သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အကြောင်း တစေ့တစောင်း


နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အကြောင်း တစေ့တစောင်း
နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့အကြောင်း တစေ့တစောင်း

ဦးသန်းလွင်ထွန်း ။ ။ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ လို့ လူသိများတဲ့ ထိုင်းနိုင်ငံအခြေစိုက် ကိုယ်ထူကိုယ်ထ ကျန်းမာရေးလုပ်သားတွေဟာ အမဲရောင်နယ်မြေလို့ မြန်မာအစိုးရသတ်မှတ်ထားတဲ့ မငြိမ်းချမ်းတဲ့ နယ်စပ်ဒေသတွေမှာ စစ်ပြေးဒုက္ခသည်တွေနဲ့ ဒေသခံတွေကို အန္တရာယ်အမျိုးမျိုးကြားကနေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ၁၉၉၈ ခုနှစ်ကနေစပြီး ရနိုင်သမျှ ဆေးဝါးပစ္စည်းတွေကို ကျောပိုးအိတ်ကြီးတွေထဲထည့် ကရင်ပြည်နယ်အတွင်းမှာ တရွာဝင်တရွာထွက် လူထုကျန်းမာရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဒီအဖွဲ့ဟာ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကရင်နီ၊ ရှမ်းပြည်၊ ချင်း နဲ့ ကချင်ပြည်နယ်တွေအထိ လုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်ခဲ့ပါတယ်။ တချိန်က မငြိမ်းချမ်းလို့ အစိုးရကျန်းမာရေး စောင့်ရှောက်မှု စီမံချက်နဲ့ အလှမ်းမမှီခဲ့တဲ့ ဒေသတွေဟာ အခုအချိန်မှာလည်း ထူးမခြားနားဖြစ်နေဆဲပါလို့ ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာမန်းမန်း က ဗွီအိုအေက ပြောဆိုပါတယ်။

ဆရာမန်းမန်း ။ ။ ကျနော်တို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးအဖွဲ့က အခြေခံအားဖြင့်တော့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့၊ စစ်မက်ဖြစ်ပွါးတဲ့နေရာတွေမှာရှိတဲ့ ပြည်သူတွေကို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးတဲ့အဖွဲ့ဖြစ်တယ်။ ကရင်ပြည်နယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် အထူးသဖြင့် နောက်ဖက် ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်အထိ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ ၁၉၉၈ ခုနှစ်ကနေစခဲ့တာ ကျောပိုးအိတ်လုပ်သားပေါင်း (၁၂၀) ကျော်နဲ့ ကျောပိုးအိတ်အလုံးရေ (၃၂) လုံးကို စတင်ခဲ့ပေမယ့် ကနေ့လက်ရှိ ၂၀၁၁ မှာ ကျောပိုးအိတ်အလုံး (၈၄) လုံးနဲ့ ကျန်းမာရေးအလုပ်သမား (၃၀၀) ကျော် ရှိခဲ့ပြီ။ ကျနော်တို့က ဒီနယ်လှည့်ကျန်းမာရေးလုပ်သား မကဘဲ တချို့ volunteer တွေ၊ VHB volunteer တွေလည်း (၇၀၀) ကျော်လောက် ရှိတဲ့အပြင် အရပ်လက်သည်တွေလည်း (၇၀၀) ကျော်လောက်ရှိပါတယ်။ အားလုံးလုပ်ငန်းမှာ (၁၀၀၀) ကျော်လောက် ရှိပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် စသဖြင့် အဲဒီဒေသတွေ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်ကစပြီး ကချင်ပြည်နယ်အထိ လုပ်ငန်းတွေ တိုးချဲ့နိုင်ခဲ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဓိကအားဖြင့် ဘယ်လိုကျန်းမာရေးအခြေအနေမျိုးတွေကို စောင့်ရှောက်ပေးနိုင်တဲ့ အနေအထားရှိပါသလဲ။ ဘယ်လို ပြဿနာမျိုးတွေ ကြုံတွေ့ရသလဲ။

ဆရာမန်းမန်း ။ ။ အခြေခံလုပ်ငန်းသုံးရပ် လက်ရှိဖြစ်ရှိနေတဲ့ ဒေသအတွင်းဖြစ်ပျက်နေတဲ့ ရောဂါတွေကို ကုစားပေးတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ၊ ဝမ်းရောဂါ တို့။ နောက်တခုကတော့ မိခင်နဲ့ခလေး ကျန်းမာရေးစောင့်ရှောက်မှုအတွက် အထူးသဖြင့် ခလေးမွေးဖွါးတဲ့အခါမှာ လုံခြုံစိတ်ချနိုင်တဲ့ ခလေးမွေးဖွါးမှု ဆောင်ရွက်ပေးဖို့အတွက်။ တတိယတခုကတော့ ကျန်းမာရေး ပညာပေးလုပ်ငန်းနဲ့ ကာကွယ်ရေးလုပ်ငန်းတခုကို ဆောင်ရွက်ပေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီဟာက မြန်မာနိုင်ငံမှာရှိတဲ့ အခု ပြည်ထောင်စုအစိုးရရဲ့ အမျိုးသားကျန်းမာရေး စီမံချက်ရဲ့ ပြင်ပလုံးဝ ဆက်စပ်မှုမရှိတဲ့ ပြင်ပလုပ်ဆောင်ပေးနေတဲ့ အခြေအနေဆိုတော့ ဒီလုပ်ငန်းဆောင်ရွက်မှုတွေအတွက် လည်ပတ်မှုအတွက် ဘယ်လိုရန်ပုံငွေတွေ၊ ဘယ်လိုထောက်ပံ့မှုတွေ ရပါသလဲ။

ဆရာမန်းမန်း ။ ။ ကျနော်တို့ လုပ်ငန်းဆောင်ရွက်တဲ့ ဒေသတွေကတော့ လက်ရှိ အစိုးရပဲဖြစ်ဖြစ် အရင် အစိုးရပဲဖြစ်ဖြစ်က လုံးဝလက်လှမ်းမမှီတဲ့ ဒေသတွေမဟုတ်တဲ့အပြင်။ ဒီဒေသတွေကိုလည်း အမဲရောင်နယ်မြေအဖြစ်လည်း သတ်မှတ်ခဲ့တဲ့ ဒေသတွေ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုကိုယ်တိုင် ကိုယ့်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကိုယ်တိုင်ကြိုးစားဆောင်ရွက်ခဲ့တယ်။ နိုင်ငံတကာနဲ့လည်း ၁၉၉၈ ခုနှစ်ကစပြီး တဖြည်းဖြည်း နိုင်ငံတကာ အန်ဂျီအို တွေနဲ့ ဆက်စပ်ဆောင်ရွက်လာတယ်။ အခုထိတော့ နိုင်ငံတော်တော်များများကတော့ ကျနော်တို့ လုပ်ငန်းတွေကို ပံ့ပိုးဆောင်ရွက်တာတွေ ရှိပါတယ်။ ကျနော်တို့ နိုင်ငံတကာ အသိအမှတ်ပြုမှုဆိုတာကတော့ ကျနော်တို့မှာ ထူးထူးခြားခြား မရှိပါဘူး။ တနှစ်ထက်တနှစ်ကတော့ နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ လိုအပ်တဲ့ fund တွေ တိုးချဲ့နိုင်ဖို့အတွက် ကြိုးစားဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဆရာမန်းမန်း ပြောတဲ့အထဲမှာ ဆရာမန်းမန်းတို့ လှုပ်ရှားတဲ့နယ်မြေတွေက အမဲရောင်နယ်မြေတွေလို့ ပြောတယ်။ အဲဒီတော့ ဆရာမန်းမန်းတို့ရဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ လုံခြုံရေးအခြေအနေက အထူးသဖြင့် ဒီလုပ်ငန်းကို စခဲ့တာက ကရင်ပြည်နယ် ငြိမ်းချမ်းရေးမရှိတဲ့ ဒေသတွေမှာ စခဲ့တယ်ဆိုတော့ မြန်မာအစိုးရတပ်ဖွဲ့တွေအနေနဲ့ ဆရာမန်းမန်းတို့ရဲ့ ကျန်းမာရေးလုပ်သားတွေကို ကေအန်ယူ ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ တစိတ်တဒေသအနေနဲ့ သတ်မှတ်မှုတွေ ရှိသလား။ တကယ်လို့များ မတော်တဆ ဆုံစည်းမှုတွေ ရှိခဲ့လိုရှိရင် ဒါမှမဟုတ် သူတို့ လက်လှမ်းမှီတဲ့ မြို့နယ်တွေမှာ သွားရောက်ပြီး ဆောင်ရွက်ခဲ့တာ ရှိခဲ့လို့ရှိရင် အန္တရာယ်ပေးတာတွေ ရှိပါသလား။

ဆရာမန်းမန်း ။ ။ ကျနော်တို့ လှုပ်ရှားလုပ်ငန်းတွေ ဆောင်ရွက်တဲ့ဒေသတွေကတော့ ကျနော်တို့ရဲ့အပေါ်မှာ ဗမာအစိုးရပဲဖြစ်ဖြစ်၊ ဗမာစစ်တပ်ပဲဖြစ်ဖြစ်က ကျနော်တို့ကို ဦးတည်တယ်ဆိုတာထက် ရွာသူရွာသားတွေအားလုံးတွေအပေါ်မှာ သူတို့က အမဲရောင်နယ်မြေဖြစ်တဲ့အတွက် ရွာသူရွာသားတွေကို ဦးတည်ပြီးတော့ target ထားပါတယ်။ ကျနော်တို့ ကျန်းမာရေးလုပ်သားတွေမကဘူး ရွာသားတွေကို ပစ်သတ်တာတွေ၊ ဖမ်းဆီးတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ လုံခြုံရေးက အများကြီးပဲ တွေ့နေရတယ်။ သို့သော်လည်းပဲ ကျနော်တို့ရဲ့ ကျန်းမာရေးပြဿနာကို ကျနော်တို့ကိုယ်တိုင် ဖြေရှင်းဆောင်ရွက်တဲ့အတွက်ကြောင့် ဒီနည်းလမ်းက ကျနော်တို့အတွက် ကိုယ့်ပြဿနာကိုယ်ဖြေရှင်း နည်းလမ်းတရပ်ဖြစ်တယ်။ ပြန်ကြည့်မယ်ဆိုရင် ၁၉၉၈ ခုနှစ်ကစပြီး ကနေ့အထိ ကျန်းမာရေးဝန်ထမ်းတွေ (၉) ဦးလောက် မိုင်းဒဏ်ရာ၊ သေနတ်ဒဏ်ရာနဲ့ ကျဆုံးအသက်ပေးခဲ့ရတာလည်း ရှိပါတယ်။ ဒါတင်မကဘူး ရွေးကောက်ပွဲပြီးနောက်ပိုင်း အရပ်သားအစိုးရလို့ ခေါ်ဆိုဖြစ်ပေါ်လာသော်ငြားလည်း ကနေ့အထိ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကျန်းမာရေးဝန်ထမ်း ကရင်ပြည်နယ်အတွင်းမှာပဲ ကျန်းမာရေးလှည့်လည်ကုသရေးလုပ်သား နှစ်ယောက် အဖမ်းဆီးခံသွားတာကိုလည်း ကြားသိရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုအမှုနဲ့ ဖမ်းသလဲ။

ဆရာမန်းမန်း ။ ။ အမှုကိုတော့ မဆိုလိုပါဘူး။ ဒီဥစ္စာက သူတို့ လုပ်ရိုးလုပ်စဉ် လုပ်ရပ်တွေဖြစ်တယ်။ ကျန်းမာရေး ဆေးဝါးကုသရေးနဲ့ပဲ ဖမ်းဆီးခေါ်ဆောင်သွားတာကို အမြဲတမ်းလိုလို၊ အရင်တုန်းကလည်း ကြုံတွေ့ခဲ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို ဖမ်းဆီးသွားပြီးရင် သူတို့ကို ဘယ်လိုပြစ်ဒဏ် စီရင်မှုတွေ လုပ်မယ်လို့ ယူဆသလဲ။ အဲဒီလို ပြစ်ဒဏ်စီရင်ခံရတာမျိုးတွေ ရှိသလား။

ဆရာမန်းမန်း ။ ။ ကျနော်တို့ အယူအဆကတော့ အထူးသဖြင့် သူတို့ စွပ်စွဲချက်ကတော့ သူပုန်ရဲ့ အသိုင်းအဝိုင်းမှာရှိတဲ့ သူပုန်ရဲ့ ပြစ်မှုအတိုင်းကိုပဲ သူတို့များသောအားဖြင့် စွပ်စွဲတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဒီနောက်ပိုင်း သမ္မတဦးသိန်းစိန် အစိုးရတက်လာတယ်။ အလားတူပဲ ကရင်ပြည်နယ်ထဲမှာဆိုရင်လည်း ကရင်အစိုးရနဲ့ ဝန်ကြီးချုပ်နဲ့ ကရင်ပြည်နယ် ကိုယ်ပိုင်အစိုးရမျိုး ဖြစ်လာတယ်ပေါ့။ အဲဒါဆိုတော့ ဒီ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ သူတို့ အရင်က လက်လှမ်းမမှီတဲ့နေရာတွေ။ အဲဒီနေရာတွေမှာ ပိုပြီး လက်လှမ်းမှီလာအောင် ပြည်သူကို သူတို့ ပိုပြီးစည်းရုံးနိုင်အောင် ဘယ်လိုတိုးချဲ့ လုပ်ဆောင်လာတာတွေ ရှိသလဲ။ တစုံတရာ တိုးတက်မှုအလားအလာတွေ မြင်ရဲလား။

ဆရာမန်းမန်း ။ ။ ယနေ့ထိကတော့ ဗမာအစိုးရဘက်ကပဲဖြစ်ဖြစ်၊ ကရင်ပြည်နယ်အစိုးရဘက်ကဖြစ်ဖြစ်။ အရင်တုန်းကလည်း သူတို့ လက်လှမ်းမမှီခဲ့ဘူး။ အခုထက်ထိ လက်လှမ်းမမှီခဲ့ဘူး။ ကျနော်တို့ လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်နေတဲ့ နေရာတွေမှာ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဒေသတွေက ယနေ့အထိ တိုက်ပွဲတွေဖြစ်ရှိနေတုန်းပဲ။ နေတဓုဝ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်သူလူထုတွေကလည်း ထိုင်းဘက်ကမ်းကို ပြေးလွှာနေရတယ်ဆိုတော့ ဒီဒေသတွေကတော့ ဘယ်လိုမှ ငြိမ်းချမ်းရေးအပြည့်အဝ မရှိသေးဘူး။ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် ပြည်နယ်အစိုးရလည်း ဘာမှ လက်လှမ်းမှီ ဆောင်ရွက်နေတာ မရှိသေးဘူး။ ကျနော်တို့ နယ်လှည့်ကျောပိုးအိတ် လုပ်သားအဖွဲ့တွေနဲ့ ဒီဒေသခံရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကပဲ မိမိရဲ့ ကျန်းမာရေးပြဿနာတွေ လုပ်ငန်းတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဆရာမန်းမန်းတို့ရဲ့ ကျန်းမာရေးလုပ်သားတွေကို ဆရာမန်းမန်းတို့ဟာ လက်နက်ကိုင်အဖွဲ့ မဟုတ်ဘဲနဲ့ ကျန်းမာရေးလုပ်သားတွေ ဖြစ်ပါတယ်ဆိုတာကို ထင်ထင်ရှားရှား သိရအောင်ဆိုရင် နယ်လှည့်သွားလာနေရင်နဲ့ သိအောင်ဆို ဘယ်လို ထူးခြားတဲ့ အမှတ်အသားတွေ လုပ်ထားသလဲ။

ဆရာမန်းမန်း ။ ။ ကျနော်တို့ နယ်လှည့်ကျန်းမာရေးအလုပ်သမားတွေ အမှတ်တံဆိပ်တွေ ရှိတယ်။ ဒီအမှတ်တံဆိပ်တွေပေါ်မှာပဲ ထူးခြားတဲ့ဟာကတော့ ရှိတာပေါ့။ သူတို့လည်း ဒီအမှတ်တံဆိပ်တွေ တွေ့သော်လည်း ဗမာအစိုးရတပ်တွေနဲ့ တွေ့လိုက်ရင် သူတို့အရေးယူ ဆောင်ရွက်တာပဲ။ ဒါက တရားမဝင် အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်မှုကအစ။ ဒါတွေကို သူတို့ အရေးယူ၊ အပြစ်ပေးတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ဘယ်လိုပဲ ကျန်းမာရေးအမှတ်တံဆိပ်တွေထားထား ဗမာစစ်သားအစိုးရတွေက ကျနော်တို့အပေါ်မှာ တွေ့တဲ့အချိန်မှာ အချိန်မရွေး အရေးယူပြီးတော့ ဖမ်းဆီး၊ ပစ္စည်းတွေ သိမ်းတာတွေရှိတာပေါ့။ ဒီဟာကို ကျနော်တို့ အကာအကွယ်မပြုနိုင်သေးဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ICRC နဲ့ပဲ ညှိနှိုင်းမှုတွေနဲ့ ကယ်တင်။ သို့သော်လည်း ကျနော်တို့အပေါ်မှာတော့ မယ်မယ်ရရ အကာအကွယ် မပေးနိုင်သေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ တကယ်လို့များ မြန်မာပြည်မှာ ပြည်တွင်းငြိမ်းချမ်းမှုတွေ ရခဲ့တယ်ဆိုရင်ပေါ့ ကရင်ပြည်နယ်နဲ့ အခုပြဿနာဖြစ်နေတဲ့ နေရာတွေအကုန်လုံးမှာ ငြိမ်းချမ်းလာပြီဆိုရင် ဆရာမန်းမန်းတို့အဖွဲ့တွေအနေနဲ့ လက်ရှိ အဲဒီအချိန်မှာဖြစ်လာမယ့် အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲ။ ဘယ်လိုဆက်လက် ရပ်တည်သွားမလဲဆိုတဲ့ အမြင်ရှိသလဲ။

ဆရာမန်းမန်း ။ ။ ကျနော်တို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ပင်မအခြေခံ ရည်ရွယ်ချက်က ကျနော်တို့ ကျန်းမာရေးလုပ်ငန်း ကနေ့ စစ်ဖြစ်တဲ့ကာလတွေမကဘဲ ကြားကာလမှာပဲဖြစ်ဖြစ်၊ အသွင်ကူးပြောင်းရေးကာလမှာဖြစ်ဖြစ်၊ ပြန်လည်ထူထောင်ရေးကာလမှာပဲဖြစ်ဖြစ် ဆက်လက်ပြီး ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့က လူထုအခြေပြု ကျန်းမာရေး system စနစ်အောက်မှာ ဖွဲ့စည်းထားတဲ့အတွက်ကြောင့်မို့ ကျနော်တို့ ပြန်လည်ထူထောင်ရေးကာလအချိန်ထိ ဒီကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ဖွဲ့စည်းမှုကို တဆက်တည်းလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့်မို့လည်း ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သူတို့အတွက် အာမခံချက်ပေးနိုင်တဲ့ recognition ရှိနိုင်အောင်လည်း ကြိုးစားနေတယ်။ တချိန်တည်းမှာ ပြည်တွင်းကျန်းမာရေးဌာနမှာ ရှိနေတဲ့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အသိအမှတ်ပြုမှု သင်တန်းအနေနဲ့ပဲဖြစ်ဖြစ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ အတတ်ပညာရပ်ပဲဖြစ်ဖြစ် ဒါတွေကို ကျနော်တို့ သင်ရိုးညွန်းတမ်းတွေကအစ တထပ်တည်းဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဆရာမန်းမန်းတို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်းကို လာရောက်ရခြင်းအကြောင်းရင်းက ဘာတွေများ ရှိပါသလဲ။

ဆရာမန်းမန်း ။ ။ အဓိကတော့ အမေရိကန် Public Health Association ကနေ ၁၃၉ ကြိမ်မြောက် သူတို့ရဲ့ annual meeting ပေါ်မှာ ကျနော်တို့လည်း ကျန်းမာရေးပြဿနာ နဲ့ လူ့အခွင့်အရေး ဘယ်လိုဆက်စပ်နေသလဲဆိုတဲ့ ကိစ္စကို လာရောက်တင်ပြပေးခြင်း ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ကျန်းမာရေးပြဿနာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အများကြီးဆက်စပ်နေတယ်ဆိုတာကို တင်ပြချင်တဲ့အတွက်ကြောင့်မို့ ဒီကို ရောက်လာခြင်း ဖြစ်ပါတယ်။ အဓိကအားဖြင့် ကျနော်တို့ ပြောချင်တာကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလပိုင်းမှာ တစ်တချက် ကျနော်ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ တချို့အနေနဲ့ကတော့ ရန်ကုန်နဲ့ အဝန်းအဝိုင်းမှာရှိနေတဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းကတော့ တိုးတက်မှု တစုံတရာ တချို့ ပြောကြားလာသောငြား ကျနော်တို့နယ်စပ်ရှိတဲ့၊ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် စသဖြင့်ကတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာတာကို ပြောစေချင်တယ်။ ဒုတိယအချက်အနေနဲ့က ကျနော်တို့ ကျန်းမာရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အတွက်က ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အများကြီးဆက်စပ်နေတာမို့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖိ့ကို တောင်းဆိုခြင်းတယ်။ နောက်တချက်အနေနဲ့ကလည်း လူ့အခွင့်အရေးချိုးောဖက်မှုကို ရပ်တန့်နိုင်ဖို့အတွက်က ပြည်တွင်းငြိမ်းချမ်းရေးတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေးကို အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တယ့် အပစ်အခတ်ရပ်ဆဲ လွတ်မြောက်မှုကိုတော့ ကျနော်တို့ ဆောင်ရွက်စေချင်တယ်။ အဲဒါမှသာလျှင် ရည်ရှည်တည်တန့်ခိုင်မြဲတဲ့ ကျန်းမာရေး ပြဿနကို ဖြေရှင်းနိုင်သည် - ကျန်းမာပျော်ရွှင်တဲ့ လူဘောင်ပွဲကြီးကို ခြေလှမ်းနိုင်မယ် ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့တော်ကို ခေတ္တရောက်ရှိနေတဲ့ ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ခေါင်းဆောင်တဦး ဖြစ်သူ ဆရာမန်းမန်း ကို မေးမြန်းခဲ့တာပါ။

XS
SM
MD
LG