထားကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရှိထားရမယ်။ ပြီးသွားရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ရအုံးမယ်။ နောက်ပြီးတော့ ဒုက္ခသည်တွေ ပြန်မယ့်နေရပ် အခြေအနေအတွက်လဲ စဉ်းစားဆောင်ရွက်ပေးရအုံးမယ်။ မြေမြုပ်ဗုံးကိစ္စကလဲ ရှိနေသေးတယ်။ ပြီးတော့ မြေမြုပ်ဗုံးတွေ ဘယ်မှာရှိလဲဆိုတာကို စနစ်တကျနဲ့ မြေပုံဆွဲထားတာလဲ မရှိဘူးဆိုတော့ ဒါတွေအားလုံးက ဒုက္ခသည်တွေအတွက် ဘေးရန်လုံခြုံရေး ကိစ္စရပ်တွေပါ။ ဒါကြောင့်မို့လို့ ဒုက္ခသည်တွေ နေရပ်မပြန်ခင်မှာ ဒီကိစ္စရပ်တွေအားလုံး ဖြေရှင်းထားပေးဖို့ လိုပါတယ်။
ကိုသားညွှန့်ဦး ။ ။ အစိုးရအပြင် ကေအန်ယူတို့လိုမျိုး တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာမျိုး ရှိပါလား။
Ms. Sally ။ ။ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လာရင် ဘယ်နေရာမှာ နေထိုင်ဖို့ သင့်တော်မလဲဆိုတာတွေ၊ နောက်ပြီးတော့ အဲဒီနေရာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ ဘယ်လို စဉ်းစားထားသလဲဆိုတာတွေပေါ်မှာ အလွတ်စကား ပြောဖြစ်တာတွေတော့ ရှိပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ခိုင်းပြီးတော့ အိမ်တလုံး ပေးထားရုံနဲ့ကိစ္စ ပြီးမသွားဘူးလေ။ သူတို့ ပြန်လာပြီးတော့ နေထိုင်မယ့်နေရာမှာ လူမှုအသိုင်းအဝိုင်း တည်တန့်ခိုင်မြဲအောင် ဘယ်လို လုပ်နိုင်မလဲဆိုတာတွေလည်း ရှိပါတယ်။ ဥပမာဆိုရင် လူမှုရေး ဝန်ဆောင်မှုတွေ၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာရေး၊ ဈေး၊ အသက်မွေးဝမ်းကျောင်းမှု ဒီလိုမျိုး အချက်အလက်တွေ ပြီးပြည့်စုံမှ အဆင်ပြေပါလိမ့်မယ်။ သူတို့အတွက် နေရာနေပေးရုံနဲ့ သူတို့အတွက် နေဖို့နေရာ ပေးရုံနဲ့ မလုံလောက်ဘဲနဲ့ သူတို့ရဲ့ ဝန်းကျင်ဒေသအနေအထားနဲ့ အားလုံး ချိတ်ဆက်ပေးထားနိုင်ဖို့ လိုပါတယ်ရှင့်။
ကိုသားညွှန့်ဦး ။ ။ နိုင်ငံတကာ ငွေကြေးထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက အခုဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အများကြီးကို ထောက်ပံ့ပေးနေတော့ ဒုက္ခသည်တွေအတွက် ငွေကြေးအထောက်အပံ့တွေက ဘယ်လို အခြေအနေ ရှိပါလဲ။
Ms. Sally ။ ။ ဒါက အဓိက စိုးရိမ်စရာပေါ့။ အခုအချိန်မှာတော့ အမေရိကန်အစိုးရက ဒုက္ခသည်တွေကိစ္စကို အကူအညီ ပေးပါတယ်။ ဒါပေမဲ့လဲ ကမ္ဘာပေါ်မှာ တခြားပဋိပက္ခတွေကလည်း ရှိနေတယ်ဆိုတော့ ငွေကြေးအကူအညီတွေက လျော့ကျသွားတယ်။ ဒါကြောင့် ဝန်ဆောင်အကူအညီပေးမှု လုပ်ငန်းတွေလည်း လျော့ကျလာတယ်။ အခုလိုမျိုး အကူအညီပေးတာတွေ လျော့ကျသွားတော့ ဒုက္ခသည်တွေဘက်ကလဲ သူတို့ကို မြန်မာပြည်ကို အတင်းပြန်ခိုင်းသလိုမျိုးတွေ ဖြစ်စေပါတယ်။ သူတို့တတွေ တချိန်ချိန်မှာ နေရပ်ပြန်နိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်က အရေးကြီးတာပါ။ ဒါပေမဲ့လဲ အခုအချိန်မှာတော့ နိုင်ငံတကာအနေနဲ့ သူတို့ဘက်က ဆက်ပြီးတော့ မားမားမတ်မတ် ရပ်ပေးဖို့ လိုပါတယ်။ သူတို့တတွေ နေရပ်ပြန်ပြီးတော့ ဘဝပြန်ထူထောင်နိုင်ဖို့ အခုအချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့က အရမ်းအရေးကြီးနေပါတယ်။
ကိုသားညွှန့်ဦး ။ ။ အရင်တုန်းကတော့ အစိုးရက ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို သာမန်ပြည်သူတွေ မဟုတ်ဘူး။ လက်နက်ကိုင်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေဖြစ်တယ်။ လက်နက်ကိုင် အဖွဲ့အစည်းက မိသားစုဝင်တွေ ဖြစ်တယ်ဆိုပြီးတော့ စွပ်စွဲတာမျိုး ရှိပါတယ်။ အခုလက်ရှိ အစိုးရအမြင်က ဘယ်လို ရှိပါလဲ။
Ms. Sally ။ ။ အကျမ်းမျဉ်း နားလည်ထားတာကတော့ သူတို့တတွေ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ နှစ်ပေါင်း (၃၀) ကြာ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြသူတွေပေါ့။ သူတို့ဟာ မြန်မာပြည်မှာ ရှိနေတုန်းက သူတို့ လူမှုအဖွဲ့အစည်းမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ လုပ်ခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်။ ကျန်းမာရေးဝန်ထမ်း၊ ကျောင်းဆရာဆရာမတွေ၊ ရပ်ရွာလူကြီးတွေလည်း ပါကြပါတယ်။ သူတို့တတွေက သူတို့ရဲ့ စွမ်းရည်ကို ဒုက္ခသည်စခန်းတွေကို ပါလာတယ်ဆိုတော့ ဒီစခန်းတွေမှာလည်း သူတို့ရဲ့ စွမ်းရည်ကို အသုံးချပြီးတော့ တိုးတက်အောင် လုပ်နိုင်ခဲ့တယ်။ ဒီတော့ ဗမာပြည်ကို ပြန်သွားတဲ့အခါ ထိုင်းနိုင်ငံက ရသွားခဲ့တဲ့ သူတို့ရဲ့ စွမ်းရည်ပညာတွေကို ပြန်ပြီးတော့ သယ်ယူသွားနိုင်မှာပါ။ သူတို့ရဲ့ ရပ်ရွာကို အကျိုးပြုနိုင်ကြမှာပါ။ ကျမ အထင်တော့ သူတို့ ပြန်သွားတဲ့အခါ အကျိုးရှိရှိ ပြန်ပြီးတော့ အသုံးချနိုင်ဖို့အတွက် ရပ်ရွာစီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးကိစ္စရပ်တွေမှာ အတော်လေး ပြင်ဆင်ဆောင်ရွက်ထားတာတွေ တွေ့ရပါတယ်။
ကိုသားညွှန့်ဦး ။ ။ ငြိမ်းချမ်းရေ ဖြစ်စဉ်ကို ဘယ်လို မြင်ပါလဲ။ ဒုက္ခသည်တွေအတွက် အထောက်အကူ ဖြစ်ပါရဲ့လား။
Ms. Sally ။ ။ ကျမအထင် ပြောရရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အချိန်အတော်ယူရအုံးမယ်။ ယုံကြည်မှု တည်ဆောက်ရမယ်။ နောက်ပြီးတော့ လက်ရှိ ဖြစ်နေတဲ့ ဆွေးနွေးမှုတွေမှာ ရိုးသားမှု ရှိရမယ်။ ဒီဖြစ်စဉ်က အချိန်တော်တော် ယူအုံးမှာပါ။ ဒီတော့ ကျမတို့အားလုံး ရလဒ်ကောင်းကို မျှော်လင့်နေပေမယ့်လဲ ဆက်ပြီးတော့ မဖြစ်သင့်သေးတဲ့ အခြေအနေမျိုးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဖိအားအရမ်းမပေးဖို့ လိုပါတယ်။ ဒီတော့ သူတို့ ပြန်မယ် မပြန်ဘူး ဆိုတာနဲ့ ဘယ်တော့ ပြန်မလဲဆိုတာက ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ မူတည်တယ်လို့ ကျမ ထင်တယ်။
ကိုသားညွှန့်ဦး ။ ။ အမေရိကန်ပြည်ထောင်စုကနေ မြန်မာနိုင်ငံအပေါ်မှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးတော့ ချီးကျူးပြောဆိုတာတွေ ရှိပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ရှိပါလဲ။ တိုးတက်မှုတွေ မြင်ရပါပြီလား။
Ms. Sally ။ ။ ကျမအထင် ပြောရရင်တော့ အခုအချိန်မှာ တင်းမာမှုတွေ ရှိလာတယ်လို့ ထင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ စဖြစ်တုန်းက အားလုံးက အကောင်းမြင်ကြတယ်။ နောက်ပြီးတော့ ပြန်ဖို့အရေးအတွက်လဲ အားတက်ကျတယ်။ အခုတော့ အချိန်ကလဲ နည်းနည်းကြာလာပြီးတော့ တချို့နေရာတွေမှာက တိုးတက်မှုတွေကလည်း နှေးသွားတယ်။ တချို့နေရာတွေမှာဆိုရင် နောက်ကြောင်းတောင် ပြန်လှည့်သွားသေးတယ်။ အခုဆိုရင် အရှေ့တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ ပဋိပက္ခတွေ စဖြစ်နေတာတွေရယ်။ အထူးသဖြင့် ကချင်ပြည်နယ်က အခြေအနေတွေ။ ဒါတွေအားလုံး ပြုပြင်ပြောင်းလဲရေးကို နောက်ကြောင်းပြန်မလှည့်ဆိုတာကို တိုင်းတာတဲ့အရာတွေပဲ။ အဲဒီတော့ ဒုက္ခသည်တွေအတွက်က ဒီအခြေအနေမှာ စိုးရိမ်စရာ ဖြစ်နေပြီးတော့ သူတို့ ပြန်ဖို့အတွက် တွန့်ဆုတ်စေတဲ့အရာတွေပါ။ လူတွေက အနီးကပ်စောင့်ကြည့်နေတာက ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခကို ဘယ်လို ရှင်းကြမလဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လို သွားနေလဲ။ ဆွေးနွေးမှုတွေက စစ်တပ်တွေ ပြန်ရုတ်ဖို့ ဖြစ်စေမလား။ နောက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စေမလား ဆိုတာတို့ပါ။ အရင်က အကောင်းမြင်ထားပြီးတော့ အရမ်းတက်ကြွပြီးတဲ့အခါကနေ အခုတော့ စိုးရိမ်မှုတွေ ရှိလာတာလေ။ အခု လူတွေက ပိုပြီးတော့ သတိထားလာကြတယ်။ လူတွေက သတိနဲ့ အကောင်းမြင်တဲ့ဆိုတဲ့ စကားလုံး Cautiously optimistic လို့ သုံးကြပေမယ့်လဲ နှေးကွေးသွားတဲ့အရာတွေ ရှိတဲ့အတွက် လူတွေက အကောင်းမြင်တာထက် သတိက ပိုရှိနေတယ်လို့ ကျမ မြင်တယ်။
ကိုသားညွှန့်ဦး ။ ။ ကျနော်ရဲ့ နောက်ဆုံးမေးခွန်းက Ms. Sally က မြန်မာဒုက္ခသည်တွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အကောင်းမြင်မှု ရှိလား။
Ms. Sally ။ ။ ကျမတို့ မျှော်လင့်ချက်နဲ့ သတိအမြဲ ရှိနေရမယ်လို့ ကျမ ထင်ပါတယ်။ သူတို့ လူမှုအသိုင်းအဝိုင်းတွေကို ဒီလူတွေက ပြန်ပြီးတော့ ထူထောင်ချင်ကြတာ။ စိတ်ဓါတ်ခိုင်မာကြပါတယ်။ အကောင်းဘက်ကို ပြောင်းလဲတာကို မြင်ချင်တယ်။ ဒီမိုကရေစီ ဖြစ်စဉ်တွေဘက်ကို ကူးပြောင်းတာကိုလည်း မြင်ချင်နေကြတယ်လို့ ထင်ပါတယ်။
ကိုသားညွန့်ဦး ။ ။ ကျေးဇူးတင်ပါတယ်။