သုံးရလွယ်ကူစေသည့် Link များ

တပ်နဲ့ အစိုးရ အပေးအယူ ညီတူညီမျှဖြစ်ဖို့ EU သုံးသပ်အကြံပြု


ဥရောပသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ရှေ့ ဆက်တိုးနိုင်ဖို့အတွက် အဓိက နိုင်ငံရေး ဇာတ်ကောင်တွေဖြစ်တဲ့ စစ်ဖက်နဲ့ အရပ်သားအစိုးရကြား အပေးအယူဟာ ညီတူညီမျှ ဖြစ်နေဖို့ လိုအပ်တယ်လို့ ဥရောပသမဂ္ဂရဲ့  မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး Roland Kobia က ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ EU သံတမန်ရေး၊ ကူးသန်းဆက်ဆံမှု အပြည့်အဝ စတင်တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပထမဦးဆုံး EU ဥရောပသမဂ္ဂရဲ့  မြန်မာနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Mr. Roland ဟာ ဒီလကုန်မှာ သူ့ရဲ့  လေးနှစ်တာ တာဝန်ကြိမ် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် VOA က ဒေါ်ခင်မျိုးသက် က သံအမတ်ကြီးကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလို VOA ကို မေးမြန်းခွင့်ပြုတဲ့အတွက် သံအမတ်ကြီးကို ကျေးဇူးတင်ပါတယ်။ EU က မြန်မာနိုင်ငံမှာ သံအဖွဲ့ကို ၂၀၁၃ ခုနှစ်မှာ တရားဝင် စဖွင့်ခဲ့တော့ သံအမတ်ကြီးက ပထမဦးဆုံး သံအမတ်ကြီးအဖြစ်နဲ့ တာဝန်ယူခဲ့တာပါ။ ဆိုတော့ ဒီလေးနှစ်တာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ကိုယ်တိုင်မြင်တွေ့ရတဲ့ မြန်မာနိုင်ငံ အကူးအပြောင်းကာလရဲ့  အနေအထားနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲရှင့်။

Mr. Roland ။ ။ အခုလို VOA ရဲ့  တွေ့ဆုံမေးမြန်းခန်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီမေးခွန်းက အလွန်ပဲကျယ်ပြန့်ပါတယ်။ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီအသွင်ကူးပြောင်းချိန်မှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေဟာ ကြီးမားကျယ်ပြန့်ပြီးတော့ နက်ရှိုင်းလှတဲ့အတွက် ဖြေရှင်းဖို့အတွက် သိပ်ကိုခက်ခဲတာကို တွေ့ရပါတယ်။ ကျနော် EU သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ (၄) နှစ်ကာလကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးကစပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လုပ်နေတာဟာ အတော်ကို ချီးကျူးဖို့ကောင်းပါတယ်။ အတိတ်မျက်နာစာကို လှန်ပြစ်ပြီးတော့ နိုင်ငံသစ် ဖြစ်လာဖို့ ဖြည်းဖြည်းနဲ့မှန်မှန် တည်ဆောက်နေတာ တွေ့ရပြီးတော့ ဒါဟာ တကယ့်ကို ကြီးမားတဲ့ လုပ်ရပ်ပါ။ ဒါကို ကျနော်တို့ EU က ပံ့ပိုးပေးနေတဲ့တချိန်တည်းမှာပဲ အချိန်နဲ့အမျှ လုပ်ကိုင်ဆောင်ရွက်နေတာတွေကိုလည်း တွေ့ရလို့ လေးစားမိပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း လုပ်ဆောင်ခဲ့တာတွေကိုပါ။ တခုက မြန်မာနဲ့ EU ဟာ အခြေအနေ အတော်တူပါတယ်။ EU ထဲမှာလည်း အကူအပြောင်းကာလကို ဖြတ်သန်းနေရတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် လေးစားမှုနဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးကိုပဲ အမြဲလုပ်ဆောင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ကျမ သတိထားမိတာ တစ်ခုကို ပြောရရင် Reuters သတင်းဆောင်းပါးတစ်ခုထဲမှာ သံအမတ်ကြီးရဲ့  ပြောဆိုချက်တွေကို ကိုးကားထားတာ တွေ့ရပါတယ်။ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့  YBS အတွက် ဘတ်စ်ကား အစီး နှစ်ထောင်ဝယ်တဲ့ကိစ္စ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ သံအမတ်ကြီးက စီးပွားကူးသန်းဝယ်ကြီး ဦးသန်းမြင့် ကို ပုဂ္ဂိုလ်ရေးအရ ပေးတဲ့စာထဲမှာ လူထုအတွက် လုပ်ကိုင်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မြင်သာထင်သာ မရှိတာကို ပြောထားတယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး သိပါရစေ။

Mr. Roland ။ ။ ပထမဦးဆုံး ပြောချင်တာက ဒီစာဟာ ကျနော် ပြောသလို ပုဂ္ဂိုလ်ရေးအရ ပေးတဲ့စာပါ။ EU နိုင်ငံတွေအားလုံးရဲ့  သံအမတ်ကြီးတွေနဲ့ EU က မြန်မာနိုင်ငံရဲ့  စီးပွားကူးသန်းရေး ဝန်ကြီးကို ပေးတဲ့စာပါ။ ဒါဟာ ဝေဖန်ပြစ်တင်တဲ့စာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့  စီးပွားရေး နဲ့ ကုန်သွယ်ရေး မူဝါဒတွေကို ချမှတ်တဲ့နေရာမှာ တိုးတက်လာစေဖို့ EU က ဘယ်လို အကူအညီမျိုးကို ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဝန်ကြီးနဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ် ထိုင်ခဲ့ကြတယ်။ ဆွေးနွေးမှုတွေမှာ EU က ပေးတဲ့ အကြံဥာဏ်တွေနဲ့ ပတ်သက်ပြီးတော့ အတိအကျ ဖြစ်စေချင်လို့ စာနဲ့ ရေးပေးဖို့ ဝန်ကြီးက ပန်ကြားခဲ့တဲ့အတွက် အခုလို စာနဲ့ရေးပြီးတော့ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီစာက ဝေဖန်တဲ့စာ မဟုတ်ပါဘူး။ အကြံပေးစာပါ။ ခင်များ ပြောသလို ဒီထဲမှာ ပွင့်လင်းမြင်သာမှုပါပါတယ်။ လူထုအတွက် လုပ်ကိုင်တဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ဈေးပြိုင်စနစ်နဲ့ လုပ်ဆောင်တဲ့နေရာမှာ ထင်သာမြင်သာရှိဖို့ လိုပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာစံနဲ့ ညီဖို့ လိုပါတယ်။ ဒါတင် မကပါဘူး။ ပေးပိုတဲ့စာထဲမှာ ကဏ္ဍမျိုးစုံ ပါဝင်ပါတယ်။ စက်မှုလုပ်ငန်းတွေ အကောက်ခွန်ဌာနနဲ့ ဝင်ငွေခွန် လုပ်ငန်းတွေ ကုမ္ပဏီတွေအပြင် ဥာဏမူပိုင်ခွင့်တွေအထိ ပါပါတယ်။ တကယ်တော့ ထင်သာမြင်သာရှိမှုဆိုင်ရာ အခြေခံမူတွေကို တင်ပြထားတာပါ။ ဒီဘတ်စ်ကားကိစ္စကို ဦးတည်ပြောတာ မဟုတ်ပါဘူး။ အခြေခံမူကို ခြုံပြီးတော့ ပြောထားတာပါ။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံအတွက် မှန်ကန်တဲ့ ဥပဒေတွေ ချမှတ်နိုင်ဖို့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ EU စံတွေကို ချပြတာ ဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒါနဲ့ ပတ်သက်ပြီိး မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ လူထုအတွက် EU က ဘယ်လို အကြံဥာဏ်မျိုးများ ပေးချင်ပါလဲ။

Mr. Roland ။ ။ ကျနော်တို့ မြန်မာနိုင်ငံကိုလာတာ အကြံပေးဖို့ မဟုတ်ပါဘူး။ ကျနော်တို့ဟာ မြန်မာခေါင်းဆောင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ လုပ်သင့်တဲ့ ideas တွေကို ပေးပါတယ်။ ယူဖို့ လုပ်ဆောင်ဖို့ဆိုတာ မြန်မာတွေကိုယ်တိုင် ဆုံးဖြတ်ရမှာပါ။ မြန်မာဟာ EU နဲ့ အတော်တူပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စုပေါင်းနေတဲ့ နိုင်ငံပါ။ ဒါကြောင့် အခုလို အသွင်မတူတဲ့လူတွေ အတူနေနိုင်ဖို့ လုပ်ဆောင်နေတဲ့ EU ရဲ့  စံနမူနာကို ယူမယ်ဆိုရင် မြန်မာနိုင်ငံရဲ့  အနာဂတ်ဟာ တိုးတက်ဖွံ့ဖြိုးလာနိုင်တယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခုလက်ရှိ မြန်မာအစိုးရ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ သံအမတ်ကြီးက ဘယ်လို မြင်ပါလဲ။

Mr. Roland ။ ။ ဒါဟာ သိပ်ကို ရှုပ်ထွေးတဲ့ လမ်းစဉ်ပါ။ နှစ်ပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာမှာ လုပ်ကိုင်ခဲ့တဲ့ ကျနော်ရဲ့  လုပ်သက်တလျှောက်မှာ ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတော်များများကို ကြုံခဲ့ပါဝင် ပတ်သက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့  လုပ်ငန်းစဉ်က အရှု့ပ်အထွေးဆုံးဆိုတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့က အတော်များသလို၊ သမိုင်းကြောင်းကလည်း အတော်ရှည်ပါတယ်။ နောက်အချက်အလက် တော်တော်များများကလည်း ရှု့ပ်ထွေးမှုတွေ ရှိနေတာကြောင့်ပါ။ ဒါကြောင့် အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးအနေနဲ့ ဆက်ပြီးတော့ လုပ်နေတာ၊ ကိုင်နေတာကို တွေ့ရတော့ အတော့်ကို ဝမ်းသာမိပါတယ်။ လက်ရှိ အစိုးရကို ဒါကို ပထမဦးစားပေးအနေနဲ့ လုပ်နေတာတွေအတွက် EU က ကြိုဆိုပါတယ်။ လိုအပ်တဲ့ အကူအညီတွေကိုလည်း ဆက်ပြီးတော့ ပေးနေမှာပါ။ EU က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နှစ်ပေါင်းများစွာ အားပေးခဲ့တာပါ။ နောက်တခု ကျနော် ကြိုဆိုတာက စစ်ဘက်နဲ့ အရပ်သားအစိုးရတို့ကြား ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားနေတဲ့ အချက်ပါ။ ဒါဟာ သိပ်ကို အရေးကြီးပါတယ်။ ဒီနှစ်ခုဟာ နိုင်ငံရေး ဇာတ်ကောင်တွေပါ။ နိုင်ငံတွေကိုကြည့်ရင် စစ်တပ်က နိုင်ငံရဲ့  အချုပ်အခြာအာဏာကို ထိပါးအောင် ကာကွယ်ကြတာ ဖြစ်ပေမယ့်လို့ ဒီနိုင်ငံမှာတော့ စစ်တပ်က နိုင်ငံရေးကဏ္ဍမှာ ပါနေတာပါ။ ဒါကြောင့်လဲ အရပ်သားအစိုးရက စစ်တပ်နဲ့ ပူးပေါင်းနိုင်မယ့် နည်းလမ်းတွေကို ရှာပြီးတော့ ရပ်တည်နိုင်အောင် ကြိုးစားနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်တဲ့နေရာမှာ တဘက်က ရှေ့ တလမ်းတိုးရင်၊ နောက်တဘက်ကလည်း တလှမ်းတိုးနေပါတယ်။ အခုဆက်ဆံရေးကိုကြည့်ရင် အပေးအယူလုပ်တာ၊ ညှိနှိုင်းလုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီိးတော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တကယ်တော့ ရှေ့ ကိုတိုးနိုင်ဖို့ဆိုတာ နှစ်ဘက်စလုံးမှာ တာဝန်ရှိပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံ ရှေ့ ကိုဆက်ဖို့လျှောက်ရာမှာ ဒီအချက်က အဓိကအချက်လို့ ထင်ပါတယ်။

Mr. Roland ။ ။ ထင်ပါတယ်။ တကယ်လဲ ဟုတ်ပါတယ်။ နှစ်ဘက်အပေးအယူ မျှတမှုရှိမှ ရှေ့ ဆက်လှမ်းနိုင်မှာပါ။ ဒါဟာ လုပ်ကိုင်ခဲ့တဲ့ အလုပ်အကိုင်ထဲမှာ အခက်အခဲဆုံး တခုပါ။ တကယ်တော့ နိုင်ငံတနိုင်ငံမှာ စစ်ဖြစ်နေရင် ဒီနိုင်ငံရဲ့  စီးပွားရေးဟာလည်း စစ်စီးပွားရေးပဲ ဖြစ်မှာပေါ့။ ဒီလို စစ်စီးပွားရေးဟာလည်း ဘယ်တော့မှ စီးပွားဖြစ်မလာပါဘူး။ နိုင်ငံအတွက် အကျိုးမဖြစ်သလို လူထုအတွက်လည်း အကျိုးမဖြစ်တဲ့ စီးပွားရေးပါ။ လူတစုအတွက်ပဲ အကျိုးဖြစ်နေလိုပါ။ ဒီအခါမှာ ဒီလူတစုဟာလည်း အကျိုးအမြတ် ရှိနေတာမို့ စစ်ပွဲတွေ ဆက်ရှိနေသရွေ့  အဆင်ပြေနေပါတယ်။ ဒါကြောင့် ဒါမျိုးမဖြစ်အောင်လို့ ငြိမ်းချမ်းရေးရဖို့ လုပ်ရမှာပါ။ ဒါက အချက်တချက်ပါ။

ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီ အသွင်ကူးပြောင်းကာလ စီးပွားရေး အခြေအနေနဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အနေအထားအပေါ်မှာ ဘယ်လို မြင်ပါလဲ။

Mr. Roland ။ ။ ပြီးခဲ့တဲ့ တနှစ်ကျော်ကာလမှာ အဲဒီလမ်းကြောင်းကို ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် တိုးတက်လာတာကို သိသိသာသာ တွေ့ရ့ပါတယ်။ စီးပွားရေးလမ်း ပွင့်လာတယ်လို့ ပြောလို့ရသလို၊ လွတ်လပ်လာပြီးတော့ လွှတ်တော်တွေကလည်း ဥပဒေ အတော်များများကို ပြန်လည်သုံးသပ်တာတွေ၊ တွေ့ရပါတယ်။ လုပ်စရာတွေ အများကြီး ရှိနေသေးပေမယ့်လဲ နှိုင်းယှဉ်ပြောရရင် တိုးတက်လာတာကို တွေ့ရပါတယ်။ အားလုံးကို ခြုံပြောရင်တော့ မြန်မာနိုင်ငံရဲ့  စီးပွားရေးက အတော်ကို အလားအလာ ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ အခွင့်အရေး အလားအလာပါ ကြီးကြီးမားမား ရှိနေတာပါ။

ဒေါ်ခင်မျိုးသက် ။ ။ ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို မြင်ပါသလဲ။ ၂၀၁၂ ခုနှစ်ကနေ စခဲ့တာဖြစ်ပြီး တနေ့တခြား အခြေအနေက ပိုပြီးဆိုးလှတယ်လို့ ဖြစ်နေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံအမတ်ကြီးရဲ့  အမြင်ကို သိပါရစေ။

Mr. Roland ။ ။ ရခိုင်ပြဿနာဟာ ကျနော်တို့ ပြောခဲ့ကြတဲ့၊ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေထဲက အခုထိ မဖြေရှင်းနိုင်သေးတဲ့ နောက် ပြဿနာ တခုပါ။ ဒါဟာ အတော်စိုးရိမ်ရတဲ့ ပြဿနာကြီးတခုပါ။ ဒါဟာ နိုင်ငံတကာကနေ စိုးရမ်နတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ အစိတ်အပိုင်းတခုရာ။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုဆိုင်ရာ ပြဿနာမို့ မြန်မာနိုင်ငံ ကိုယ်တိုင်ကလည်း စိုးရိမ်နေတာပါ။ စိတ်မကောင်းစရာက အခုလို ဖြစ်နေတဲ့ တင်းမာမှုက ဆက်ပြီးတော့ ရှိနေသလို၊ ပိုတိုးလာတဲ့အဖြစ်ပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ နယ်ခြားစောင့်စခန်း အတိုက်အခိုက်ခံရမှုက အခြေအနေသစ်တခုကို ဖန်တီးလိုက်တာပါ။ ဒါဟာ အာဏာပိုင်တွေ အတိုက်အခိုက်ခံရဖို့အတွက် EU က ရှုတ်ချသွားပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က လက်တုံ့ပြန်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာနဲ့ ပတ်သက်လို့ သိပ်ကို စိုးရိမ်မိပါတယ်။ အခုလောလောဆယ်မှာ ဒုတိယသမ္မတဦးဆောင်တဲ့အဖွဲ့က အစီရင်ခံစာ တစောင်ထုတ်ပြီး အနာဂတ်အတွက် ဘယ်လိုလုပ်ဖို့ဆိုတာကို ဆွေးနွေးဖို့ ပန်ကြားထာပါတယ်။ ဒါပေမဲ့ မကြာခင်မှာ တင်သွင်းမယ့် မစ္စတာ ကိုဖီအာနန်ရဲ့  အစီရင်ခံစာ ကို စောင့်ကြည့်ဖို့ လိုမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ပြဿနာရဲ့  အရင်းအမြစ်ကို ဘယ်လို အဖြေရှာမယ်ဆိုတာတွေနဲ့ အကြံပြုချက်တွေ အများကြီး ပါဝင်နိုင်လိုပါ။ တခု သတိထားရမှာက အစွန်းရောက်မှုဟာ အခြာအစွန်းရောက်သူတွေကို ဖိတ်ခေါ်သလို ဖြစ်နေသလိုပါ။ အခုအချိန်ဟာ ဒါကို ထိန်းနိုင်သေးတဲ့ အခြေအနေမှာပါ။

ဒေါ်ခင်မျိုးသက် ။ ။ နောက်တခုကတော့ နိုင်ငံခြား ဆက်ဆံရေးအကြောင်းပါ။ မြန်မာနိုင်ငံဟာ EU, အမေရိကန်၊ အနောက်နိုင်ငံတွေထက် တရုတ်နိုင်ငံကို ပိုပြီးတော့ မျက်နာသာပေးတယ်လို့ ထင်ပါသလား။ တကယ်လို့ ထင်တယ်ဆိုရင် ဘယ်လိုနည်းနဲ့ ချိန်ခွင်လျှာ ပြန်ပြီးတော့ ညှိဖို့ ဘာစဉ်းစားထားပါလဲ။

Mr. Roland ။ ။ ပြောရရင် မြန်မာနဲ့ ဥရောပ သမဂ္ဂကြားမှာ ခိုင်မာတဲ့မိတ်ဆွေ ဆက်ဆံမှု ရှိနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ကျနော် ဒီနိုင်ငံ ရောက်လာချိန်မှာ မြန်မာနိုင်ငံက အတူလက်တွဲ လုပ်ဆောင်ချင်ကြောင့် ပွင့်ပွင့်လင်းလင်း ပြသခဲ့တာမို့ တကယ့်ကို လေးစားမိပါတယ်။ အမှန်ပြောရရင် ဒီလိုပုံစံမျိုးကို လုံးဝမျှော်လင့်မထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ EU က မြန်မာအပါ် အရေးယူဒဏ်ခတ်မှုတွေ ရုတ်သိမ်းပြီးပြီချင်းမှာ ဒီကို လာရတာမို့ ကျနော်ကို ရန်သူသဖွယ် ဆက်ဆံမယ်လို့ ထင်ထားလို့ပါ။ တကယ်တော့ အရေးယူမှုတွေ ပထမဦးဆုံး ရုတ်သိမ်းပေးတဲ့ EU အဖြစ် မြန်မာက အသိအမှတ်ပြုခဲ့တာ ဖြစ်ပြီးတော့ EU ကလည်း အပြောင်းအလဲကို ယုံကြည်တာမို့လို့ နိုင်ငံရေးအရ လုပ်ဆောင်ဖို့ အမြဲတမ်း တွန်းအားပေးခဲ့တာပါ။ တချိန်တည်းမှာပဲ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဒီနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေကို မြန်မာနဲ့ ဆက်ဆံမှုတိုးလို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ EU က အဝေးမှာ ရှိနေသာ ဖြစ်ပြီးတော့ မြန်မာက သူ့ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေထက် ပိုပြီးတော့ ဆက်ဆံရာတာ သဘာဝကျပါတယ်။ ဒါကြောင့် EU အနေနဲ့ ဘာ ချိန်ခွင်လျှာမှ ညှိနေစရာ မလိုပါဘူး။ မြန်မာက သူကြိုက်တာ သူရွေးခွင့်ရှိပါတယ်။ ဒါပေမဲ့ ဥရောပနဲ့ အနောက်နိင်ငံတွေက နိုင်ငံရေးအရ စံတန်းဖို့တချို့ ကို စောင့်ကြည့်ပေးနိုင်ပါတယ်။ မြန်မာလူထုကလည်း သူတို့ဆန္ဒအမှန်ကို ၂၀၁၅ ရွေးကောက်ပွဲမှာ ပြခဲ့ကြတာပါ။

ဒေါ်ခင်မျိုးသက် ။ ။ သမ္မတကြီးက အခု တာဝန်ကုန်ဆုံးတော့မှာမို့ မကြာခင်မှာ မြန်မာနိုင်ငံက ပြန်ပြီးသွားတော့မှာပါ။ မြန်မာနိုင်ငံကို ဘယ်လိုများ အမှတ်ရနေမှာပါ။

Mr. Roland ။ ။ ဒီနိုင်ငံမှာ ကျနော် လေးနှစ် နေခဲ့ရတာပါ။ နေရတဲ့ကာလကလည်း တကယ့်ကို အပြောင်းအလဲကာလ ဖြစ်နေပါတယ်။ ဒါ့အပြင် အပြောင်းအလဲရဲ့  အစပိုင်းအချိန် ဖြစ်နေတာမို့ ဒီလိုအချိန်မျိုးမှာ ရှိနေခဲ့ရတဲ့အတွက် ဂုဏ်ယူမိသလို မိတ်ဆွေအဖြစ်နဲ့ တတ်စွမ်းသလောက် အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ မြန်မာလူမျိုးကို ချစ်တယ်။ မြန်မာနိုင်ငံသားအားလုံး ကြီးပွားချမ်းသာပြီး ကံကောင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

XS
SM
MD
LG