သုံးရလွယ်ကူစေသည့် Link များ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတက်တအား ဆောင်ရွက်တဲ့အနေနဲ့ ပညာရေးကဏ္ဍမှာပါပြီး၊ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိက တက္ကသိုလ်တခု ပေါ်ပေါက်လာအောင် ကြိုးစားနေသူကတော့ အမေရိကန်ပြည်ထောင်စု New York က Bard ပုဂ္ဂလိ တက္ကသိုလ်နဲ့ Yale တက္ကသိုလ်တို့မှာ ပညာဆည်းပူးခဲ့သူ ဒေါက်တာကျော်မိုးထွန်း က သူဟာ ပါရမီတက္ကသိုလ် တည်ထောင်ဖို့ ကြိုးစားနေတာဖြစ်ပြီး၊ ပထမအစမှာ လက်တွဲအသုံးချနိုင်မယ့် အဆင့်မြင့်ပညာရေးအတွက် Parami Institute နဲ့ စတင်ဖို့ လုပ်ဆောင်နေတာပါ။ ရည်မှန်းချက်အပြည့်နဲ့ ကြိုးစားနေတဲ့ ဒေါက်တာကျော်မိုးထွန်း ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလိုမျိုး VOA ကို လာရောက်ပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အခု ကိုကျော်မိုးထွန်း က ပါရမီတက္ကသိုလ် ကို တည်ထောင်ဖို့ လုပ်ဆောင်နေသူလို့ သိထားပါတယ်။ ဆိုတော့ ပါရမီဆိုတဲ့ နာမည်လေးကို ဘာကြောင့်ရွေးတာပါလဲ။ ပြောပြပေးပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ပါရမီဆိုတဲ့ နာမည်ကို ကျနော် ရွေးရတဲ့ ရည်ရွယ်ချက်ကတော့ အဓိကအားဖြင့်တော့ ပါရမီဆိုတဲ့ အဓိပ္ပါယ်ကတော့ Fulfillment ဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ အဲဒီအတိုင်းပဲ ကျနော်တို့ တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ သင်ကြားနေရင်းနဲ့ ဒီ ပါရမီတွေ ဖြည့်ပြီးတော့ ပညာပါရမီ၊ ဒါနပါရမီ၊ မေတ္တာပါရမီတွေ ဖြည့်ပြီးတော့ နေတိုင်းနေတိုင်း ကြိုးစားစေချင်တဲ့ အဓိပ္ပါယ်နဲ့ ပေးထားခြင်း ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကောင်းပါတယ်။ ရည်ရွယ်ချက်က တော်တော်ကောင်းပါတယ်။ ဒီ ရည်ရွယ်ချက်ပြည့်ဖို့အတွက် ပထမဦးဆုံး တက္ကသိုလ်ကြီး ထူထောင်ဖို့ဆိုတာ တော်တော်ကြီးကို ကြီးမားလွန်ပါတယ်။ ပန်းတိုင်က ကြီးမားလွန်ပါတယ်။ ဆိုတော့ ဒီတက္ကသိုလ်ကြီးကို ချက်ချင်း ဗမာနိုင်ငံမှာ ထူထောင်လို့ ဖြစ်ပါ့မလား။ ဘယ်လို စဉ်းစားပါလဲ။ အဲဒါလေးကို ပြောပြပေးပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ အခုအနေနဲ့ကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေ မထွက်သေးပါဘူး။ အဲဒါတွေကိုလဲ ကျနော်တို့ စောင့်ဆိုင်းပြီးတော့၊ ကြည့်ရှုပြီးတော့ လှုပ်ရှားနေရပါတယ်။ ဒီ ပုဂ္ဂလိ တက္ကသိုလ်ကြီး ကျနော် ထောင်ချင်တဲ့ဟာကတော့ Not for Profit အကျိုးအမြတ် မရှာတဲ့ တက္ကသိုလ်။ ဒီလိုမျိုး တက္ကသိုလ် ထောင်တာ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ မရှိသေးတဲ့အတွက်ကြောင့် တက္ကသိုလ်ကြီး ပေါ်လာဖို့အတွက် ထောက်ပံ့ပေးတဲ့လူတွေလဲ လိုက်ရှာနေတုန်းပါပဲ။ အခက်အခဲတွေလည်း အများကြီး ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာ တက္ကသိုလ်အားဖြင့် တက္ကသိုလ်နဲ့ ကောလိပ် စုစုပေါင်း (၁၅၀) ကျော် ရှိပါတယ်။ အဲဒီအထဲမှာမှ ကိုကျော်မိုးထွန်းတို့ တည်ထောင်မယ့် ပါရမီ တက္ကသိုလ်ကို လူတွေ စိတ်ဝင်စားလာမယ်လို့ ဘယ်လို မျှော်လင့်ထားပါလဲ။ အဲဒါလေး ပြောပြပေးပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တက္ကသိုလ် အများစုသည် (၁၀) တန်းပြီးတာနဲ့ ကျောင်းသားကျောင်းသူတွေသည် (၁၀) တန်းအမှတ်နဲ့ မူတည်ပြီးတော့ ကျောင်းထဲကို ဝင်ရပါတယ်။ တချို့ လူတွေလည်း စိတ်မဝင်စားဘဲနဲ့ လေ့လာနေရသူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ပါရမီတက္ကသိုလ်ရဲ့  ထူးခြားချက်သည် ပထမ (၂) နှစ်မှာ ကျောင်းသားကျောင်းသူတွေကို ဘာသာရပ်ပေါင်းစုံ အများကြီး ရွေးချယ်ပိုင်ခွင့် ပေးထားပါတယ်။ အမှန်တကယ်ဆိုရင် ဘာသာရပ် အများကြီးပဲ ကျောင်းသားတွေ လေ့လာပြီးမှ တတိယနှစ် နဲ့ စတုတ္ထနှစ်မှာ Major ကို ယူပြီးတော့မှ ဒီ Major နဲ့ ပတ်သက်တဲ့ အတန်းတွေကို ယူရပါမယ်။ အဲဒီတော့ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့တော့ ပုံစံလေး ကွဲနေပြီးတော့ ထူးထူးဆန်းဆန်းလေး ရှိနေတာကို တွေ့ရပါလိမ့်မယ်။

ဒေါ်ခင်မျိုးသက် ။ ။ အဲဒီတော့ ဒီတက္ကသိုလ် ထူထောင်မယ်ဆိုရင် ဒီတက္ကသိုလ်မှာရှိတဲ့ ဂုဏ်အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင်လို့ လုပ်နိုင်မယ်လို့ ထင်ပါလား။

ဒေါက်တာကျော်မိုးထွန်း ။ ။ ဟုတ်ကဲ့ .. အဲဒါကိုလဲ ကြိုးစားနေပါတယ်။ လုပ်နိုင်အောင်လို့လဲ ဒီအမေရိကန်ပြည်ထောင်စုက ကောလိပ်တွေ၊ တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ပထမဦးဆုံး တက္ကသိုလ်အနေနဲ့ ဒီမှာ တက္ကသိုလ်ဆိုရင် ဘာသာရပ်ပေါင်းစုံ သင်ပြီးတော့မှ တက္ကသိုလ်ဆိုပြီး ခေါ်ကြပါတယ်။ ဆိုတော့ ကိုကျော်မိုးထွန်းတို့ တက္ကသိုလ်ကို ပထမဦးဆုံး ပါရမီတက္ကသိုလ်အနေနဲ့ သွားမလား။ ဒါမှမဟုတ် အခုလိုမျိုး အစပျိုးတဲ့အချိန်မှာ ဘယ်လိုပုံစံနဲ့ သင်ဖို့ ရည်ရွယ်ထားပါလဲ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော် ပေးချင်တဲ့ ပညာရေးမျိုးကတော့ Liberal Education - သုတစုံလင် အနုဝိဇ္ဇာ သိပ္ပံ ပညာရေးလို့ သင့်လျော်အောင် ဘာသာပြန်ထားပါတယ်။ ဒီပညာရေးမျိုးဟာ မြန်မာနိုင်ငံမှာ လူအများစု မသိပါဘူး။ မသိတဲ့အတွက်ကြောင့် ဒီပညာရေးမျိုးကိုလူအများစု သိလာအောင်လို့ ကျနော် ပါရမီတက္ကသိုလ်ကြီး မစခင် ပါရမီ အင်စတီကျူးနဲ့ စပြီးတော့ လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီ ပါရမီအင်စတီကျူမှာ မြန်မာနိုင်ငံ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကျောင်းသားကျောင်းသူတွေကို သုတစုံလင် အနုဝိဇ္ဖာ သိပ္ပံပညာရေးကို (၄) လတာပေးဖို့ ကျနော်တို့ ရည်မှန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ဒီတက္ကသိုလ်တခု တည်ထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ သူ့မှာ ကုန်ကျစရိတ်တွေက အများကြီး ရှိပါတယ်။ ကျောင်းဆရာတွေကို လခပေးဖို့ကအစ၊ အဆောက်အဦး တည်ဆောက်ဖို့ အများကြီး ငွေကြေးအနောက်ကနေ လိုက်ရပါတယ်။ ဒီလို ငွေကြေးမျိုး လက်ထဲမှာ ရှိထားပြီလား။ လက်ထဲမှာ ရှိတာကြောင့် ဒီတက္ကသိုလ်ကို ထူထောင်ဖို့ လုပ်တာလား။ အနောက်ပိုင်းက ငွေကြေးထောက်ပံ့မှုနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ငွေကြေးထောက်ပံ့မှုနဲ့ပြောရင် မြန်မာနိုင်ငံမှာ အခုရှိနေတဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဒီလိုမျိုး တက္ကသိုလ်မျိုး ဖြစ်လာဖို့ကို ကျနော်က သူတို့ကို အားသွန်ခွန်စိုက် ထောက်ပံ့စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီတက္ကသိုလ်ကနေ ပေါ်ပေါက်လာမယ့် လူငယ်ကျောင်းသားကျောင်းသူ အောင်မြင်သူတွေလည်း စီးပွားရေးလုပ်ငန်းတွေမှာပဲ ပြန်ပြီးတော့ ဝင်ပြီးတော့ လုပ်တဲ့လူတွေ ဖြစ်လာမယ်။ နိုင်ငံရဲ့  တာဝန်ကိုလည်း ထမ်းဆောင်သူတွေလည်း ဖြစ်လာမယ်။ NGO အပိုင်းပဲဖြစ်ဖြစ်၊ အဲဒီအပိုင်းမှာ ဝင်ပြီးတော့ လုပ်တဲ့လူတွေလည်း ဖြစ်လာမယ်။ သူတို့အနေနဲ့ ဒီအဆင့်မြင့်ပညာရေးကို ထောက်ပံ့ပေးစေချင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံအတွက်ကို လှုပ်ရှားကြမယ့် ပညာသင်ကြားမယ့် လူငယ်တွေအတွက် မြန်မာနိုင်ငံထဲက လူတွေကပဲ ထောက်ပံ့ဖို့။ တက္ကသိုလ်မှာဆိုရင် ဘွဲ့ဒီဂရီပေးတာက အဓိက အရေးကြီးပါတယ်။ ဒီဘွဲ့ဒီဂရီ ကို အသိအမှတ်ပြုတာနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။ မြန်မာနိုင်ငံအစိုးရမှာ အခုက တက္ကသိုလ်၊ ပုဂ္ဂလိတက္ကသိုလ်တွေအတွက် ဘာမှဥပဒေ ပြဌာန်းထားတာမျိုးတွေ မရှိသေးပါဘူး။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ Accreditation တကယ်တမ်း လူတိုင်းက ဘွဲ့ဒီဂရီရအောင် ပေးနိုင်တယ်ဆိုတာမျိုးဖြစ်အောင် ဘယ်လိုမျိုးလုပ်ဖို့ အစီအစဉ်ရှိပါလဲ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ Accreditation နဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေလည်း မရှိသေးပါဘူး။ ပုဂ္ဂလိက တက္ကသိုလ်နဲ့ ပတ်သက်ပြီးတော့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း - Private Education Act ပေါ်မှာ မူတည်ပြီးတော့ လှုပ်ရှားရမှာတွေ အများကြီး ရှိပါတယ်။ ဒါက အဲဒီမတိုင်ခင်မှာပဲ ကျနော် ဒီအမေရိကန် ပြည်ထောင်စုမှာ ပညာသင်ခဲ့တာလည်း (၉) နှစ် သင်ကြားခဲ့ပါတယ်။ ပထမ (၄) နှစ်မှာ Bachelor Degree နဲ့ နောက် (၅) နှစ်မှာ PhD ကို ပညာတော်သင်ဆုနဲ့ သင်ခဲ့ပါတယ်။ ဒီအတိုင်းပဲ ကျနော့် ညီငယ်ညီမငယ်တွေကို ရစေချင်ပါတယ်။ ဒီလိုမျိုး ကျနော် တက်ခဲ့တဲ့ တက္ကသိုလ် Bachelor Degree တက်ခဲ့တဲ့ Bard College – Simon Rock College နဲ့ မနေ့ကပဲ စကားပြောခဲ့ပါတယ်။ သူတို့အနေနဲ့ ကျနော် လုပ်တဲ့ဟာတွေကို အားပေးတဲ့အနေနဲ့ ကျနော်တို့ ပါရမီတက္ကသိုလ်မှာ Bard ရဲ့  Requirements တွေကို ဖြည့်နိုင်တယ်ဆိုရင် ဒီကျောင်းသားတွေသည် Bachelor သည်လည်း Bard ကနေ ရတဲ့ Bachelor လည်း ရသွားမယ်။ ကျနော်တို့ ပါရမီ က ပညာရေးမူအရ သတ်မှတ်ထားတဲ့ ပုံစံနဲ့ဝင်တဲ့ ပါရမီတက္ကသိုလ်ရဲ့  ဘွဲ့ကိုလည်း သူတို့ ဆွတ်ခူးရရှိမှာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီတက္ကသိုလ် ပါရမီ ကို ဘယ်နေရာမှာ ဖွင့်မယ်လို့ ရည်ရွယ်ထားပါလဲ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်တို့အနေနဲ့ အခုရည်ရွယ်ထားတာက ပါရမီတက္ကသိုလ်သည် အလှုရှင်တွေကနေ အများကြီး ကောက်ပြီး လုပ်ရတာတွေ ရှိသလို၊ နိုင်ငံတော်အစိုးရပိုင်းကလည်း တတ်နိုင်သလောက် ကျနော်တို့လိုမျိုး အကျိုးအမြတ်မရှာတဲ့ တက္ကသိုလ်မျိုး လုပ်ချင်တဲ့လူတွေကိုလည်း ကူညီထောက်ပံ့ပေးပါလို့ ကျနော်က တောင်းဆိုလိုပါတယ်။ အဲဒီတော့ အဓိကအနေနဲ့ကတော့ မြေက ဧက (၅၀) (၁၀၀) လောက်လိုတဲ့ မြေကို ကျနော်တို့လိုမျိုး အကျိုးအမြတ်မရှာတဲ့ ကျောင်းတွေ တက္ကသိုလ်တွေကို ချပေးဖို့ တောင်းဆိုလိုပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလောလောဆယ် တက္ကသိုလ် မဖွင့်ခင်၊ Institution အနေနဲ့ သွားမယ်လို့ စောစောက ကိုကျော်မိုးထွန်း ပြောပါတယ်။ ဘယ်နေရာမှာ လူတွေသိအောင် သင်မလဲ။ မြန်မာနိုင်ငံသားတွေသိအောင် ဘယ်နေရာမှာ တက္ကသိုလ်မတိုင်ခင် ဖွင့်ထားတဲ့ Institute ကို ပြောပြပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ဒီ Institute ကတော့ ဇန်နဝါရီ ၂၀၁၇ ခုနှစ်မှာ စပါတော့မယ်။ နေရာကတော့ ရွှေဂုံပလာဇာ - ရွှေဂုံတိုင် နဲ့ ကမ္ဘာအေးဘုရားလမ်းစုံထောင့် ရွှေဂုံပလာဇာ (၃) လွှာမှာ ဖွင့်ဖို့ ရည်ရွယ်ထားပါတယ်။ ကျောင်းသားတွေကတော့ မြန်မာတက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့ ကျောင်းသူကျောင်းသားတွေကို အဓိက ဦးစားပေးပြီးတော့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါဆိုတော့ ဘွဲ့ရပြီးသာ ကျောင်းသားကို တခါ Institute မှာ သင်ပေးပြီးတော့မှ တခြားနိုင်ငံရပ်ခြားမှာ ပညာသင် ဆက်လှမ်းရမယ့်သဘောပေါ့။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်တို့ Institute မှာ တက်တဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း Certificate ပေးပါမယ်။ ဒီ Certificate ကလည်း Bard College နဲ့ Parami Institute တို့ပေါင်းပြီး တော့ ပေးမယ့် Certificate ဖြစ်ပါမယ်။ ဒီ ကျနော်တို့ Institute မှာ ဘွဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေကို ကျနော်တို့အနေနဲ့ ရန်ကုန်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေ၊ NGO တွေမှာ ကျနော်တို့က အလုပ်တွေ ရဖို့အတွက် ကူညီပြီး Placement တွေ လုပ်ပေးသွားပါမယ်။ တချို့  Bachelor ရထားပြီး ကျောင်းသားတွေကို US, UK, Australia တို့မှာလည်း Master’s Degree တက်ချင်တဲ့ ကျောင်းသားကျောင်းသူတွေလည်း ရှိပါတယ်။ သူတို့တွေကိုလည်း ပါရမီ Institute က လျှောက်တဲ့အခါမှာ အကုန်လုံး ကူညီပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါဆိုရင် ပါရမီ Institute ရဲ့  ထူးခြားချက်ကဆိုရင် အခုလက်ရှိ ဖွင့်ထားတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် သူကလည်း တက္ကသိုလ် တခုအနေနဲ့ဖွင့်မယ်။ အခုတော့ မဖွင့်သေးဘူးပေါ့။ ဒီမဖွင့်ခင်မှာ တက်မယ်သူတွေကဆိုရင် နိုင်ငံရပ်ခြားက ပညာရေးကို မြည်းစမ်းကြည့်နိုင်တယ့်သဘောပေါ့။ ဆိုတော့ အဲဒီလိုမျိုး သဘောဆိုရင် သင်ကြားတဲ့ ဘာသာရပ် - ဘယ်ဘာသာရပ်တွေ သင်ကြားပေးမလဲ။ ပြောပြပေးပါ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်ကတော့ ဓါတုဗေဒနဲ့ PhD ယူခဲ့တဲ့အတိုင်း ဒီ Institute မှာ သင်တဲ့အထဲမှာ ကျနော်အနေနဲ့ Science ကို သင်ပေးသွားပါမယ်။ နောက်ထပ် ဘာသာရပ် (၃) ခု ရှိပါသေးတယ်။ တခုကတော့ Global Economics ဘောဂဗေဒနဲ့ ပတ်သက်ပြီးတော့ ဘာသာရပ်တခု သင်ကြားပေးသွားပါမယ်။ ဒုတိယတခုကတော့ Political Science နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်တဲ့ ဘာသာရပ်တခု သင်ကြားပေးသွားပါမယ်။ တတိယတခုကတော့ Humanity ဝိဇ္ဖာဘာသာရပ်တွေထဲက တခုကို သင်ကြားပေးသွားပါမယ်။ ကျနော်နဲ့ဆို (၄) ဘာသာ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ တက္ကသိုလ်တခုမှာ တကယ်တမ်း သူကို ယုံကြည်တဲ့ Board of Trustees ဆိုတာ ရှိပါတယ်။ ဒီ Trustees တွေထဲမှာ လူတွေ စိတ်ဝင်စားမယ့်လူ ဘယ်သူတွေများ ရထားပါပြီလဲ။ ဘယ်သူတွေ တာဝန်ခံဖို့ ရှိပါလဲ။

ဒေါက်တာကျော်မိုးထွန်း ။ ။ Board of Trustees ဆိုတာ တက္ကသိုလ်တခုမှာ အရမ်းကို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ Board တွေသည် ကောင်းကောင်းရပ်တည်နိုင်တဲ့ Board တွေ မရှိသေးပါဘူး။ ကုမ္ပဏီတွေမှာ Board of Directors တွေ ရှိပါတယ်။ ဒါပေမဲ့ NGO – Not for Profit နဲ့ ပတ်သက်ပြီးတော့ Board ထောင်ပြီးပြီဆိုရင် အဲဒီ Board အများစုက Nonfunctional အလုပ်မလုပ်တဲ့ Board တွေ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ပါရမီအတွက် ဘယ်လိုလူတွေများ ရွေးထားပါလဲ။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်က Board ကို မရွေးသေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ရွေးရင် အန္တရာယ်များလို့ပါ။ Board ရွေးပြီးရင် သူတို့သည် Authority အပြည့် ရှိပါတယ်။ အဲဒီတော့ သူတို့သာသည် ကျနော်တို့ Liberal Education မှာ ယုံကြည်မှု မရှိဘူးဆိုရင် နောက်ပိုင်းမှာ တက္ကသိုလ်ကြီးက ယိမ်းယိုင်နိုင်ပါတယ်။ အဲဒါကြောင့် ဒီ Institute နဲ့ စပြီးတော့ Institute ထဲမှာ ဘယ်သူတွေသည် ကျနော်တို့ Mission, Vision တွေနဲ့ ကိုက်ညီသလဲဆိုတာကို ပထမဦးဆုံး စီစစ်ပြီးတော့ ရွေးချယ်သွားဖို့ ရည်ရွယ်ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ပါရမီတက္ကသိုလ်ကြီး ဖွင့်ဖို့ အားလုံးက အခုမှ ကနဦးအစပျိုးတဲ့အဆင့်။ ဒီလို အစပျိုးတဲ့အဆင့်က တကယ်တမ်း တာဝန်က မသေးလှပါဘူး။ ဒီလိုမျိုး တာဝန်ကြီးကို ထမ်းပြီးတော့ မြန်မာနိုင်ငံက ပညာရေးတိုးတက်အောင် ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ ကိုကျော်မိုးထွန်း ကို အခုလိုမျိုး VOA မှာ လာရောက်ဖြေဆိုပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

ဒေါက်တာကျော်မိုးထွန်း ။ ။ ကျနော်ကလည်း အများကြီး ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG