သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေ သတင်းထောက် နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းချက်များ


ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ သိသာတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေကို မြင်တွေ့နေရပါတယ်။ ပြည်ပရောက် မြန်မာတွေကို ပြန်လာနိုင်ရေး အစိုးရက တံခါးဖွင့်ပေးခဲ့သလို စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုရေးရာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလာမှု၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က တွေ့ဆုံခဲ့အပြီး တခြား အစိုးရဝန်ကြီးတွေနဲ့ပါ ရင်းရင်းနှီးနှီး ပြောဆိုဆွေးနွေးလာမှု။ အစိုးရရဲ့ လက်ဝေခံ စီးပွားရေးသမားကြီးတွေ လူသိများတဲ့ ဦးအောင်သက်မန်း၊ ဦးဇော်ဇော် စသူတွေကလည်း တရင်းတနှီး လူသိရှင်ကြား နှုတ်ခွန်းဆက် ဆက်ဆံလာမှု စတာတွေဟာ ထူးခြားပါတယ်။

သတင်းလွတ်လပ်ခွင့်အပိုင်းမှာလည်း ပြည်တွင်းမီဒီယာတွေမှာ ဒေါ်စုရဲ့ ဆောင်းပါး၊ အင်တာဗျူးတချို့ ပါလာတဲ့အပြင် ဗွီအိုအေ၊ ဘီဘီစီ၊ အာအက်ဖ်အေ စတဲ့ နိုင်ငံရပ်ခြား သတင်းဌာနတွေကို ရှုတ်ချ တိုက်ခိုက်တဲ့ ကြော်ငြာတွေပါ ရပ်သွားခဲ့ပါပြီ။ ဗွီအိုအေ မြန်မာသတင်းဌာနရဲ့ အယ်ဒီတာ သတင်းထောက် တဦးဖြစ်တဲ့ ဒေါ်ခင်စိုးဝင်းကလည်း ရန်ကုန်နဲ့ နေပြည်တော်တို့ကို တရားဝင် သတင်းသွားရောက်ယူခွင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ် ရန်ကုန်မြို့မှာ ရောက်ရှိနေတုန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာကို ဒီတပတ် ဒီမိုကရေစီရေးရာအစီအစဉ်အဖြစ် တင်ပြပေးပါမယ်။

မြန်မာ့ဒီမိုကရေစီရေးမှာ အဓိကအကျဆုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု မေးခွန်းနဲ့ ဒေါ်ခင်စိုးဝင်း က စတင်မေးမြန်းခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာအစိုးရနဲ့ မမအကြားမှာ ပူးပေါင်းဆောင်ရွက်ကြမယ်။ ပြည်သူလူထုအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြောထားပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေက မလွတ်သေးဘူးဆိုတဲ့ကိစ္စဟာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကို အဟန့်အတား ဖြစ်သွားတယ်လို့ ယူဆပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒါ မဖြစ်အောင်လုပ်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမတို့ အစောကတည်းက ပြောထားပြီးသာပါ။ တွေ့ဆုံဆွေးနွေးပွဲတွေအတွက် ကန့်သတ်ချက်တွေ မထားပါဘူးလို့ ပြောထားတယ်။ အစကတည်းက ဒီဟာလုပ်မှ ဟိုဟာလုပ်မှ ပြောမယ်လို့ ပြောထားတာမှ မဟုတ်တာ။ နောက်ပြီးတော့ အမအမြင်မှာ ဒီလို ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့လည်း တကယ်တော့ ကင်းကွာနေလို့ မဖြစ်ပါဘူး။ အားလုံး အမတို့ လုပ်နေတဲ့အလုပ်တွေက အားလုံး တခုနဲ့တခု ဆက်နွှယ်နေတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့်ကိုလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ပိုပြီးအထောက်အကူ ဖြစ်နိုင်တယ်လို့ ဒီလိုပဲ ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ နောက်တခုက အစိုးရကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ပြန်ပြီး မှတ်ပုံတင်ဖို့ဆိုပြီး တိုက်တွန်းနေတယ်လို့ ကြားသိရပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း လက်ခံလာအောင်လည်း စည်းရုံးနေတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီလိုမျိုး နိုင်ငံရေးပါတီအဖြစ် ရပ်တည်လို့ရအောင် အစိုးရရဲ့ ကမ်းလှမ်းချက်ကို အန်အယ်လ်ဒီ အနေနဲ့ လက်ခံဖို့ ရှိပါသလား။ နောက်ပြီးတော့ တကယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို လက်မခံနိုင်ဘူးဆိုရင် လက်ခံလာနိုင်အောင် ဘယ်အချက်တွေကို ပြင်ပေးစေချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒါတွေက အခြေအနေပေါ်မှာ မူတည်ပါတယ်။ ကမ်းလှမ်းချက်တွေဆိုတာ ကလည်း လူတွေက သူတို့ဘာသာ ထင်ကြေးနဲ့ ပြောနေတာပါ။ ဒါပေမဲ့ အခုအချိန်မှာဆိုရင် အမတို့က စပြီးတော့ စကားပြောတယ်။ တယောက်နဲ့တယောက် စကားပြောတယ်။ တကယ့်ကို ထိထိရောက်ရောက် စကားပြောတဲ့ အဆင့်ကို စနိုင်ပြီးဆိုတာ ဒါကိုပဲ တိုးတက်မှုတခုလို့ အမက ယုံပါတယ်။ အဲဒီတော့ ဒီအချိန်မှာတော့ ဘယ်လိုအသေးစိတ် ဘာတွေဆွေးနွေးနေသလဲဆိုတာကိုတော့ မပြောတာဟာ သိပ်ပြီး သိမ်မွေ့နေတဲ့ အချိန်မှာဆိုရင် ဒီလို ထုတ်ဖော်ပြောလိုက်ခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ခရီးကို ချောချောမောမော မရောက်မှာစိုးလို့ မပြောတာပါ။ ဒါပေမဲ့ နိုင်ငံအပေါ်မှာ အမတို့မှာ တာဝန်ရှိတယ်။ တချိန်တခါမှာတော့ ပြည်သူကို အသိပေးရမယ်ဆိုတာကို သိပါတယ်။ အသိပေးစရာရှိတဲ့အခါကျရင် အသိပေးမှာပါ။ အသိပေးစရာ မရှိသေးတဲ့အချိန်မှာ အသိပေးလိုက်ခြင်းအားဖြင့် နောက်တခါ ဘာမှ အသိပေးစရာ ရှိမလာမှာကိုလည်း စိုးရိမ်ရတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲကြီးကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအပေါ်မှာ အခြေခံပြီးတော့ ပြီးစီးသွားခဲ့ပြီ။ အရပ်သားအစိုးရ ဖွဲ့ပြီးတော့ လွှတ်တော်အစည်းအဝေးတွေလည်း ခေါ်နေပြီ။ အဲဒီတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ပျက်ပျယ်သွားပြီဆိုတဲ့ သဘောမျိုး ယူဆလို့ ရပါပြီလား။ နောက်တခုက ၁၉၉၀ ရွေးကောက်ပွဲရလဒ် မပျက်သေးဘူးဆိုရင် မမအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်ချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ၁၉၉၀ ရွေးကောက်ပွဲက အမတို့က ဘာကို အဓိကထားတာလဲဆိုရင် ပြည်သူရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့ ရွေးကောက်ပွဲဆိုတာကို အဓိက ထားတာပါ။ အရေးကြီးတာက ၁၉၉၀ ရွေးကောက်ပွဲ ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ ပြည်သူ့ရဲ့ဆန္ဒအမှန် ဖြစ်ပါတယ်ဆိုတာ ဒါကို အမတို့က ကိုင်စွဲထားတာပါ။ အာဏာလွှဲပြောင်းရေးတွေ ဘာတွေ တောင်းနေတာ မဟုတ်ပါဘူး။ တချို့က ဒီလိုထင်တယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ဆုပ်ကိုင်ထားတာဟာ အာဏာလွှဲပြောင်းရေးအတွက်လို့ ထင်တယ်။ ဒီလို မဟုတ်ဘူး။

ဒါပေမဲ့ ၁၉၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲတခု ရှိခဲ့တယ်။ ဒီ ရွေးကောက်ပွဲဟာ တရားမျှတတယ်။ ပြည်သူတွေက လွတ်လွတ်လပ်လပ် မဲပေးခဲ့တယ်။ အဲဒီလို လွတ်လွတ်လပ်လပ် မဲပေးခဲ့တဲ့ ရလာဒ်က ဘာလဲဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူက ထောက်ခံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်ကို ပြည်သူက သဘောကျပါတယ်ဆိုတာ အဲဒါတွေ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ခဲ့တယ်ဆိုတာ ဘယ်တော့မှ ဖျက်လို့ရတာ မဟုတ်ပါဘူး။ ဒီဟာကို ဘယ်တော့မှ ဖြိုဖျက်လို့ မရပါဘူး။ ဒီဟာ ဒီလိုပဲ ရပ်တည်နေမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အရပ်သားအစိုးရ ဖြစ်လာပြီပေါ့။ ဒါပေမဲ့ အရပ်သားအစိုးရ ပေါ်လာပေမယ့်လည်း စစ်တပ်ရဲ့ လွှမ်းမိုးမှုပုံစံက မပြောင်းလဲဘူးလို့ အများက မြင်နေပါတယ်။ တကယ်လို့ စစ်တပ်ရဲ့ လွှမ်းမိုးမှု များနေမယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သူတို့ကို ဘယ်လိုအနေအထားမှာ မမအနေနဲ့ ပါစေချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပထမဦးဆုံး ပြောရရင်တော့ မမအနေနဲ့ တပ်မတော်နဲ့ ပတ်သက်လို့ အများကြီး စေတနာထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုဂ္ဂိုလ်ရေး သံယောဇဉ်ပဲဖြစ်ဖြစ် ဖေဖေက ထူထောင်ခဲ့တဲ့ တပ်မတော်ဆိုတော့ အင်မတန်မှ ကမ္ဘာ့အလယ်မှာ စံထားလောက်တဲ့ တပ်မတော်မျိုး၊ အဖွဲ့အစည်းမျိုး ဖြစ်စေချင်တယ်။ အဲဒီတော့ တပ်မတော်က ဘယ်လိုကဏ္ဍမှာလည်း ရှိနေရှိနေ အများကနေ၊ ပြည်သူလူထုကနေ အားကိုးရမယ်။ ပြည်သူလူထုက ချစ်ခင်ရမယ်။ ပြည်သူလူထုက လေးစားရမယ်။ ကမ္ဘာကလည်း လေးစားရမယ်။ ဒီလိုအမြင်မျိုး အမမှာ ရှိတယ်။ ဒီလိုဖြစ်စေချင်တယ်။

အဲဒီတော့ ဒီလိုဖြစ်အောင်လို့ဆိုတာဟာ တပ်မတော်ကိုယ်တိုင်ကလည်း ဒါကို နားလည်လာဖို့ လိုတယ်။ အဲဒီတော့ နောက်ဆုံးကြတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုပြီး အမတို့ ပြောနေတာဟာ နိုင်ငံအတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေတဲ့ လူတွေအချင်းချင်း ညှိနှိုင်းပြီးတော့ တိုင်းပြည်အတွက် အကောင်းဆုံးအခြေအနေကို ရှာဖို့ပဲ။ အဲဒီတော့ ဒီလို အဖြေရှာတဲ့နေရာမှာ တပ်မတော်လည်း ပါရမှာပဲ။ တပ်မတော်ရဲ့ အခန်းကဏ္ဍကို တပ်မတော်ထဲက လူတွေမဟုတ်တဲ့လူတွေက ဆုံးဖြတ်လို့ မရဘူး။ တပ်မတော်ကိုယ်တိုင်ကလည်း မိမိတို့အခန်းကဏ္ဍက ဘာဖြစ်သင့်သလဲဆိုတာကို သေသေချာချာ စဉ်းစားပြီး ပူးပေါင်းဆောင်ရွက်မှ အားလုံးလိုချင်တဲ့ အဖြေတခု ထွက်လာမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းခန်း ဗွီဒီယို ပထမပိုင်း

<!-- AV -->

ဒေါ်ခင်စိုးဝင်း ။ ။ ပြည်ပရောက် မြန်မာတွေ ဘယ်လိုအခြေအနေမျိုးမှာ ပြန်လာသင့်တယ်လို့ ယူဆပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒါက နှစ်ပိုင်းပေါ့။ တပိုင်းကတော့ လူတိုင်းလူတိုင်းက ကိုယ့်ရဲ့ ဆုံးဖြတ်ချက်။ ကိုယ့်ရဲ့ဘဝအတွက် ဆုံးဖြတ်ချက် ချရမယ်။ ဒါကတော့ တာဝန်သိမှုပဲ။ အခု တချို့ကပြောနေတယ်။ အမကိုလည်း ဗွီအိုအေ မေးခွန်းတွေကတဆင့် အာအက်ဖ်အေ မေးခွန်းကတဆင့်ရော မေးကြတယ်။ ပြန်လာသင့်သလား။ အမ အမြဲပြောတယ်။

ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ရမယ်။ ဒါဟာ ကိုယ့်ရဲ့ ဘဝ။ ကိုယ်ဘာသာ သမ္မတကြီးပြောတဲ့ မေးခွန်းကို လေ့လာပြီးတော့ သံရုံးတွေမှာ သွားပြီးတော့ မေးမြန်းစုံစမ်းပြီးတော့ ပြန်လာချင်ရင် ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်။ ကိုယ်မပြန်လာချင်ရင်လည်း ကိုယ့်ဘာသာ ဆုံးဖြတ်ရမယ်။ ဒီဟာကို နိုင်ငံရေးအရ ဘယ်လိုမြင်ရမလဲဆိုရင်တော့ အဲဒါကိုတော့ နည်းနည်းစောင့်ကြည့်ရမှာပေ့ါ။ အခု ပြန်လာတဲ့လူတွေ အခြေအနေ ဘယ်လိုရှိသလဲ။ တချို့ကပြောတာက ဒီလိုပြန်လာပြီးရင် ပြဿနာရှာမှာတို့ဘာတို့။ ဒါကိုတော့ အမလည်း မပြောနိုင်ဘူး။ ဖြစ်မလဲ မဖြစ်ဘူးလားဆိုတာ။ တချို့ကြတော့လည်း ဒီအချိန်မှာ ပြန်လာသင့်သလား နိုင်ငံရေးအမြင်နဲ့ ပြောတာ။ အဲဒီတော့ နိုင်ငံရေးအမြင်နဲ့ ပြန်လာသင့်သလားဆိုတာ ဘာအပေါ်မှာ တည်သလဲဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဘယ်လိုနည်းနဲ့ လှုပ်ရှားချင်သလဲဆိုတော့မှ သိတာပေါ့။ အခုအချိန်မှာတော့ ဗမာပြည်မှာ နိုင်ငံခြားမှာ လှုပ်ရှားတဲ့ ပုံစံနဲ့တော့ လှုပ်ရှားလို့ မရသေးဘူးဆိုတာကတော့ ရှင်းပါတယ်။ နိုင်ငံခြားမှာ လှုပ်ရှားတဲ့ ပုံစံနဲ့ပဲ ဆက်ပြီး လှုပ်ရှားချင်တယ်ဆိုရင်တော့ ဒါကို ရွေးရမှာပေါ့။ ဒါပေမဲ့ အန်အယ်လ်ဒီနဲ့ ဒီမှာလာပြီး လှုပ်ရှားလို့ ရမယ်ထင်လို့ လှုပ်ရှားချင်တယ်ဆိုရင် လာပြီးလှုပ်ရှားနိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုဟာ အောက်ခြေလူထုကို မထိခိုက်ဘူးလို့ အန်အယ်လ်ဒီ စစ်တမ်းတခုမှာ ဖော်ပြထားခဲ့ပါတယ်။ အစိုးရဖက်ကလည်း ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး ကြိုးစားနေပါတယ်။ အဲဒီတော့ နှစ်ဘက်ပူးပေါင်းပြီးတော့ လုပ်ကြမယ်ဆိုလို့ရှိရင် ဒီ ပိတ်ဆို့မှုအပေါ်မှာ မြင်တဲ့သဘောထားတွေကို အဟန့်အတားများ ဖြစ်နိုင်မလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာဟာ ဆွေးနွေးညှိနှိုင်းမှုအပေါ်မှာ အခြေခံတာပေါ့။ ဆွေးနွေးညှိနှိုင်းတယ်ဆိုတာ ဒီလို မတူတဲ့ သဘောထားတွေကို ဆွေးနွေးရမှာပဲ။ မတူတဲ့ သဘောထားတွေရှိလို့ ဆွေးနွေးဖို့လိုတာ။ အဲဒါ အခုဟာ တချို့ကမြင်တာ ပြောင်းပြန်ဖြစ်နေတယ်။ မတူတဲ့ သဘောထားတွေရှိလို့ ဆွေးနွေးလို့ ရပါ့မလား။ မဟုတ်ဘူး ရှိလို့ကို ဆွေးနွေးရမှာပဲ။ မဆွေးနွေးဘဲနဲ့ ဒီလို မတူတဲ့သဘောထားတွေကို ဘယ်လို ဖြေရှင်းမလဲ။

ဒေါ်ခင်စိုးဝင်း ။ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့မနက် ဟိုတယ်လ်မှာနေရင်း အင်တာနက်ဖွင့်လိုက်တဲ့အခါကျတော့ အီးမေးလ်တစောင်ထဲမှာ အမေရိကန်အထက်လွှတ်တော်အမတ် Jim Webb ကနေ press statement ထွက်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ - သူပြောထားတဲ့ press statement ထဲမှာ အတိအကျ ပြောရမယ်ဆိုရင်တော့ သူ့ရဲ့ heading က ခေါင်းစဉ်က “US should be prepared to adjust Burma policy” လို့ ရေးထားပါတယ်။ အဲဒီတော့ သူကပြောတာက မြန်မာနိုင်ငံမှာ အခုလောလောဆယ် ဖြစ်ထွန်းတိုးတက်မှုတွေဟာ ဘာပဲပြောပြော အပြုသဘောဆောင်တယ်လို့ ရေးထားပါတယ်။ ရေးထားပြီးတော့ အဲဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ၂၀၀၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ Burma Freedom and Democracy Act ကို သက်တမ်းတိုးဖို့အတွက်ကို အထက်လွှတ်တော်မှာ မဲခွဲဖို့ ရှိပါတယ်။ အဲဒီတော့ မဲမခွဲခင်မှာ သူတို့က ပြန်ပြီးတော့ ဗမာနိုင်ငံပေါ်မှာ ရပ်တည်ချက်ကို ပြန်သုံးသပ်စေချင်တဲ့သဘော သူက ရေးထားပါတယ်။ အဲဒီတော့ မမအနေနဲ့ Senator Jim Webb ရဲ့ အမြင်ကို ဘယ်လိုသဘောရပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြောင်းသင့်တဲ့အခါ ပြောင်းရမယ်ဆိုတာကိုတော့ သဘောတူတာပေါ့။ ဒါ သူက should be ready ဆိုတာ မမက ဒီဟာကို အဓိပ္ပါယ်တမျိုး ဖော်လိုက်မယ်။ သူကတော့ ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောသလဲတော့ မသိဘူး။ Should be ready ဆိုတာ အသင့်ဖြစ်နေရမယ် - ပြောင်းဖို့။ ပြောင်းဖို့ လိုတဲ့အချိန်မှာ ပြောင်းဖို့ဆိုတာကိုတော့ အသင့်ဖြစ်နေရမှာပေါ့။ ဒါပေမဲ့ ပြောင်းဖို့ အခြေအနေ ရောက်ပြီလား မရောက်သေးဘူးလားဆိုတာကိုလည်း သေသေချာချာ လေ့လာရမှာပေါ့။ စီးပွားရေးအမြင်နဲ့ ဆိုရင်တော့ အမတို့ အမြင်နဲ့တော့ နည်းနည်းမတူဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ အမတို့က စီးပွားရေးကို နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူးဆိုပြီး ယုံကြည်တယ်။ စီးပွားရေးက နိုင်ငံရေးပေါ်မှာ လွှမ်းမိုးတယ်ဆိုတာလည်း မဖြစ်သင့်ဘူး။ ဒီနှစ်ခုကို ညီညီမျှမျှ ကြည့်ပြီး လုပ်သွားရမှာပဲ။

ဒေါ်ခင်စိုးဝင်း ။ ။ အနောက်နိုင်ငံတချို့က မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးပတ်သက်ပြီးတော့ အကူအညီတွေ ပေးဖို့ သူတို့ စိုင်းပြင်းနေကြပါတယ်။ သတင်းတွေလည်း ထွက်နေတာပေါ့။ တကယ်လို့ သူတို့ပေးတဲ့ ဖွံ့ဖြိုးမှု အကူအညီတွေ ရမယ်ဆိုရင် ဘယ်ကဏ္ဍကို မမ အဓိကထားပြီးတော့ ပေးစေချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အမတို့လေ အခု ကြုံတုန်းပြောချင်တာက ဒီလို အနောက်နိုင်ငံတွေကနေ ဖွံ့ဖြိုးရေး။ လူသားချင်းစာနာရေးနဲ့ ပတ်သက်လို့ အထောက်အကူတွေကို ဘယ်တုန်းကမှ အန်အယ်လ်ဒီ က မကန့်ကွက်ခဲ့ပါဘူး။ အဲဒါကို ထပ်ပြီးတော့ ပြောချင်ပါတယ်။ အန်အယ်လ်ဒီ က အမြဲပြောတာဟာ ဒါဟာ transparency မြင်သာမှု ရှိရမယ်။ Accountability တာဝန်ယူမှု ရှိရမယ်။ နောက်ပြီးတော့ independent monitoring အပြင်ကနေ ဒါတွေကို သုံးသပ်နိုင်ရမယ်။ အခြေအနေတွေက ဘယ်လို ကူညီပေးတာတွေက ဘယ်လိုသက်ရောက်မှု ရှိတယ်။ ဘယ်သူတွေက အကျိုးခံစားနေရတယ်။ အဲဒါတွေကို ထင်လင်းမြင်သာမှုနဲ့ ကိုက်ညီရဲ့လားဆိုတာကို သုံးသပ်နိုင်ရမယ်လို့ ပြောထားပါတယ်။ အဲဒါ ဒီဟာအတိုင်းပဲ ဆက်ပြောမှာက ဖွံ့ဖြိုးရေး အကူအညီတွေ ဆိုတာဟာလည်း ဒီလိုပဲ ဘယ်လူတွေက ဘယ်လိုနည်းနဲ့ ရနေသလဲဆိုတာ ထင်ရှားရမယ်။

အဲဒီတော့ အဲဒီမှာ နံပတ်တစ်ကတော့ ပြည်သူတွေ အများဆုံး လိုအပ်တဲ့နေရာကို သွားရမယ်။ မမအနေနဲ့ ဘယ်ဘက်မှာ အများဆုံး လိုအပ်သလဲလို့ မေးလို့ရှိရင်တော့ ရှင်းရှင်းလေးပါပဲ။ လွယ်လွယ်လည်း လွယ်လွယ်လေးပါပဲ ကျန်းမာရေးနဲ့ ပညာရေး။ ဒါဟာ အမတို့ နိုင်ငံအတွက်တင်မကဘူး တကမ္ဘာလုံး ဘယ်မှာမဆို ကျန်းမာရေးနဲ့ ပညာရေးဟာ အရေးကြီးဆုံးပါ။ ဖွံ့ဖြိုးပြီးသား နိုင်ငံတွေက ကျန်းမာရေးနဲ့ ပညာရေး အခြေအနေတွေက ကောင်းနေတာ ကြာပြီဆိုတော့ သိပ်ပြီးအလေးမထားပေမဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးမှာတောင်မှ ဒီ ကျန်းမာရေး ပတ်သက်လို့ Barack Obama, Bill Clintons တို့ အချိန်အထိတောင်မှ အမေရိကန် ကျန်းမာရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြောစရာ ဆိုစရာ နိုင်ငံရေးပြဿနာကြီးတွေလို့ ပြောရမှာပဲ။ ပြဿနာ ဖြစ်နေတုန်း။

မမတို့ကျတော့ စလုံးကနေ စရမှာ ဖြစ်နေတယ်။ ပညာရေးနဲ့ ကျန်းမာရေးဘက်မှာ သုံးတဲ့စရိတ်ကလည်း အင်မတန် နည်းတယ်။ ပြုပြင်စရာတွေလည်း အများကြီး လိုနေတယ်။ အဲဒီတော့ အဲဒီဘက်ကနေ စစေချင်တယ်။ ဒါမှ အမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် စိတ်ချရမှာ။ နောက်ပြီးတော့ စိုက်ပျိုးရေးဘက် ဘာဖြစ်လို့လဲဆိုတော့ အမတို့ ပြည်သူလူထုတွေ အများစုက ကျေးလက်တောရွာမှာ နေပြီးတော့ စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကြောင်း ရှာနေကြသူတွေဆိုတော့ အဲဒါကိုလည်း အလေးထားစေချင်တယ်။ အခုအချိန်မှာတော့ အမ တွေ့သလောက်ကတော့ အဲဒီဘက်ကို သိပ်အလေးမထားကြဘူး။ စက်ရုံကြီးတွေ ဆောက်ဖို့။ စက်မှုလက်မှုဘက်ကို ပိုအလေးထားပြီးတော့ တောင်သူလယ်သမားတွေနဲ့ ပတ်သက်လို့ကတော့ အလေးထားသင့်သလောက် အလေးမထားသေးဘူးလို့ ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန်မြို့နဲ့ နေပြည်တော်ကို သတင်းသွားရောက်ယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ သတင်းထောက် ဒေါ်ခင်စိုးဝင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမေးမြန်းခန်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းချက် ဗွီဒီယို ဒုတိယပိုင်း

<!-- AV -->

XS
SM
MD
LG