သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC မှ KNU နုတ်ထွက်ရတဲ့ ပြဿနာ


UNFC
UNFC

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ် တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပပြလုပ်ခဲ့တဲ့ UNFC (United Nationalities Federal Council (Union of Burma)) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဆွေးနွေးပွဲကနေ KNU ကရင်အမျိုးသားအစည်းအရုံးက နှုတ်ထွက်သွားခဲ့ပါတယ်။ UNFC အဖွဲ့ဟာ KNU, KIA, မွန်ပြည်သစ်ပါတီအပါအဝင် လက်နက်ကိုင်တိုင်းရင်းသား (၁၂) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ ဖြစ်ပြီး မြန်မာအစိုးရနဲ့ တပြည်လုံးငြိမ်းချမ်းရေး သဘောတူညီချက်ရနိုင်ဖို့အတွက် NCCT (Nationwide Ceasefire Coordination Team) ခေါ်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းအဖွဲ့မှာ တခြားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့နဲ့အတူ ညှိနှိုင်းနေတာလည်း ဖြစ်ပါတယ်။ အခု KNU ရဲ့ နှုတ်ထွက်သွားတဲ့ပြဿနာကြောင့် ဒီလုပ်ငန်းစဉ်မှာ ဘာတွေများ သက်ရောက်မှု ရှိလာနိုင်မလဲဆိုတာကို ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ဖူးတဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့ ဆွေးနွေးထားပါတယ်။

ဦးနိုင်အောင် ။ ။ ဒီဟာကို ပြောဖို့အတွက်က ဖြစ်ပုံနောက်ခံလေးလည်း နည်းနည်းလေး သိတယ်ဆိုလို့ရှိရင်တော့ နည်းနည်းစဉ်းစားလို့ ရမယ်ထင်ပါတယ်။ ပထမ (၁) ချက်ကတော့ UNFC ဖွဲ့လာတုန်းက ကျနော်တို့ လက်နက်ကိုင်တပ်ပေါင်းစု ပုံစံမျိုး ဖွဲ့တာကို။ ကျနော် ကြားသလောက်ကတော့ KNU ခေါင်းဆောင်တွေက လက်နက်ကိုင်တပ်ပေါင်းစုဆိုတာထက် နိုင်ငံရေးတပ်ပေါင်းစု ဖွဲ့သင့်တယ်။ နောက်ပြီးတော့ တသွေးတသံတမိန့် ပုံစံမျိုးထက် နိုင်ငံရေးပိုဆန်တဲ့ဟာမျိုး လုပ်သင့်တယ်ဆိုတဲ့အမြင်မျိုး ခေါင်းဆောင်တွေက တင်ပြပုံဖြစ်တယ်လို့ ကြားတယ်။ အဲဒီအပေါ်မှာ ဖွဲ့စည်းပုံလည်း ပြင်ဖို့အခြေအနေက လောလောဆယ် အဆင်မပြေသေးတဲ့အခါကြတော့ ကျန်တဲ့လူအများစုက ဒီအတိုင်းပဲ ဆက်သွားချင်သေးတယ်။ ဆိုတော့ တကယ်တမ်းပြောရင် တော်လှန်ရေးနယ်မြေထဲမှာ ကြည့်လို့ရှိရင် KNU က တောက်လျှောက်တပ်ပေါင်းစုထဲမှာ ခေါင်းဆောင်မှုယူလာတာလည်း ဖြစ်တယ်။ အဲဒီလိုမျိုးဟာမှာတော့ အားလုံးရဲ့ ညီညွှတ်ရေးနဲ့ ပတ်သက်ရင်တော့ စိတ်မကောင်းစရာတွေ ဖြစ်တာပေါ့။ နောက် ဒီအပေါ်မှာ မူတည်ပြီးတော့လဲ KNU အဖွဲ့အစည်းထဲမှာ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာတွေ ရှိတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် ပထမဦးဆုံး ရှင်းအောင်ထပ်ပြီး မေးချင်တယ် တခုက အစောက ဒေါက်တာနိုင်အောင် ပြောတဲ့အတိုင်းဆိုရင် UNFC အဖွဲ့က အစောပိုင်းက လက်နက်ကိုင်တပ်ပေါင်းစုအနေနဲ့ ဖွဲ့ထားတာ။ ဒါကို အခု နောက်ဆုံးအစည်းအဝေးပွဲမှာတော့ KNU က သူရဲ့ စာတမ်းအကြံပြုချက်မှာ ဒါကို နိုင်ငံရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းဖို့ဆိုတဲ့ အကြံပြုချက်တင်တယ်။ ဒါကို တခြားအဖွဲ့အစည်းတွေက လက်မခံနိုင်လို့ သဘောထား ကွဲလွဲတယ်လို့ အချက်တချက် ဒါကို ပြောချင်တာလား။

ဦးနိုင်အောင် ။ ။ အဲဒါကိုတော့ အခုအချိန်မှာ ဒီလိုလုပ်ဖို့အတွက် အချိန်လိုသေးတယ်။ အချိန်မရဘူးဆိုတဲ့ သဘောပေါ့။ ကျနော် နောက်ဆုံး ညှိနှိုင်းတဲ့အထိမှာ ဒါကိုတော့ လောလောဆယ် လက်ခံထားပြီးတော့ စဉ်းစားသွားမယ်ဆိုတဲ့ အခြေအနေတခုအထိတော့ နောက်ဆုံး ညှိလို့ရခဲ့ကြတယ်လို့တော့ ကြားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဘာကြောင့်များ ဒီလို နိုင်ငံရေးတပ်ပေါင်းစုအနေနဲ့ ပြန်လည်ပြောင်းလဲချင်တဲ့ဆန္ဒ ပေါ်လာရတာလဲ။ ဘာလိုများ ကွဲပြားခြားနားသလဲ။ သဘောတရားအရဆိုရင် UNFC က နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့အဖွဲ့တွေ ပေါင်းစည်းထားတာ မဟုတ်ဘူးလား။ အဲဒါကို ဘာကြောင့်မို့ နိုင်ငံရေးတပ်ပေါင်းစုအနေနဲ့ ပေါင်းချင်တယ်ဆိုတဲ့ စာတမ်းမျိုး သဘောထား တင်ပြချက်မျိုး ပေါ်လာတယ်လို့ ယူဆသလဲ။

ဦးနိုင်အောင် ။ ။ ဒီ UNFC ဖြစ်လာတဲ့ အခြေခံကတော့ KIO ကနေ အပစ်အခတ်ရပ်စဲရေး ပြန်ပြီးပျက်တဲ့အချိန်မှာ ဒီဟာကို စပြီးတော့ ဖော်ဖို့ကြိုးစားတာပေါ့။ အရင်တုန်းကတော့ အားလုံး သိကြတဲ့အတိုင်းပဲ NDF ဆိုတာ ရှိခဲ့ကြတယ်။ အဲဒီမှာ KIO က မပါဘူး။ နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ လုပ်ဖို့ဆိုပြီး ENFCC ဘာညာဆိုပြီး လုပ်ကြတာရှိတယ်ဆိုတော့ အဲဒီအထဲမှာ မပါတဲ့အဖွဲ့တွေ အားလုံးပေါင်းပြီးတော့ ပါအောင်လုပ်နိုင်ရင်နဲ့ UNFC ဆိုတာဖြစ်တာ။ စစချင်း UNFC ဖြစ်တဲ့ ရည်ရွယ်ချက်က ရန်သူကနေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတယ်ဆိုရင် တဖတ်နဲ့တဖတ် အပြန်အလှန် ပူးပေါင်းကူညီနိုင်အောင်ဆိုပြီး စပြီးလုပ်တဲ့ ရည်ရွယ်ချက်ပါ။ နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ ဖြစ်လာတဲ့အခါကြတော့ တခါ UNFC ထဲမှာ အဓိကမထားဘဲနဲ့ အားလုံးစုံအောင် လုပ်နိုင်မယ်ဆိုပြီးတော့ တိုင်းရင်းသားညီလာခံအဆင့်ဆင့်ကနေ နောက်ဆုံး NCCT ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဖို့အတွက် Technical Task Force အဲဒါလေးကို ဖွဲ့လာတာရှိတယ်။ နိုင်ငံရေးအားဖြင့် ပြောမယ်ဆိုရင် UNFC နဲ့ ညှိကြတယ်ဆိုပေမယ့် တကယ်တမ်း အလုပ်ကြတော့ NCCT ထဲမှာ သွားပြီးစုံကြတယ်။ ဆိုတော့ အဲဒီအပေါ်မှာ UNFC ကို ပုံစံပြောင်းဖို့အတွက် KNU ခေါင်းဆောင်တွေက တင်ပြတဲ့သဘောလို ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ အဖွဲ့အစည်း အတိုကောက်စကားလုံးတွေက သာမန်လူတွေအတွက်ဆိုရင်တော့ အတော်လေး ရှုပ်ထွေးစရာ ဖြစ်နေတာပေါ့။ ရှုပ်ထွေးစရာထဲမှာ ထပ်ပြီးတော့ နောက်ထပ် ထပ်ပြောရမယ်ဆိုရင်တော့ Myanmar Peace Center (MPC) ဆိုတာ မြန်မာအစိုးရဖက်ကနေ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးဆောင်ဆွေးနွေးနေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ။ ဦးအောင်မင်းတို့ ဦးဆောင်ပြီးတော့ ဆွေးနွေးနေတဲ့အဖွဲ့။ ဒီ MPC အဖွဲ့ဆိုရင် အစောပိုင်းက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးစကား ပြောတဲ့နေရာမှာ UNFC နဲ့ တခုလုံးအနေနဲ့ စကားမပြောဘဲနဲ့ တဖွဲ့ချင်းဆီ သီးသန့်ဆီ ဆွေးနွေးတာ၊ စကားပြောတာတွေ ရှိခဲ့တယ်။ အဲဒါကြောင့် UNFC ကလည်း ဒီလို တဖွဲ့ချင်းဆီ သီးသန့်စကားပြောချင်ရင်ပြော ဒါပေမဲ့ လက်မှတ်ထိုးတဲ့နေရာမှာတော့ အားလုံး တစုတစည်းတည်း တတိုင်းပြည်လုံး ပါဝင်တဲ့၊ တိုင်းရင်းသားအားလုံး ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထိုးရမယ်ဆိုပြီး သတ်မှတ်ထားတာ ရှိတယ်။ အဲဒီတော့ ဒီကိစ္စမှာ အခု UNFC ကနေ KNU က နှုတ်ထွက်သွားတယ်ဆိုတဲ့ သဘောက အဲဒီ မူလ သဘောတူညီချက်ကို မလိုက်နာတော့ဘူးဆိုတဲ့ သဘောဖြစ်နေသလား။

ဦးနိုင်အောင် ။ ။ ကျနော်တို့ (၂၅) နှစ်အတွင်းမှာ တောက်လျှောက် ကြိုးပမ်းခဲ့ကြတာကတော့ ဘာပဲပြောပြော စုစုစည်းစည်းနဲ့ လုပ်ရင်ကောင်းမယ်။ တပ်ပေါင်းစုနဲ့မှ အောင်ပွဲခံမယ်။ တပ်ပေါင်းစုနဲ့ ဆွေးနွေးတာကောင်းတယ်ဆိုတဲ့ဟာမျိုးကို တောက်လျှောက် ကြိုးပမ်းခဲ့ကြတယ်။ ဆိုတော့ အနည်းဆုံးတော့ NCCT ဆိုတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးဖို့အတွက် တိုင်းရင်းသားတွေ ဖွဲ့ထားတဲ့ အလုပ်အဖွဲ့မှာ ပြောမယ်ဆိုရင်တောင်မှ UNFC ကနေ cover မဖြစ်နိုင်တဲ့ဟာတွေ၊ လတ်တလော လုပ်မယ့်ကိစ္စမျိုးတွေမှာ NCCT အနေနဲ့ စုပြီးလုပ်ကြဖို့ဆိုပြီးမှ တပ်ပေါင်းစုပုံသဏ္ဍာန် လုပ်ကြတာပါ။ နောက် UNFC ထဲမှာ မပါသေးတဲ့အဖွဲ့တွေလည်း ပါနိုင်အောင်အတွက်ကို နောက်ဆုံးလုပ်တဲ့ လိုင်းဇာညီလာခံအထိ တိုင်းရင်းသားတွေရဲ့ကိုယ်စား mandate ကို ပေးနိုင်အောင် လုပ်ကြတဲ့သဘောပါ။ ဆိုတော့ တဖတ်မှာ ပြောမယ်ဆိုရင်တော့ နိုင်ငံရေးပဲ့ကိုင်မှုကို UNFC ပုံစံမျိုးနဲ့ လုပ်တဲ့ပုံစံမျိုး ရှိပြီးတော့ လက်တွေ့ညှိနှိုင်းဆောင်ရွက်တဲ့ နေရာမှာတော့ NCCT ပုံစံမျိုးနဲ့ လုပ်မယ့်ပုံစံမျိုးတော့ အခုသွားချင်နေတဲ့ သွားဖို့ကြိုးစားနေတဲ့အပိုင်းတော့ ရှိပါတယ်။ နောက် KNU အနေနဲ့လည်း အမြဲတမ်းပြောရင်တော့ တပ်ပေါင်းစုအနေနဲ့ အောင်ပွဲခံရမယ်ဆိုတဲ့ကိစ္စမျိုးတော့ ရှိတာပေါ့။ တဖက်တည်းမှာပဲ တချို့ကိစ္စတွေက အားလုံးရင် စုသွားရင် နှေးနိုင်တယ်ဆိုတဲ့ အမြင်များ KNU ခေါင်းဆောင်ထဲက ရှိနိုင်မလားလို့တော့ ဖြစ်ပုံရတယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အားလုံးနဲ့ စုသွားရင် နှေးနေမယ်ဆိုတဲ့ နေရာမှာ KNU အနေနဲ့ လောလောဆယ်အားဖြင့်လည်း အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ထိုးထားပြီးသာ ဖြစ်နေတယ်။ အခု NCCT လို့ခေါ်တဲ့ တိုင်းရင်းသားအဖွဲ့တွေ အားလုံးရဲ့ အပစ်အခတ်စာချုပ် ချုပ်ဆိုရေး လုပ်ငန်းအဖွဲ့ကနေ တင်ပြနေတဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးသဘောတူညီချက်ဆိုတာနဲ့ တဖွဲ့ချင်းဆီ လုပ်ထားတာတွေနဲ့ ဘယ်လိုများ ကွာခြားချက် ရှိနိုင်မလဲ။

ဦးနိုင်အောင် ။ ။ အဲဒါကိုက NCCT က လုပ်တာမဟုတ်ဘူး။ ကျနော်တို့ သတိထားမိမယ်ဆိုရင် ဦးအောင်မင်းတို့ ပါလာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်များမှာ နဂိုမူလတုန်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမယ့်ဆိုတဲ့ ကိစ္စ မပါဘူး။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးတော့ လက်မှတ်တွေထိုးမယ်။ ပြီးလို့ရှိရင် အခုပြောနေတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ လုပ်မယ်ဆိုတာဖြစ်တယ်။ ဒီကြားထဲမှာမှ အစိုးရဖက်ကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လုပ်ဖို့လိုတယ်ဆိုတာကို ပြောတဲ့အပေါ်မှာ တိုင်းရင်းသားတွေက လိုက်ပြီးဖြည့်ဆည်းရတဲ့ကိစ္စလို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုနောက်ဆုံးဖြစ်နေတဲ့ သဘောထား ကွဲလွဲမှုမှာ အထူးသဖြင့် KNU အနေနဲ့ အခု မြန်မာအစိုးရဖက်ကနေ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC နဲ့ ပိုပြီး နီးစပ်မှုတွေ ရှိလာပြီးတော့ သိမ်းသွင်းမှုကို ခံရတယ်ဆိုတဲ့ လက်ညိုးထိုး ပြောဆိုမှုတွေလည်း ရှိနေတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ကော။ အဲဒီလို စွပ်စွဲမှုနဲ့အတူ KNU ထဲမှာ ခေါင်းဆောင်အချင်းချင်းကြား သဘောထားကွဲလွဲမှုလေးတွေ တချို့အရပ်အရောင် ထွက်လာတာလေးတွေ မြင်ရတယ်။ ဗိုလ်ချုပ်မူတူးဆေးဖိုး၊ ပဒိုမန်းငြိမ်းမောင်အဖွဲ့နဲ့ တဖက်က နော်စီဖိုးရာစိန်တို့အဖွဲ့တို့ ကွဲတယ်ဆိုတဲ့ သဘောမျိုးလေးတွေလည်း ကြားနေရတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေါက်တာနိုင်အောင် ဘာတွေကြားသလဲ။

ဦးနိုင်အောင် ။ ။ ဒီနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အထူးသဖြင့် တိတိကျကျ ပြောရရင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ပြောရရင် အမြင်တွေအမျိုးမျိုး ရှိကြပါတယ်။ အတိုချုပ် ပြောမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးကို မြန်မြန် လက်မှတ်ထိုးနိုင်ရင် နိုင်ငံရေးဆွေးနွေးပွဲပေါ်မယ်။ ဒါမှမဟုတ် အခု နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ဖို့ဆိုတာ အပစ်အခတ်ရပ်စဲရေးထဲမှာ သေသေချာချာ ပြောထားမှရမယ်။ သို့မဟုတ် ပြီးခဲ့တဲ့ကာလ အတွေ့အကြုံတွေထဲက အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီးတော့ ဘာမှလဲ နိုင်ငံရေးဆွေးနွေးမှု မဖြစ်သွားတဲ့ (၁၇) နှစ်က အတွေ့အကြုံတွေလည်း KNU ရှိတာကို။ ဆိုတော့ အဲဒီလိုမျိုးလေ အဖျားရှုးသွားမှာ စိုးတဲ့ဥစ္စာမျိုး။ တကယ်တမ်း အပစ်အခတ်ရပ်စဲရေး လုပ်နေပေမဲ့ ရန်သူတပ်တွေက နောက်ဆုတ်သွားတာ မဟုတ်သေတဲ့ ဥစ္စာတွေကလည်း အရင်ထဲကရှိတယ်။ အဲဒီလို စိုးရိမ်မှုပေါ်မှာ သေချာအောင် ဖြစ်ချင်တဲ့ဆန္ဒတွေပေါ်မှာတော့ ချဉ်းကပ်မှုတွေ ကွဲတာတော့ အမှန်ပါပဲ။ ဆိုတော့ အခုလောလောဆယ် ဖြစ်တဲ့ကိစ္စမှာလည်း ဒီဟာတွေရဲ့ စဉ်းစားချက်တွေ ရှိနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်ထင်တာကတော့ အခုလိုမျိုး ပွင့်ပွင့်လင်းလင်း ရှိနေတဲ့အချိန်မှာတော့ KNU ခေါင်းဆောင်မှုက KNU အခုလောလောဆယ်မှာ UNFC ကိစ္စ လုပ်သွားတာလည်း KNU ခေါင်းဆောင်အားလုံးရဲ့ သဘောထားတော့ မဟုတ်ဘူးလေ။ အစည်းအဝေးမှာဖြစ်တဲ့အချိန်မှာပဲ ရုတ်တရက် ဆုံးဖြတ်သွားတဲ့အခါကြတော့ ဒီဟာတွေပေါ်မှာ ပြန်ပြီးတော့ စုစည်းတိုင်ပင်ဖို့ ကြိုးစားကြမယ်လို့ ထင်ပါတယ်။ ပြီးတော့ အခုလို ပွင့်လင်းကာလမှာတော့ တခြား ကချင်အဖွဲ့အစည်း၊ တခြား ကရင်အဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့မှ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်နိုင်ဖို့အတွက် ကြိုးစားသွားနိုင်မယ်လို့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ UNFC အဖွဲ့က နောက်ဆုံး အစည်းအဝေးပြီးသွားလို့ ပြန်လည်ဖွဲ့စည်းတာတောင် ဒုဥက္ကဋ္ဌနေရာနဲ့ ဗဟိုကော်မတီဝင်နေရာတွေမှာ KNU အတွက် ချန်ထားပေးခဲ့တယ်ဆိုတာလဲ တွေ့ရတယ်။ အဲဒီတော့ ပြန်ပြီးတော့ ပေါင်းစည်းလာနိုင်တဲ့ အလားအလာ ဘယ်လောက်အထိ မြင်သလဲခင်များ။

ဦးနိုင်အောင် ။ ။ ကျနော် မြင်ပါတယ်။ အနည်းဆုံးတော့ တော်လှန်ရေးဆိုတာကလဲ လူတစုရဲ့ လက်ထဲမှာရှိတာမှ မဟုတ်တာ။ နောက်ပြီးတော့ ကျနော်တို့ ကျောချင်းမကပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ နှစ်ပေါင်း (၇၀) ကျော်ကြာ အတွေ့အကြုံတွေကလည်း ရှိပြီးသာပါ။ ဆိုတော့ ကျနော် ယုံကြည်တာကတော့ လူထုနဲ့ တော်လှန်ရေးကပဲ အမြင်မတူတာတွေကို စုစည်းပေးသွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဒေါက်တာနိုင်အောင် ပြောတဲ့အထဲမှာပဲ ပြီးခဲ့တဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ လွန်ခဲ့တဲ့ (၁၇) နှစ်ကာလကျော် အတွေ့အကြုံဆိုတာက အဓိကအားဖြင့်တော့ ကချင် KIO အဖွဲ့ရဲ့ အတွေ့အကြုံ ဆိုလိုတာလို့ မှတ်ယူရမှာပေါ့။ ဒီနေရာမှာ အပစ်အခတ်သာ ရပ်စဲပြီးတော့ တကယ့် နိုင်ငံရေးအတွက် ရှေ့မတိုးနိုင်ဖြစ်ခဲ့ရတဲ့ သင်ခန်းစာကို ဒီဖက်က တိုင်းရင်းသားတွေဖက်က အထူးသဖြင့် KNU ဖက်က ဒါကို မယူချင်ဘူးဆိုတဲ့ ပုံစံမျိုးကော တွေ့နေရသလား။

ဦးနိုင်အောင် ။ ။ သူတို့ တွေ့ခဲ့တဲ့ အတိုင်းအတာအထိ ဦးသိန်းစိန်နဲ့ တွေ့ရတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ရတယ်။ ဦးအောင်မင်းတို့နဲ့ တွေ့ရတယ်ဆိုတော့ အရင်တခါတုန်းကမှ မရဘူးတဲ့ ထိတွေ့မှု အနေအထားမျိုး၊ နွေးထွေးမှုအနေအထားပေါ်မှာ တစုံတရာ မျက်စိလည်ကောင်းလည်နိုင်ပါတယ်။ ကျနော် ဒီလိုပဲ သုံးပါမယ်။ ဒါပေမဲ့ ပြဿနာက မြင်တာက ဘာလဲဆိုတော့ ဒီနေ့ စစ်အစိုးရထားနေတဲ့ တိုင်းရင်းသားပြဿနာကို ဘယ်လိုမြင်သလဲဆိုတဲ့ အမြင်ပေါ်မှာတော့ သေသေချာချာ နားမလည်နိုင်ဘဲနဲ့ အပေါ်ယံကြော ဆက်ဆံရေးတောင် တစ်နေရင်တော့ သာယာမှုလို ဖြစ်သွားနိုင်တယ်။ ဆိုတော့ ဒီဟာပေါ်မှာတော့ နည်းနည်းလေး ကိုယ့်လူထု၊ ကိုယ့်တိုင်းရင်းသားရေးအပေါ် အခြေခံပြီးတော့ စဉ်းစားကြည့်သင့်တယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ တိုင်းနိုင်ငံနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့သူ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နဲ့ တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG