သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း


မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း
မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အကောင်းမြင် ကြိုဆိုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ်သလို မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ ရုပ်သိမ်းသွားမယ်လို့လည်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီသတင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တိ့ု့ဟာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုအပြီး သတင်းထောက်တွေကို နေအိမ်ရှေ့မှာ တွေ့ဆုံစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ လက်ရှိ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့အတူ သူတို့ ၂ ဦး ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတချို့ကို ရှင်းပြခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြင်သစ် ဘာသာစကားနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတချို့နဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ -

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲ အကျဉ်သား ၆၅၀ ကျော်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးစားရင်း အဖမ်းခံခဲ့ကြရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပြင် ရွှေဝါရောင်တော်လှန်ရေးတွင်း အဖမ်းခံခဲ့ကြရတဲ့ ရဟန်းသံဃာတွေနဲ့ အခြားနိုင်ငံရေး အကျဉ်းသား တော်တော်များများ အကျဉ်းထောင်တွင်းက လွတ်မြောက်လာကြပါပြီ။ ဒါဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တိုးတက်တဲ့ ပြောင်းလဲမှုတွေလို့ လက်ခံထားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ အားလုံး ပါဝင်လာနိုင်ရေး အတွက် လိုအပ်ပါသေးတယ်။” - လို့ ပြင်သစ်ဘာသာစကားနဲ့ ပြောသွားတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေဖို့ ပြင်သစ်နိုင်ငံ အပါအဝင် အီးယူ ဥရောပသမဂ္ဂလို အဖွဲ့တွေက နှစ်ပေါင်းများစွာကတည်းက အတူတကွ ပူးပေါင်း ကူညီလာခဲ့ကြတာပါ။ အခုလည်း မြန်မာနိုင်ငံအတွက် ဆက်ပြီး ကူညီကြဦးမယ် ဆိုတာကို ယုံကြည်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်ဘာသာစကားနဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ခုလို ပြင်သစ်လိုပြောခဲ့တာကို ကျေးဇူးတင်ကြောင်းနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတချို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွတ်လာတာကို ပြင်သစ်နိုင်ငံက အကောင်းမြင်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ပြင်သစ်နိုင်ငံ အပါအဝင် နိုင်ငံတကာက အခု သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေအပေါ် အကောင်းမြင် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ကို ပြင်သစ်က တိုက်တွန်းပါတယ်။” - လို့ ဝန်ကြီး အလန်ယူပေ က ပြောခဲ့တာပါ။

တိုင်းရင်းသားအဖွဲ့ တချို့နဲ့ အောင်အောင်မြင်မြင် သဘောတူနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေအပြင် လက်ရှိ မြန်မာနိုင်ငံတွင်းက အပြောင်းအလဲတွေဟာ ဒီမိုကရေစီစနစ်အတွက် အကောင်းဘက်ကို ဦးတည်နေတယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ တိုင်းရင်းသားအားလုံး ပါဝင်ဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံပေါ် အီးယူအဖွဲ့ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှု အခြေအနေနဲ့ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ အမေးကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ က ပြန်ဖြေရာမှာတော့ -

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာမှု အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြင်သစ်အပါအဝင် အီးယူ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ လျော့ချသွားမှာလို့ သတင်းထောက်တွေကို ဖြေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြင်သစ်နိုင်ငံကနေ ရောက်လာကြတဲ့ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ Legend Of Honor ဆု ချီးမြှင့်တဲ့ပွဲ အခမ်းနားကိုလည်း ဒီကနေ့ ညနေက ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံအမတ်ကြီးရဲ့ နေအိမ်ခြံဝင်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ဟာ မနက်ဖြန် တနင်္လာနေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရအဖွဲ့က တာဝန်ရှိသူ တချိုနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်သလို ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ထဲမှာ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင် မြန်မာပြည်ခရီးစဉ် တစ်ခုလည်း ဖြစ်ပါတယ်။

XS
SM
MD
LG